feature-image

ချယ်လ်ဆီးအသင်း ဖြေရှင်းရမည့် ခံစစ်ပိုင်း အားနည်းချက်များ..

အခုအချိန်မှာ နည်းပြဖရန့် လမ်းပတ် ဟာ ပရိသတ်တွေ နှစ်ခြိုက်ရတဲ့ ကစားပုံမျိုးနဲ့ ချယ်လ်ဆီးအသင်းကို ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမား အများစုနဲ့ တည်ဆောက်ထားပြီး ဖျော်ဖြေမှုအပြည့် ပေးနိုင်တယ်..၊ ကစားပုံ လျှင်မြန်သွက်လက်ပြီး တိုက်စစ်ကို ဦးစားပေးပါတယ်..။ ဒါပေမယ့် သူ့ရဲ့အသင်းမှာ အဓိကမြင်တွေ့နေရတဲ့ အားနည်းချက်ကတော့ ခံစစ်ပိုင်းမှာဖြစ်နေပြီး သွင်းဂိုးတွေကို လွယ်လွယ်ကူကူပဲ ခွင့်ပြုနေရခြင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်လက်ရှိချယ်လ်ဆီးအသင်းမှာ ကြုံတွေ့နေရတဲ့ ခံစစ်ပိုင်း ပြသနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ..?

ပထမဆုံးအနေနဲ့ သူ့ရဲ့အသင်းမှာ လူတိုင်းသာ ကြံ့ခိုင်မှု ပြည့်ဝနေခဲ့မယ်ဆိုရင် နောက်တန်းလေးယောက် ခံစစ်ကြောင်းကို ဘယ်သူတွေနဲ့ ပွဲထွက်စေမလဲ..? ဆိုတဲ့ မေးခွန်းပါ..။ အစဉ်အလာနဲ့ခြေစွမ်းအရဆိုရင် အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား၊ အီမာဆန် နဲ့ ဗဟိုခံစစ်မှူးတွေအဖြစ် အန်တိုနီယို ရူဒီဂါ၊ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့ကိုပဲ ဖြစ်ရမှာပါ.။ ဒါပေမယ့် ဆီဇာ အက်ဇ်ပီလီကွဲတား ကလွဲရင် ကျန်တဲ့ကစားသမား သုံးယောက်ထဲက အန်တိုနီယို ရူဒီဂါ က ဒဏ်ရာပြသနာထဲက ရုန်းမထွက်နိုင်သေးသလို အီမာဆန်၊ ခရစ်စ်တီယန်ဆန် တို့ရဲ့ ခြေစွမ်းတွေအပေါ် ဖရန့် လမ်းပတ် ဟာ အရမ်းကြီး ကျေနပ်လှပုံ မရပါဘူး..။ ဒါ့ကြောင့် မားကို့စ် အလွန်ဆို၊ ကတ် ဇူးမား နဲ့ ဖီကာရို တိုမိုရီ တို့ဟာ ပွဲစဉ်အများစုမှာ နေရာရလာခဲ့ပြီး အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်..။ အထူးသဖြင့် ကတ် ဇူးမား နဲ့ ဖီကာရို တိုမိုရီ တို့နှစ်ယောက်ဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အဓိက ခံစစ်အထိုင်လို့ ပြောလို့ရတဲ့ အနေအထားပါပဲ..။

