မနက်ဖြန် (တနင်္ဂနွေနေ့) တွင် ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းပွဲစဉ်အပေါ် ချယ်လ်ဆီးအသင်း ကွင်းလယ်အခင်းအကျင်း၊ တိုးတက်ရန် လိုအပ်နေသည့် ခံစစ်ကြောင်း အနေအထား၊ အာဆင်နယ်အသင်းကို အနိုင်ယူ၊ ကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို ချယ်လ်ဆီးအသင်း ဂန္ထဝင် အသင်းခေါင်းဆောင်ကြီး ဂျွန် တယ်ရီ က သူ၏ YouTube Channel မှတဆင့် ယခုလို ပြောကြားခဲ့ပါသည်..။
အခုရာသီရဲ့ ပထမဆုံး ကြီးမားတဲ့ စားမေးပွဲ..
"(၂) ပွဲ ကစား၊ (၂) ပွဲစလုံး အနိုင်ရထားပြီး အခုဘောလုံးရာသီစစချင်းမှာ တကယ့်စာမေးပွဲ၊ တကယ့် စိန်ခေါ်မှုကြီးတစ်ခု ရောက်လာခဲ့ပါပြီ။ အမှန်အတိုင်းပြောရရင် မနက်ဖြန်ပွဲစဉ်အတွက် ယုံကြည်မှုအပြည့် ရှိနေပါတယ်။ ပရိသတ်တွေရော ကစားသမားတွေပါ အဲဒီလိုပဲ ခံစားနေရမယ်လို့ ထင်ပါတယ်။ လွန်ကဲတဲ့ ယုံကြည်မှုမျိုးတော့ ရှိစရာမလိုပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အာဆင်နယ်အသင်းဟာ ခြေစွမ်းအလွန်ကောင်းနေပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံတွေဆိုတာ မေ့ထားလို့ မရပါဘူး။ ဒါ့အပြင် အခုရာသီမှာလည်း အစကောင်းနေပါတယ်..။ ဒါကြောင့် အာဆင်နယ်အသင်းအပေါ် လေးစားမှုအပြည့် ထားရှိရပါမယ်။
ကျွန်တော်တို့ဘက်က 'အရင်တုန်းက ချယ်လ်ဆီးအသင်းတွေအတိုင်း ပြန်ဖြစ်လာပြီ' ဆိုတဲ့စိတ်မျိုးနဲ့ သွားလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရရှိထားတဲ့သွင်းဂိုးတွေအပေါ်ကပဲ ယုံကြည်မှု တည်ဆောက် သွားရမှာပါ။ ဟုတ်ပါတယ်… ခံစစ်ပိုင်းကို အခုထက်ပိုပြီး ကျစ်လျစ်အောင်လုပ်ဖို့ လိုပါသေးတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ (၁) နှစ်၊ (၂) နှစ်ကထက် မတူညီတဲ့စိတ်ဓာတ်၊ ချဉ်းကပ်ပုံမျိုးနဲ့ အင်းမရိတ်ကွင်းကို သွားရောက် ယှဉ်ပြိုင်နိုင်တာနဲ့တင် ကျွန်တော်တို့အတွက် ကြီးမားတဲ့တိုးတက်မှုတစ်ခု ဖြစ်နေပါပြီ။"
အကောင်းဆုံးတိုက်စစ် vs အကောင်းဆုံးခံစစ်
"တနင်္ဂနွေနေ့ပွဲစဉ်ဟာ ရာသီအစပိုင်းရဲ့ 'အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ်တို့ ရင်ဆိုင်ပွဲ' လို့ ပြောနေကြပါတယ်..။ ဟုတ်ပါတယ်… ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်တို့ရဲ့တိုက်စစ်ဟာ အကောင်းဆုံးတိုက်စစ် ဖြစ်ခဲ့သလို အာဆင်နယ်ကလည်း အကောင်းဆုံးခံစစ်ပိုင်းကို ပိုင်ဆိုင်ခဲ့ပါတယ်..။ ဒီရာသီမှာတော့ ဘာဖြစ်လာမလဲ? စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့အသင်းဟာ ခံစစ်ပိုင်းမှာ အကောင်းဆုံး အခြေအနေ ရောက်ဖို့ အများကြီးကြိုးစားရဦးမှာ ဖြစ်သလို ပထမဆုံး (၂) ပွဲမှာ ဂိုးတွေပေးလိုက်ရတဲ့ ပုံစံမျိုးကိုလည်း ရပ်တန့်နိုင်ဖို့ လိုအပ်နေပါပြီ။
ဒါပေမဲ့ လက်ရှိအသင်းမှာ ဘယ်ခြမ်းရော ညာခြမ်းကပါ ဂိုးတွေအများကြီး ရယူနိုင်နေတဲ့အပေါ် ကျွန်တော်အရမ်း သဘောကျမိနေပါတယ်..။ ကျွန်တော်တို့ရဲ့ ‘No. 9’ ဂျာအို ပီဒရို ဆိုရင်လည်း ယုံကြည်မှုအပြည့်ရှိနေပြီး သူကိုယ်တိုင်လည်း မယုံနိုင်စရာကောင်းလောက်အောင် ကောင်းကောင်း စွမ်းဆောင်နေတာပါ။"

ကွင်းလယ်မှာ ရွေးချယ်စရာ..
