23 Geovany Quenda

ကစားသည့်နေရာ : Winger/wing-back

အသက် : 19 years (30 April, 2007)

မွေးဖွားရာဒေသ : Bissau, Guinea-Bissau

အရပ်အမြင့် : 1.72m (5ft 8in)

ကိုယ်ရေးအကျဉ်း
=========

ဂျီယိုဗာနီ ကွမ်ဒါ သည် ၂၀၃၄ ခုနှစ်အထိ သက်တမ်းရှိသည့်စာချုပ်ကို လက်မှတ်ရေးထိုးကာ ၂၀၂၆/၂၇ ဘောလုံးရာသီမတိုင်မီ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်။ အနောက်လန်ဒန်အသင်းသို့ ရောက်ရှိချိန်၌ အသက် (၁၉) နှစ် ရှိပြီဖြစ်သော ကွမ်ဒါ သည် ဥရောပဘောလုံးလောက၏ အနာဂတ်တွင် အတောက်ပဆုံး လူငယ်ကြယ်ပွင့်များအနက် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်သည်။ လန်ဒန်သို့ မပြောင်းရွှေ့မီ ဘောလုံးရာသီ နှစ်ရာသီအတွင်း စပိုးတင်း လစ္စဘွန်း အသင်းအတွက် ပုံမှန်ကစားရရှိခဲ့ပြီး ဘယ်၊ ညာတောင်ပံ (သို့မဟုတ်) Wing-back နေရာများတွင် နေရာချထားခံခဲ့ရသည်။

ကွမ်ဒါ သည် အသက် (၁၇) နှစ်အရွယ်သာ ရှိသေးသည့် ၂၀၂၄/၂၅ ဘောလုံးရာသီအစတွင် စပိုးတင်း အသင်းကြီးသို့ ရောက်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပေါ်တူဂီစူပါဖလားပြိုင်ပွဲ၊ ပေါ်တိုအသင်းနှင့်ပွဲစဉ်တွင် စပိုးတင်းအသင်းအတွက် အသင်းကြီးအဆင့် ပထမဆုံ်ဂိုးကို သွင်းယူခဲ့ပြီး ဆီမာအို နှင့် ခရစ္စတီယာနို ရိုနယ်ဒို တို့ စိုက်ထူးထားခဲ့သော စံချိန်များကိုချိုးဖျက်ကာ အသင်း၏အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့သည်။

သူသည်အဆိုပါ ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ (၅၄) ပွဲ ပါဝင်ကစားပြီး စပိုးတင်းအသင်းအား လိဂ်ဖလားနှင့် ပြည်တွင်းဖလား ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။ သူသည်ပေါ်တူဂီ ပရီးမီးယားလီဂါ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု (Primeira Liga Young Player of the Season) အတွက် မဲပေး ရွေးချယ်ခြင်း ခံခဲ့ရသည်။

ကွမ်ဒါသည် ၂၀၂၅/၂၆ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၃၂) ပွဲကစား၊ (၆) ဂိုး သွင်းယူခဲ့ပြီး ယင်းတို့အနက် ကိုင်ရတ် အယ်လ်မာတီ အသင်းဘက်သို့ သွင်းယူခဲ့သည့်ဂိုးမှာ သူ့အား ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ပေါ်တူဂီကစားသမား ဖြစ်လာစေခဲ့သည်။ စပိုးတင်းအသင်း၌ ရှိစဉ်အတွင်း ကွမ်ဒါ သည် ဥရောပထိပ်တန်းပြိုင်ပွဲ၌ (၁၆) ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်လည်း ပါဝင်ခဲ့သည်။

၂၀၂၆/၂၇ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဖူးလ်ဟမ်းအသင်းအား အဝေးကွင်း၌ အနိုင်ရရှိခဲ့သည့် အနောက်လန်ဒန်ဒါဘီပွဲစဉ်၊ ပွဲပြီးခါနီးတွင် ကွမ်ဒါ သည် မော်ဂန် ရော်ဂျားစ် ၏ နေရာသို့ လူစားဝင်ကာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။

ကွမ်ဒါသည် ပေါ်တူဂီအသင်း၏ လူငယ်အသင်း အဆင့်ဆင့်တွင် အစဉ်တစိုက် ပါဝင်ကစားခဲ့ပြီး ချယ်လ်ဆီးသို့ မပြောင်းရွှေ့မီ အသင်းကြီးအတွက် အရန်ခုံ၌ (၄) ကြိမ် ပါဝင်ခဲ့ဖူးသည်။ ၂၀၂၅ ခုနှစ်၊ ဥရောပ (အသက် ၂၁ နှစ်အောက်) လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ကွမ်ဒါ သည် အထူးခြေစွမ်းပြခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် သူသည် (၃) ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား (၁၁) ဦးစာရင်း (Team of the Tournament) ၌ ရွေးချယ်ခံခဲ့ရသည်။