ဘောလုံးကစားနည်းမှာ ခံစစ်ပိုင်း တောင့်တင်းဖို့ဆိုရင် တည်ငြိမ်တဲ့ ခံစစ်အထိုင် အတွဲအစပ် ရှိသင့်တယ်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဗဟိုခံစစ်မှူးတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ကောင်းမွန်စေဖို့..၊ အခြေအနေပေါ် မူတည်ပြီး ဘယ်သူတက်မယ်..၊ ဘယ်သူကဆင်းမယ် စသဖြင့် အတက်အဆင်း ညီစေဖို့နဲ့ နောက်ခံအစွန်လူတွေ ရှေ့တက်သွားတဲ့အခါ လွတ်သွားတဲ့ ကွက်လပ်တွေကို ကာကွယ်ပေးဖို့..၊ ခံစစ်ကြောင်းကို အကြားအလပ်မရှိ ထိန်းညှိနိုင်ဖို့ နောက်ခံလူတွေကြားမှာ နားလည်မှု တည်ဆောက်ဖို့ အချိန်ယူရပါတယ်..။ ဒါ့ကြောင့်နောက်ခံအထိုင် လေးယောက်ကို တစ်ပွဲနဲ့တစ်ပွဲ အပြောင်းအလဲတွေအမျိုးမျိုး ပြုလုပ်နေခြင်းဟာ အမြဲတမ်းအစကနေ ပြန်စသလို ဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုကောင်းမွန်ဖို့ ခက်ခဲစေပါတယ်..။ တခါတရံမှာ ဒဏ်ရာပြသနာကြောင့် အစားထိုးရတာမျိုးတွေ ရှိတတ်ပေမယ့် ဖရန့် လမ်းပတ် အနေနဲ့ ဟန်ချက်ညီတဲ့ ခံစစ်အထိုင်တစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးစားရပါဦးမယ်..။

အခုနှစ်ဘောလုံးရာသီမှာ ပြိုင်ဘက်အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ချယ်လ်ဆီးအသင်း ခွင့်ပြုလိုက်ရတဲ့ဂိုးတွေကို ပြန်ကြည့်မယ်ဆိုရင် လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး အသင်းတွေကို ရှံးနိမ့်ခဲ့တဲ့ ပွဲတိုင်းမှာ အနည်းဆုံး နှစ်ဂိုးစီတော့ ခွင့်ပြုခဲ့ရပါတယ်..။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗလင်စီယာအသင်းကို နှစ်ပွဲပေါင်းသုံးဂိုး၊ အိုင်းယက်စ်အသင်းကို လေးဂိုး ခွင့်ပြုခဲ့ရပါတယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းမှာ ဖြေရှင်းရမယ့် ပြသနာတွေ ရှိနေတာ အသေအချာပါပဲ..။



ဒီနှစ်ဘောလုံးရာသီမှာ ဖရန့် လမ်းပတ် ဟာ ဆီဇာ အက်ဇ်ပီလီကွဲတား ကို ဇူးမား၊ တိုမိုရီ တို့နဲ့ တွဲဖက်ပြီး သုံးယောက်တန်း ခံစစ်ကြောင်း (3 back system) နဲ့ ခံစစ်အထိုင် ကစားခဲ့တဲ့ပွဲတစ်ချို့ ရှိခဲ့ပါတယ်..။ ဒီလိုနည်းအားဖြင့် နောက်ခံအစွန်လူတွေဟာ ကွင်းလယ်ကစားသမား နှစ်ယောက်နဲ့အတူ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်ပါတယ်..။ တိုက်စစ်မှာတော့ တောင်ပံလူနှစ်ယောက်ကို တိုက်စစ်မှူးနဲ့ အနီးကပ် တွဲဖက်ကစားမယ့် (link p play) ကွင်းလယ်ဖန်တီးရှင်များ (No.10) အဖြစ် ပါဝင်ခဲ့ပါတယ်..။ ၃- ၄- ၃ အခြေပြု ကစားကွက်ဟာ ခံစစ်မှာ နောက်ထပ်တစ်ယောက် ထည့်သွင်းပြီး အားဖြည့်ခဲ့ခြင်း ဖြစ်တာကြောင့် လိုအပ်နေတဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုကို ပိုမိုရရှိစေနိုင်ပါတယ်..။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ခံစစ်သမား တစ်ယောက်အတွက် ကွင်းလယ်ကစားသမား တစ်ယောက် ပေးလိုက်ရမှာ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းမှာ ထိခိုက်နိုင်ပါတယ်..။

ဒါ့ကြောင့် လေးယောက်တန်း ခံစစ်ကြောင်း (back four) ကပဲ ပိုပြီးသင့်လျော်သလို အခုနှစ်ဘောလုံးရာသီမှာ အသုံးအများဆုံး ခံစစ်အထိုင် ကစားကွက်လည်း ဖြစ်ပါတယ်..။ ဒီနေရာမှာ ခံစစ်ပိုင်း ကစားသမားတွေအကြား တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မကောင်းလို့ အခုလို ပေးဂိုးတွေကို ခွင့်ပြုနေရတာလား..? ဒါမှမဟုတ် နောက်တန်းကို အားဖြည့်ပေးနိုင်မယ့် ကွင်းလယ်ခံစစ်ပိုင်း အားနည်းတာကြောင့် အခုလိုခံစစ်ပိုင်း အားနည်းနေတာလား..? ဆိုပြီး မေးစရာ ရှိလာပြန်ပါတယ်..။