"အပြောင်းအရွှေ့ရာသီမှာ ကာမာရာ ကို လွဲချော်ခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အားနည်းချက် ဖြစ်နေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ကိုင်ဆီဒို ရှိနေပြီး ဒီပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ မျှော်လင့်ရပါတယ်..။ ဒီပွဲပြီးရင် လိဒ် ယူနိုက်တက်နဲ့ဖလားပွဲ၊ အဲဒီနောက်မှာ ပွဲစဉ်တွေဆက်တိုက် ရှိနေဦးမှာပါ..။ ဒါ့ကြောင့် တကယ်လို့ သူသာပါဝင်ချင်တယ်ဆိုရင် ဒီလိုပွဲမျိုးကို မလွဲရအောင် ကြိုးစားပါလိမ့်မယ်။
ကစားသမားတွေဟာ တခါတလေမှာ ကြံ့ခိုင်မှု (၉၀- ၉၅ %) ရာခိုင်နှုန်းပဲ ရှိပေမယ့် လာမယ့်သီတင်းပါတ်တွေမှာ အနားရနိုင်တယ်ဆိုတာ သိထားရင် အခုလို ပွဲကြီးပွဲကောင်းမျိုးကိုတော့ သေချာပေါက် ကစားချင်ပါလိမ့်မယ်..။ အဲဒီအချက်ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားတွေ ခေါ်ယူရာမှာ ကောင်းမွန်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းမှာ တစ်ယောက် လိုသွားခဲ့သလို ခံစားရလို့ပါပဲ..။ ဒါပေမယ် ရိစ် ဂျိမ်းစ် လည်း ကွင်းလယ်မှာ ဝင်ပြီးကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
မာလို ဂူစ်တို လည်း အဲ့ဒီနေရာမှာ ကစားနိုင်တာ ကျွန်တော်သိပါတယ်..။ အမှန်အတိုင်း ပြောရရင် သူတို့နှစ်ယောက်စလုံးကို ညာအစွန် နောက်ခံလူနေရာမှာပဲ ပိုပြီးသဘောကျပါတယ်။ ဒါကြောင့် ကိုင်စီဒို ဒဏ်ရာကင်းကင်းရှိနေဖို့ မျှော်လင့်မိတာပါ။ ဂျော်ဒန် ဟန်ဒါဆင် ပါဝင်ရမယ့် အခန်းကဏ္ဍကြီး ရှိနိုင်ပါတယ်။ လာဗီယာ လည်း အခုရာသီမှာ ဒဏ်ရာအနာတရ ကင်းစင်နေဖို့ လိုအပ်ပါတယ်။ အခုရာသီဟာ သူ့အတွက် အရေးကြီးတဲ့ ဘောလုံးရာသီတစ်ခုပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အရန်အဖြစ် ရိစ် ကို ‘No. 6’ ကွင်းလယ်ခံစစ်နေရာမှာ သုံးနိုင်တဲ့ ရွေးချယ်စရာတစ်ခု ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီနေရာအတွက် လုံလာက်တဲ့လူအင်အား ရှိနေပေမယ့် ရိစ် ဂျိမ်းစ် နဲ့ လာဗီယာ တို့နှစ်ယောက်စလုံး ဒဏ်ရာကင်းစင်နေဖို့ အပေါ်မှာလည်း မူတည်နေပါတယ်။ ကိုင်စီဒို တစ်ယောက် အခုသီတင်းပါတ်မှာ ကြံ့ခိုင်မှုပြည့်ဝပြီး ပါဝင်နိုင်ပါစေလို့ မျှော်လင့်ကြစို့ဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ပါပဲ။"

အသင်းလိုက် စုစုစည်းစည်း ခံစစ်ဆင်ကြရမယ်..
