2 Marco Palestra

ကစားသည့်နေရာ : Full-back/wing-back

အသက် : 21 years (3 March, 2005)

မွေးဖွားရာဒေသ : Buccinasco, Italy

အရပ်အမြင့် : 1.86m (6ft 1in)

ကိုယ်ရေးအကျဉ်း
=========

ချယ်လ်ဆီးအသင်းမှာ အီတလီ လက်ရွေးစင် ကစားသမား မာကို ပါလက်စ်ထရာ အား အီတလီစီးရီးအေ ပြိုင်ပွဲဝင် အတ္တလန်တာအသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၃) သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ပါလက်စ်ထရာ မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ သဘောတူညီမှုရရှိခဲ့သည်။

လူငယ်ဘဝက ကွင်းလယ် ကစားသမားအဖြစ် စတင်ခဲ့သော်လည်း အတ္တလန်တာ လူငယ်အကယ်ဒမီ အဆင့်ဆင့်ကို ဖြတ်သန်းစဉ် နောက်ခံလူအဖြစ် ပြောင်းလဲ ကစားခဲ့ရကာ ဘယ်၊ ညာတောင်ပံ နှစ်ဖက်စလုံး၌ ကစားပေးနိုင်သူဖြစ်သည်။ ပါလက်စ်ထရာသည် ဒပ်ဘလင်မြို့၌ ယှဉ်ပြိုင်ခဲ့သည့် အတ္တလန်တာအသင်းက ဘေယာ လေဗာကူဆင် အသင်းအား ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ၂၀၂၃/၂၄ ဘောလုံးရာသီ၊ UEFA ယူရိုပါလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အသင်းလူစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုရာသီတွင် ပွဲကစားချိန် နည်းပါးခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ အတ္တလန်တာ အသင်းကြီးနှင့် ပထမဆုံး ပွဲထွက်ခွင့်ကို စတင်ရရှိခဲ့သည်။

တစ်နှစ်နီးပါးအကြာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ BSC Young Boys ကို ၆ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပါလက်စ်ထရာ မှာ သူ၏ပထမဆုံး ချန်ပီယံလိဂ်ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး ၂၀၂၄/၂၅ ရာသီ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၃) ပွဲကစားခွင့် ရရှိကာ စုစုပေါင်း (၆၄) မိနစ် ပါဝင်ကစားခဲ့သည်။ ထို့အပြင်အတ္တလန်တာအသင်းနှင့် ရီးရဲလ် မက်ဒရစ်တို့နှင့် ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၄ UEFA စူပါဖလား ပြိုင်ပွဲစဉ်၌လည်း ဒုတိယပိုင်းပြီးခါနီးတွင် လူစားဝင် ကစားခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၅/၂၆ ရာသီတွင် ပါလက်စ်ထရာသည် ကာဂလီယာရီအသင်းသို့ အငှားသွားရောက်ကစားခဲ့ရာ လိဂ်ပွဲ (၃၇) ပွဲအထိ ပါဝင်ခဲ့ပြီး ဘယ်/ညာ နှစ်ဖက်စလုံးတွင် Full-back နှင့် Wing-back အဖြစ် သူ၏စွမ်းဆောင်ရည်များမှာ အီတလီထိပ်တန်းလိဂ်အတွင်း ထင်ရှားခဲ့သဖြင့် စီးရီးအေပြိုင်ပွဲ၏ ‘တစ်နှစ်တာ အကောင်းဆုံး ခံစစ်မှူးဆု (Serie A Defender of the Year)’ ကို ဆွတ်ခူးခဲ့သည်။



ပါလက်စ်ထရာ မှာ စီးရီးအေပြိုင်ပွဲတွင် ဘောလုံးဆွဲထွက်ရန် ကြိုးပမ်းမှု (dribbles) (၁၁၈ ကြိမ်) နှင့် အောင်မြင်စွာ ဆွဲထွက်နိုင်မှု (successful dribbles) (၈၁ ကြိမ်) ဖြင့် တတိယအများဆုံး ပြုလုပ်နိုင်ခဲ့ပြီး ဥရောပ ထိပ်တန်းလိဂ် (၅) ထဲရှိ ခံစစ်မှူးများအနက် အများဆုံး ဖြစ်ခဲ့သည်..။ ထို့အပြင် ပြိုင်ဘက်အသင်း ဂိုးဧရိယာအတွင်း ဘောလုံးထိချက် (touches) (၆၇) ကြိမ် (စီးရီးအေပြိုင်ပွဲတွင် ပဉ္စမမြောက် အများဆုံး) ရရှိခဲ့ပြီး (၁) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

အဆိုပါ ၂၀၂၅/၂၆ ရာသီအတွင်း ပါလက်စ်ထရာ သည် ရာသီတစ်လျှောက် ပျမ်းမျှအမြင့်ဆုံးအရှိန်နှုန်း (တစ်နာရီလျှင် (၂၇.၉၆) ကီလိုမီတာ) ပြေးလွှားနိုင်ခဲ့ပြီး ‘စီးရီးအေ၏ အမြန်နှုန်းဆု (Serie A's Speed Award)’ ကိုပါ ရရှိခဲ့သည်။

နိုင်ငံတကာအဆင့်တွင် အီတလီအသင်းအတွက် အသက် (၁၈) နှစ်အောက် အသင်းအဆင့်မှစတင်၍ အသက် (၁၉) နှစ်အောက်၊ (၂၁) နှစ်အောက် ဥရောပလူငယ် တံခွန်စိုက်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များတွင် ပါဝင်ခဲ့ပြီးနောက် ပါလက်စ်ထရာ သည် ၂၀၂၆ ခုနှစ် မတ်လတွင် မြောက် အိုင်ယာလန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off အဆင့်တွင် အီတလီအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့် ရရှိခဲ့သည်။ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားနှင့် play-off ဗိုလ်လုပွဲ၌ ဒုတိယမြောက်ပွဲထွက်ခွင့်ကို ရရှိခဲ့သော်လည်း အက်ဇူရီတို့မှာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့သည်။