ဖရန့် လမ်းပတ် ရဲ့ ကွင်းလယ်ကစားသမားတွေကို ပြန်ကြည့်မယ်ဆိုရင် မက်တီယို ကိုဗာဆစ် ဟာ သူ့ရဲ့လက်ထက်မှာ အကောင်းဆုံးခြေစွမ်းကို ပြသနေသလို ဂျော်ဂင်ဟို ကလည်း နှစ်ယောက်တန်း ကွင်းလယ်ကစားကွက်မှာ ခြေစွမ်းကောင်းတွေ ရရှိနေပါတယ်..။ ဒါဆိုရင် ပြသနာက ဘယ်နေရာမှာ ရှိနေတာပါလဲ..? ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အထိုင်နဲ့ ပတ်သက်ရင် အန်ဂိုလို ကန်တေး ဟာ သုံးယောက်တန်း ကွင်းလယ်ကစားကွက်ရဲ့ ညာအစွန် ကွင်းလယ်ကစားသမားအဖြစ် ကစားနေရတာ သင့်လျော်မှု ရှိ၊ မရှိနဲ့ ဂျော်ဂင်ဟို ကို ကွင်းလယ်ခံစစ် ကစားသမားနေရာမှာ ကစားစေခြင်းဟာ သင့်တော်မှု ရှိ၊ မရှိ ဆိုတဲ့ အငြင်းပွားစရာ မေးခွန်းနှစ်ခုဟာ မနှစ်ကတည်းကနေ အခုအချိန်ထိ မပြီးပြတ်သေးပါဘူး..။ အီတလီ ကွင်းလယ်ဖန်တီးရှင်ဟာ အခုနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်း ကူညီမှုအပိုင်းမှာ တိုးတက်လာတာ ငြင်းစရာ မရှိပါဘူး..။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲစဉ်မှာ ခွင့်ပြုလိုက်ရတဲ့ ပထမဂိုးမှာဆိုရင် မန်ချက်စတာ စီးတီး ကစားသမားတွေဟာ ကွင်းလယ်ခံစစ်ဇုန်မှာ ရှိနေတဲ့ သူ့ကိုအလွယ်တကူ ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ အခြေအနေမျိုးလို အားနည်းချက်အချို့ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်..။




ဂျော်ဂင်ဟို နဲ့ ပတ်သက်ပြီး အဓိကစဉ်းစားရမယ့်အချက်ကတော့ သူမပါဝင်နိုင်တဲ့အချိန်များမှာ တိုက်စစ်ပိုင်းကို ဘောလုံးပေးပို့နိုင်မှု လျော့နည်းသွားခြင်း ဖြစ်ပါတယ်..။ ဒါ့အပြင် ကွင်းလယ်နဲ့ ခံစစ်ကြောင်းရဲ့ကြားမှာ ချိတ်ဆက်မှု အားနည်းသွားသလို ဘောလုံးပေးပို့မှုရာမှာ နှေးကွေးသွားတယ်..၊ ကိုယ့်ရဲ့ခံစစ်ဇုန်ထဲကနေ ရုန်းမထွက်နိုင်တဲ့ အခြေအနေမျိုးတွေကို မြင်တွေ့ခဲ့ရပါတယ်..။ မန်ချက်စတာ စီးတီး အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့တယ်ဆိုပြီး ပြောဆိုနေကြတာ ရှိပေမယ့် ပေးပို့မှု အများစုဟာ နောက်တန်းလေးယောက်အကြားမှာ တစ်ဖက်နဲ့တစ်ဖက် ဘေးတိုက်ပေးပို့မှုတွေပဲ ပိုများနေတာ သတိပြုမိခဲ့ကြမှာပါ..။