"ဇာဘီ အလွန်ဆို ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပေးလိုက်ရတဲ့ သွင်းဂိုးတွေနဲ့ အပိုင်အခွင့်အရေးတွေ ခွင့်ပြုလိုက်ရတဲ့အပေါ် ပြဿနာကြီးတစ်ခုအနေနဲ့ အဓိကထား သုံးသပ်သွားပါလိမ့်မယ်..။ ဒါကြောင့် ခံစစ်ပိုင်းလေ့ကျင်းခန်းတွေမှာ တိုက်စစ်နဲ့ခံစစ် တွဲဖက်တဲ့လေ့ကျင့်ခန်းတွေ အများကြီးလုပ်ဆောင်ပါလိမ့်မယ်။ အခုလက်ရှိမှာ (၃) ယောက်တန်း ခံစစ်ကြောင်းနဲ့ ကစားနေတာဖြစ်ပြီး Wing- back တွေက နောက်ကိုအမြန်ပြန်ဆင်းလာပြီး ဒုနဲ့ခံစစ်ဆင်နိုင်အောင် လုပ်ဆောင်ရမှာပါ..။ ဒါ့ကြောင့် ခံစစ်ပိုင်းမှာ 6 vs 4 ဒါမှမဟုတ် 5 vs 3 လို လူအင်အား အသာစီးရယူတဲ့ လေ့ကျင့်ခန်းမျိုးတွေကို လုပ်ဆောင်ပါလိမ့်မယ်။
ဂျာအို ပီဒရို ဟာ အသင်းရဲ့ အရေးကြီးတဲ့ ထွက်ပေါက် (outlet) အဖြစ် ဘယ်လောက်တောင် အသုံးဝင်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်..။ ဘရိုက်တန်နဲ့ပွဲမှာ ဂိုးသမား အီမီ မာတီးနက်ဇ် က သူ့ဆီလှမ်းပြီး ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်း၊ ဆွဲပြေးပြီး တိုက်စစ်ကို ချက်ချင်းစတင်နိုင်တဲ့ ပြကွက်တစ်ခုကို ကျွန်တော်တို့ မီးမောင်းထိုးပြခဲ့ကြပါသေးတယ်..။ တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီဒီယာ ဒရော့ဘာ တုန်းကလည်း အဲ့ဒီလိုပုံစံနဲ့ အသင်းကိုကူညီပေးခဲ့သလို ညာဘက်အစွန်က ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ် ရှိနေတုန်းကလည်း သူ့ဆီကိုပစ်မှတ်ထား ပေးပို့လို့ရပြီး တိုက်စစ်နိုင်အောင် ကူညီပေးခဲ့ပါတယ်..။
အခုလာမယ့် တနင်္ဂနွေနေ့ပွဲစဉ်မှာ အာဆင်နယ်ဘက်က ပွဲကိုစီးထားနိုင်မယ့် ကာလတွေရှိမှာ သံသယဖြစ်စရာ မလိုပါဘူး..။ သူတို့ဟာ အချိန်အကြာကြီး ဖိအားပေးလာမှာဖြစ်ပြီး တခါတလေ သူတို့ရဲ့ ဖိအားပေးမှုအောက် (၁၀- ၁၅) မိနစ်လောက်ထိ ရောက်နေပါလိမ့်မယ်။ အဲဒီလိုဆက်တိုက် ဖိကစားခံရမှုတွေဟာ ကိုယ့်ရဲ့ဘေးနားက တွဲဖက်ကစားမယ့် နောက်ခံလူရဲ့ အရည်အချင်းကို သိရှိနိုင်မယ့် အခွင့်အရေးကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နည်းပြရော ကစားသမားတွေပါ ခံစစ်ပိုင်းလေ့ကျင့်ခန်းတွေကို အများကြီးပြုလုပ် ထားကြလိမ့်မယ်လို့ သေချာပေါက် ယုံကြည်ထားပါတယ်။ အဲဒီလို သေးငယ်တဲ့အချက်တွေကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လေ့ကျင့်နေခြင်းဖြင့် တစ်ယောက်ရဲ့ကစားဟန်ကို တစ်ယောက်က ကောင်းကောင်းမွန်မွန် နားလည်လာကြပါလိမ့်မယ်..။"

အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုကို ဘယ်လိုကျော်ဖြတ်မလဲ..?
"ဖူးလ်ဟမ်းနဲ့ပွဲမှာရော၊ ဘရိုက်တန်နဲ့ပွဲမှာပါ ကျွန်တော်တို့ဟာ ဆက်တိုက်ဖိအားပေး ခံနေရတဲ့အချိန်တွေမှာ တိုက်စစ်ကစားသမားတွေဆီကို တိုက်ရိုက်ပေးပို့တဲ့ (direct) နည်းလမ်းကိုပဲ သုံးခဲ့တယ်လို့ ခံစားရပါတယ်..။ နောက်တန်းမှာ အပေးအယူတွေ လုပ်မနေကြပါဘူး။ ဂိုးသမား အီမီ မာတီးနက်ဇ် ကလည်း ပြိုင်ဘက်အသင်းရဲ့ pressing ပေးလာကို ကျော်လွှားဖို့နဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ 'No… ငါဟာ ကောင်းကောင်းထိန်းချုပ် ထားနိုင်တယ်' ဆိုတဲ့ပုံစံမျိုးနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာပါ။ ပီတာ ချက်ခ် လည်း မကြာခဏ အဲဒါမျိုး လုပ်ခဲ့တာကို ခင်ဗျားတို့မြင်ဖူးကြပါလိမ့်မယ်..။
‘အကုန်လုံးရှေ့ကို တက်သွားကြ..’ ဆိုပြီးဘောလုံးကို အောက်ချလိုက်တဲ့အခါ ကျွန်တော်အားလုံး အုပ်စုလိုက်ကြီး ကွင်းလယ်ကို တက်သွားကြတာပေါ့။ အဲ့ဒီလို လုပ်လိုက်ခြင်းအားဖြင့် အသင်းကို ပိုပြီး ကျစ်လျစ်၊ စုစည်းသွားစေပါတယ်..။ ကဲ.. ဟုတ်ပါပြီ.. ခံစစ်ကနေ ကစားကွက် စတည်မယ်.. (playing out from the back) ဆိုရင် အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၁) ထဲကအတိုင်း ဗဟိုခံစစ်မှူးနှစ်ယောက်က ဂိုးဧရိယာရဲ့ဘေးတစ်ဘက်၊ တစ်ချက်စီ ဖြန့်ကျက်ပြီး နေရာယူထားပါမယ်..။

အဲဒီအနေအထားမှာ တစ်ဘက်အသင်းရဲ့ pressing က အရမ်းများလာပြီဆိုရင် အဝေးဘောတွေနဲ့ ရှေ့ကိုကန်တင်ဖို့ပဲ ရှိပါတယ်..။ ဒါဆိုရင် တိုက်စစ်ဇုန်နဲ့ ကိုက် ၅၀- ၆၀ လောက် အကွာအဝေးမှာ ရှိနေပါတယ်..။ တိုက်စစ်မှူးနဲ့ နောက်ခံလူတွေရဲ့ကြား အကွာအဝေး သိပ်ကိုများလွန်းနေပါတယ်..(ပုံ- ၂)။

ဒါဆိုရင် ကွင်းလယ် ကစားသမားတွေက ရှေ့ကိုတက်ပေးရပါမယ်..။ နောက်ဆက်တွဲအနေနဲ့ ခံစစ်ဇုန်ကနေ အဝေးဘောတွေနဲ့ ပေးပို့လို့ရသလို အသင်းဟာ ပိုပြီးကျစ်လျစ်လာခဲ့ပြီး ခံစစ်ကြောင်းနဲ့ တိုက်စစ်မှူးတွေ၊ ကွင်းလယ် ကစားသမားတွေရဲ့ကြားထဲက အကွာအဝေးဟာ (၁၅- ၂၀) ကိုက်လောက်ပဲ ရှိပါတော့တယ်..(ပုံ- ၃)။

ဒါ့ကြောင့်ရှေ့က တစ်ဦးတည်းသော အထောင်တိုက်စစ်မှူး ဂျာအို ပီဒရို ဟာ အဝေးဘောတွေကို ချက်ချင်းမထိန်းနိုင်ခဲ့ဘူး.. ဆိုရင်တောင် ကွင်းလယ် ကစားသမား (၃) ယောက်က ပြန်ကျလာတဲ့ second balls..၊ third balls တွေကို အရယူနိုင်ပါလိမ့်မယ်..။
ဘောလုံးကို ပြန်အရယူပြီးတာနဲ့ နောက်ထပ်အရေးကြီးတဲ့အဆင့်က ကိုယ့်ရဲ့ခြေထဲမှာ ဘောလုံးကို ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်..။ ဒါမှလည်း ကိုယ့်အသင်းရဲ့ တောင်ပံကစားသမားတွေ၊ Wing- backs တွေက တိုက်စစ်ဇုန်ထဲကို လိုက်ပါနိုင်ပါလိမ့်မယ်..။ ဒါ့ကြောင့်ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာပဲ တဝဲလည်လည် ဖြစ်နေမယ့်အစား ကွင်းလယ်နဲ့ တိုက်စစ်ဇုန်ထဲကို ဘောလုံးတွေရောက်လာအောင် ပေးပို့နိုင်ပါလိမ့်မယ်..။ ကွင်းလယ်နဲ့ တိုက်စစ်ဇုန်မှာ ဘောလုံးဆုံးသွားခဲ့ရင်တောင် ကိုယ့်ဘက်က နောက်ခံလူ (၄) ယောက်နဲ့ ဂိုးသမား ကျန်နေပါသေးတယ်..(ပုံ- ၄)။

ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ အခုဘောလုံးရာသီမှာ အသင်းတွေဟာ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထိပ်နဲ့ ဘေးဘက်တွေမှာ ဘောလုံးတွေ ဆုံးရှုံးနေကြပါတယ်..။ အစောက ပြောထားသလို ဗဟိုခံစစ်မှူးနှစ်ယောက်က ဂိုးဧရိယာရဲ့ တစ်ဘက်တစ်ချက်မှာ ရှိနေပြီး သူတို့ကြားထဲက နေရာလွတ်ဟာ အကျယ်ကြီးပါပဲ..။ ဒါ့ကြောင့်ပူးတွဲအောက်ကပုံမှာ ပြထားသလို ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်က နောက်ကိုဆင်းပြီး ထောက်ထားဖို့ လိုအပ်ပါလိမ့်မယ်..(ပုံ- ၅)။
ဒါဆိုရင် pressing ပေးမယ့်အသင်းဘက်က အသာစီးရပြီး ဆက်တိုက်ဖိသွားနိုင်မယ့် သဘောပါပဲ..။ ဒါ့ကြောင့်အီမီ မာတီးနက်ဇ် အနေနဲ့ ပြိုင်ဘက်အသင်းရဲ့ pressing ပေးထားတဲ့ဇုန်နောက်က နေရာလွတ်တွေကို ရှာဖွေပြီး ရဲရဲဝံ့ဝံ့ ကန်တင်ရဲဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း တစ်ဘက်အသင်းရဲ့ ဆက်တိုက်ဖိအားပေးမှုကို လျော့ချနိုင်ပါလိမ့်မယ်.။

Five at the back နဲ့ အထိုင်ချမလား..?
"လီဗိုင်း ကိုးဝဲလ် ဟာ နွေရာသီမှာ ကာလရှည်ဒဏ်ရာနဲ့ အချိန်အကြာကြီး အနားယူခဲ့ရပါတယ်။ ဖိုဖာနာ လည်း ဒဏ်ရာအနည်းငယ် ရရှိထားပါတယ်..။ ဒါကြောင့်အခုရာသီမှာ နောက်တန်း (၃) ယောက်တန်း ခံစစ်ကြောင်းကို အသစ်ပြန်လည် စုစည်းခဲ့ရတယ်လို့ ပြောရမှာပဲ။ လာမယ့်တနင်္ဂနွေနေ့ ပွဲစဉ်မှာတော့ အချိန်အတော်များများကို Back five နဲ့ ကစားသွားရဖို့ များပါတယ်..။ အရေးကြီးတာက ကျွန်တော်တို့အနေနဲ့ ပွဲရဲ့အခိုက်အတန့်တွေကို အကောင်းဆုံး စီမံခန့်ခွဲသွားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်မှာ အာဆင်နယ်အသင်းဟာ သိပ်ကိုခြေစွမ်းတည်ငြိမ်နေတဲ့အသင်း ဖြစ်နေတာကြောင့်ပါပဲ..။
ဒါ့ကြောင့်ပွဲရဲ့အခိုက်အတန့်၊ အတက်အကျတွေမှာ စိတ်လှုပ်ရှားမှုရဲ့နောက်ကို လိုက်မသွားမိဖို့ကလည်း အရေးကြီးပါသေးတယ်..။ မနက်ဖြန်ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ ကစားပုံလည်း ကောင်းမွန်မှာပါ..။ ဒါပေမယ့် အိမ်ရှင်အသင်းဟာ သိပ်ကိုကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိလာမှာဖြစ်သလို သူတို့ဆီမှာ ဂိုးတွေသွင်းပေးနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်..။ ခံစစ်ပိုင်း အလွန်တောင့်တင်းသလို ပြိုင်ဘက်အသင်းတွေကို စိတ်ပျက်အားလျှော့သွားအောင်လည်း လုပ်နိုင်စွမ်း ရှိကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ ဖိအားကို နည်းနည်း ခံစားလိုက်ရတဲ့အခါ… အထူးသဖြင့် ဗဟိုခံစစ်မှူး (၃) ယောက်အတွက် ပိုပြီးတော့ ဖိအားတွေ များလာနိုင်ပါတယ်..