ဒီတစ်ပါတ် ဗုဒ္ခဟူးနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗလင်စီယာ အသင်းနဲ့ပွဲမှာဆိုရင် ပွဲစဉ်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ အာဆင်နယ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း မာတင် ကီအွန်း က ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အိမ်ရှင်ဗလင်စီယာအသင်းကို အဝေးကွင်းမှာ ၁ - ၂ ဂိုးနဲ့ ဦးဆောင်နေပြီး ပွဲချိန်မိနစ် (၂၀) လောက်ပဲ ကျန်တော့တဲ့အချိန်မှာ အန်ဂိုလို ကန်တေး အပါအဝင် ကစားသမားတွေကို ဗလင်စီယာအသင်းရဲ့ ကွင်းဘက်ကိုအတင်းလိုက် ဖိအားပေးပြီး ပွဲအရှိန်ကို ဆက်တင်ဖို့ပဲ ကြိုးစားနေခဲ့တာကို ထောက်ပြခဲ့ပါတယ်..။ တကယ်တော့ နည်းပြဖရန့် လမ်းပတ် ဟာ ပွဲရဲ့အရှိန် (tempo) ကို လျော့ကျအောင် ဦးစားပေးပြီး ကိုယ့်အသင်းရဲ့ ခံစစ်ကြောင်းမှာ နေရာလွတ်တွေ၊ ကွက်လပ်တွေ မပေါ်လာအောင်ပဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်..။ ဒီလိုပွဲရဲ့အနေအထားအပေါ် မူတည်ပြီး tempo ကို လိုအပ်သလို ထိန်းချုပ်ကစားသွားနိုင်ခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဒုတိယပိုင်း ကစားပုံမျိုးကို အတုယူဖို့ ကောင်းပါတယ်..။

ဘောလုံးပွဲတစ်ပွဲမှာ ကိုယ့်ဘက်က ကျစ်လျစ်သိပ်သည်းမှုအပြည့်နဲ့ ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်တွေကို ရှာဖွေကာ အသာစီးရယူ ကစားနိုင်တဲ့အချိန်မျိုး ရှိတတ်သလို အပြန်အလှန်အနေနဲ့ ပြိုင်ဘက်အသင်းက ကိုယ့်အသင်းရဲ့အားနည်းချက်ကို အသုံးချပြီး ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့ ပွဲတွေလည်း ရှိတတ်ပါတယ်..။ အထူးသဖြင့် ဗလင်စီယာအသင်းဟာ နောက်ခံအစွန်လူနဲ့ ဗဟိုခံစစ်မှူးတွေကြားမှာ နေရာလွတ် ပေါ်တတ်တဲ့ ချယ်လ်ဆီးအသင်း နောက်တန်းရဲ့အားနည်းချက်ကို အသုံးချပြီး အပိုင်ဂိုးသွင်းခွင့်နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ကံကောင်းခဲ့ပါတယ်..။




ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ ချယ်လ်ဆီးအသင်းကို အခုထက်ပိုပြီး တိုးတက်တဲ့ အနေအထား ရောက်ရှိဖို့အတွက် without the ball လှုပ်ရှားမှုတွေ ပိုမိုကောင်းမွန်လာဖို့ ကြိုးစားရမှာဖြစ်သလို တည်ကန်ဘောတွေ၊ ဖြတ်တင်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ကြောက်စရာကောင်းလောက်အောင် နေရာလွတ်တွေ ပေါ်နေတတ်တဲ့ အခြေအနေတွေကို ပြုပြင်နိုင်ဖို့ လိုအပ်နေပါတယ်..။ ဒါ့ကြောင့်နောက်ဆုံးအနေနဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် ချယ်လ်ဆီးအသင်း လက်ရှိကြုံတွေ့နေရတဲ့ ခံစစ်ကြောင်းပြသနာအတွက် တိကျတဲ့အဖြေ ရှာဖွေနိုင်ဖို့ အချိန်ပေးနေရဦးမယ်လို့ ထင်မြင်မိကြောင်း တင်ဆက်လိုက်ပါတယ်..။

#FRANK
(Chelsea Daft  ၏ “How do you solve Chelsea's defensive problems?” ဆောင်းပါးကို ပြန်ဆိုပါသည်..။)