။ ကျွန်တော်တို့ဆိုရင်လည်း တစ်ချို့ပွဲတွေမှာ ပီတာ ချက် ရဲ့ စွမ်းစွမ်းတမံ ကာကွယ်မှုတွေကို အားကိုးခဲ့ရတဲ့နေ့တွေ ရှိခဲ့ပါတယ်..။ အဲဒီလိုပွဲတွေ မမြင်ချင်ပါဘူး..။ ဘောလုံးတွေကို ရှေ့ကိုများများပို့ရမယ်..၊ သူတို့တွေကို မကြောက်မရွံ့ ရဲရဲရင်ဆိုင်ကြရပါမယ်..။ တွန်းတွန်းတိုက်တိုက်ကစားပြီး ခေါင်းတိုက်ဘောကို ကိုယ့်ဘက်က အရင်ဦးအောင် တိုက်နိုင်ရပါမယ်..။
ကျွန်တော်တို့ဘက်က first ball တွေ၊ ပြန်ကျလာတဲ့ second balls တွေကိုသာ အရယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းကို အနိုင်ယူလို့ ရနိုင်တယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း အဲဒီလိုနည်းလမ်းတွေနဲ့ သူတို့ကိုအနိုင်ယူ၊ သက်သေပြခဲ့ပြီးပါပြီ..။ သူတို့ကိုမာမာထန်ထန်နဲ့ ခပ်ကြမ်းကြမ်း တုံ့ပြန်လိုက်ရင် ခြေစွမ်းပျက်သွားတဲ့ ပျော့ကွက်တစ်ခု အမြဲတမ်းလိုလို ရှိနေတတ်ပါတယ်…။ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ အဲဒီလိုမဟုတ်ဘူးပေါ့..။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ကျွန်တော်တို့က သူတို့ထက်ပိုပြီး ကြံ့ခိုင်မှုပိုကောင်းတယ်လို့ ထင်မိပါတယ်။

ဒါကြောင့် ပွဲအစပိုင်းမှာတင် အသာစီးရရှိအောင် ကစားမလား? သူတို့ရဲ့ကစားကွက်အရှိန်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားမလား? ကျွန်တော်ကတော့ ပွဲအစပထမ (၁၀) မိနစ်၊ (၁၅) မိနစ်အတွင်း ပွဲကိုဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲမလဲ..? ဆိုတဲ့အပေါ်မှာ အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အာဆင်နယ်အသင်းဟာ ပွဲစဉ်ရဲ့အခိုက်အတန့်တွေကို စီမံ၊ ခန့်ခွဲတဲ့နေရာမှာ ပရီးမီးယားလိဂ်မှာ အကာင်းဆုံး ဖြစ်နေလို့ပါပဲ..။ ပြစ်ဒဏ်ဘောရအောင် လဲကျတာ၊ အချိန်ဖြုန်းတာ၊ ဘောလုံးကို ကွင်းရဲ့ဒေါင့်ထောင့်ဆီ ယူသွားတာတွေနဲ့ ပြစ်ဒဏ်ဘောရအောင် လုပ်ယူတာမျိုးတွေမှာ တကယ်ကိုပါးနပ်တဲ့ ကစားသမားတွေ သူတို့ဆီမှာ ရှိနေပါတယ်..။
သူတို့နဲ့ပွဲမှာ မဖြစ်ချင်ဆုံးအရာကတော့ ပွဲအစောပိုင်းမှာတင် ဦးဆောင်ဂိုး ပေးလိုက်ရတာပါပဲ။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ တတ်နိုင်သမျှ စုစည်း၊ ကျစ်လျစ်နေဖို့...၊ ပေးဂိုးမရှိအောင် တတ်နိုင်သမျှ ထိန်းထားရပါမယ်..။ ကျွန်တော်တို့ရဲ့ တိုက်စစ်ကစားသမားတွေဟာ ဂိုးတွေသွင်းယူနိုင်စွမ်းရှိပြီး ဘယ်အချိန်မှာမဆို အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာ သိထားပါတယ်..။"
အာဆင်နယ်ကို ဘယ်လိုနည်းနဲ့ အသာစီးယူနိုင်မလဲ..?
"အက်စတွန် ဗီလာ နဲ့ အာဆင်နယ် ပွဲကို ကြည့်မိတဲ့သူ ရှိကြပါလိမ့်မယ်..။ အဲဒီပွဲမှာ အာဆင်နယ်အသင်းဟာ အားနည်းချက် နည်းနည်းရှိနေသလို မြင်ရပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် ခံစစ်မှူးတွေဟာ အင်မတန် တောင့်တင်းခဲ့ကြပေမယ့် ရာသီတစ်ခုလုံး ခံစစ်အကြီးအကျယ် ပိတ်ဆို့ ကစားခဲ့ရတာမျိုး သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် တနင်္လာနေ့ညက အမှန်တကယ် ခံစစ်ပိတ်ဆို့ရမယ့် အနေအထားတွေ ရောက်လာတဲ့အခါ ကာလာဖီယိုရီ ရော၊ ဘင် ဝှိုက် ပါ ရှေ့ကိုရောက်နေကြတာကြောင့် ဗဟိုခံစစ်မှူး (၂) ယောက်တည်း ထီးထီးကြီး ကျန်ရစ်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်..။
သူတို့တွေဟာ လျှင်မြန်ကြတယ်..၊ ခန္ဓာကိုယ် ကြံ့ခိုင်၊ တောင့်တင်းမှု ကောင်းမွန်ပါတယ်..။ ဒါပေမယ့် ဗဟိုခံစစ်မှူးတွေကို တောင်ပံတွေဘက် ထွက်လာအောင် ဆွဲထုတ်နိုင်ခဲ့ပြီ.. ဆိုရင် နက်တို တို့လို တောင်ပံ ကစားသမားတွေရဲ့ အခန်းကဏ္ဍ အင်မတန်မှ အရေးကြီးလာပါပြီ..။ အထူးသဖြင့် ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ရင်ပေါ့ဗျာ..။ အဲဒီနေ့က ခြေစွမ်းဟာ ကျွန်တော်မြင်ခဲ့ဖူးသမျှ သူ့ရဲ့အကောင်းဆုံးခြေစွမ်း ပြသခဲ့တဲ့ပွဲတွေထဲမှာ ပါဝင်ပါတယ်..။ ဘာဖြစ်လို့ သူ့ရဲ့အခန်းကဏ္ဍ အရေးကြီးတာလဲ..? ဆိုရင် ကာလာဖီအိုရီ ရော၊ ဘင်ဝှိုက် ပါ.. အခုအောက်ကပုံ (ပုံ- ၆) မှာ ပြထားတဲ့ နေရာတွေကို တိုက်စစ်လိုက်ပါရင်း ကျွံထွက်လာတတ်လို့ပါပဲ..။

အရမ်းခက်ခဲတယ်.. ဆိုတာတော့ သိပါတယ်..။ ဒါပေမယ့် ကိုယ့်အသင်းဟာ တတ်နိုင်သမျှ ကျစ်ကျစ်လစ်လစ်၊ စုစုစည်းစည်းနဲ့ ကိုယ့်ဧရိယာထဲကို ဝင်မလာနိုင်အောင် ဘောလုံးတွေကို တတ်နိုင်သမျှ တောင်ပံတွေမှာပဲရှိနေအောင် ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါဆိုရင် အာဆင်နယ်အသင်းကို ဘယ်နေရာကနေ ထိုးနှက်နိုင်မလဲ..?
အပေါ်ကပုံမှာ ပြထားတဲ့ နောက်ခံအစွန်လူတွေရဲ့ နောက်ကနေရာလွတ်တွေဆီ ဘောလုံးပေးပို့ပြီး လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ရပါလိမ့်မယ်..။ ဒါ့ကြောင့်နက်တို ရဲ့ လျှင်မြန်မှုနဲ့ ကစားအားဟာ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မယ်လို့ ထင်မိတာပါ..။ တခါတလေ အဝေးဘောတွေနဲ့ တိုက်စစ်ဆင်ရာမှာ တိုက်စစ်မှူးတွေ၊ တောင်ပံ ကစားသမားတွေဆီကို တိုက်ရိုက်ပေးပို့မှု တစ်ခုတည်း မဟုတ်ပါဘူး..။ ဗဟိုခံစစ်မှူးတွေကို တောင်ပံထွက်ပြီး ဖျက်ထုတ်လာအောင် ဆွဲထုတ်တာလည်း ပါဝင်ပါတယ်..။
ကျွန်တော်ကိုယ်တိုင်လည်း ဗဟိုခံစစ်မှူးတစ်ယောက် ဖြစ်တာနဲ့အညီ အဲဒီလိုတောင်ပံတွေဘက်ထွက်ပြီး အတင်းလိုက် ဖျက်ထုတ်ရတာမျိုးကို မကြိုက်ပါဘူး..။ ဗဟိုခံစစ်မှူးတိုင်းဟာ ကိုယ့်ရဲ့တွဲဖက် ဗဟိုခံစစ်မှူးနဲ့ အလှမ်းကွာဝေးနေတဲ့ အနေအထားကို ဘယ်တုန်းကမှ မနှစ်သက်ပါဘူး..။ ဒါ့ကြောင့်တိုက်စစ်ကို လိုက်ပါရတာ အားသန်တဲ့ ဘင် ဝှိုက်၊ ကာလာဖီအိုရီ တို့ တိုက်စစ်ကို လိုက်ပါနေတဲ့ အခုအောက်ကပုံ (ပုံ- ၇) မှာ ပြထားတဲ့အတိုင်း သူတို့တွေရဲ့နောက်က နေရာလွတ်တွေဆီကို ရအောင် ထိုးဖောက်နိုင်ခဲ့ရင် ဗဟိုခံစစ်မှူးတွေကို ဆွဲထုတ်သလို ဖြစ်သွားပြီး အလယ်ဗဟိုမှာ နေရာလွတ်တွေ ရရှိလာနိုင်ပါတယ်..။

အဲဒီနေရာလွတ်တွေဟာ ကွင်းလယ်က ကစားကွက်ဖန်တီးရှင်တွေရဲ့အကြိုက် နေရာတွေပေါ့ဗျာ.. (ပုံ- ၈)။ ကိုးလ် ပါးမား၊ အက်စ်တီဗာအို.. မော်ဂန် ရော်ဂျားစ် တို့ဟာ အဲဒီလိုအခွင့်အရေးမျိုး ရရှိခဲ့ရင် အမိအရ အသုံးချနိုင်လိမ့်မယ်ဆိုတာ သေချာပေါက် အာမခံတယ်ဗျာ..။
ဒါ့ကြောင့်အာဆင်နယ်အသင်းကို ထိထိရောက်ရောက် ထိုးနှက်ချင်တယ်ဆိုရင် နောက်ခံအစွန်လူ နှစ်ယောက်ရဲ့ နောက်ကနေရာလွတ်တွေနဲ့ သူတို့အသင်း တိုက်စစ်ကျွံသွားချိန် ပြန်ပြီးအရယူနိုင်တဲ့ ဘောလုံးတွေကို ဗဟိုခံစစ်မှူး နှစ်ယောက်ကြားက နေရာလွတ်တွေ ထိုးဖောက်နိုင်ဖို့ပါပဲ..။”

မနက်ဖြန်အတွက် ယုံကြည်မှုအပြည့်ရှိနေမယ့် ချယ်လ်ဆီး
“ကျွန်တော်တို့ ကစားသမားတွေဟာ ယှဉ်ပြိုင်ခဲ့တဲ့ (၂) ပွဲကနေ ယုံကြည်မှုအပြည့် ရရှိနေပါလိမ့်မယ်..။ ကျွန်တော်ကိုယ်တိုင်လည်း မနက်ဖြန်ပွဲအတွက် ဖင်တကြွကြွ ဖြစ်နေရသလို ချယ်လ်ဆီးပရိသတ်တွေလည်း မစောင့်နိုင်အောင် ဖြစ်နေကြပါလိမ့်မယ်..။ ကစားသမားတွေလည်း အဲဒီလို စိတ်အားတက်ကြွမှုတွေကို ကွင်းထဲကနေ ခံစားမိကြပါလိမ့်မယ်..။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ပွဲမစခင်ကွင်းထဲ ရောက်တဲ့အချိန်မှာ အဲ့ဒီလို ကောင်းမွန်တဲ့ အငွေ့အသက်ကို အပြည့်အဝ စုတ်ယူထားလိုက်ကြပါ။ အခုလာမယ့်ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် စာမေးပွဲကြီးတစ်ခု၊ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်ဟာ ကျွန်တော်တို့ရဲ့ ရာသီတစ်ခုလုံးကို အဖြေထုတ်သွားမှာတော့ မဟုတ်ပါဘူး။ သူတို့အသင်းဟာ သိပ်ကိုခြေစွမ်းကောင်းနေတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် သူတို့အပေါ် လေးစားမှုအပြည့် ပေးရပါမယ်။ သူတို့ဆီမှာ ဂိုးသွင်းပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတယ်၊ ခံစစ် ကောင်းမွန်တယ်၊ သိပ်ကိုတောင့်တင်းတဲ့ ကွင်းလယ်အထိုင် ရှိနေပါတယ်။
ဒါကြောင့်မနက်ဖြန်ပွဲစဉ်ဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု၊ ဇာဘီ အလွန်ဆို နဲ့ ကဏ္ဍသစ် ဖွင့်လှစ်နေတဲ့ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး စာမေးပွဲကြီးလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အတွက် ပိုပြီးအရေးကြီးတာက ကစားသမားတွေဘက်က စိတ်ဓါတ်တက်ကြွမှုအပြည့် ရှိနေဖို့လိုအပ်ပါတယ်။ ဘာလို့ဖြစ်လည်းဆိုတော့ ကျွန်တော်တို့ဟာ ပထမဆုံး (၂) ပွဲမှာ ရလဒ်တွေကောင်း၊ အစကောင်းခဲ့ကြလို့ပါပဲ။"

ဂျွန် တယ်ရီ ရဲ့ ခန့်မှန်းချက်
“အာဆင်နယ် ၁ - ၂ ချယ်လ်ဆီး၊ ဂျာအို ပီဒရို.. ကိုးလ် ပါးမား တို့ရဲ့ သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးအသင်း အနိုင်ရပါမယ်..။”