21 Ben Chilwell

ကစားသည့်နေရာ : Defenders

အသက် : 26 years (December 21, 1996)

မွေးဖွားရာဒေသ : Milton Keynes

အရပ်အမြင့် : 1.80 m (5 feet 11 in)

ကိုယ်ရေးအကျဉ်း
========
ချယ်လ်ဆီးအသင်းမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့တွင် အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် ကို လက်စ်တာ စီးတီးအသင်းမှ ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ အသက် (၁၈) နှစ်အရွယ်မှာပင် လက်စ်တာအသင်းနှင့် စတင်ပွဲထွက်ခွင့်ရခဲ့သည့် ဘင် ချီးဝဲလ် မှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိလာချိန်တွင် အသင်းအတွက် ပွဲပေါင်း (၁၂၀) ကျော် ကစားပေးခဲ့ပြီးသည့် အတွေ့အကြုံရင့်ကျက်ပြီး နောက်ခံအစွန်လူအဖြစ် သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။

ချီးဝဲလ် မှာ တိုက်စစ်လိုက်ပါခြင်းကို နှစ်ခြိုက်သည့် ဘယ်နောက်ခံလူဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးပေးနိုင်သူလည်းဖြစ်သည်။ ထို့အပြင်ခံစစ်ပိုင်း ပါဝင်မှုကောင်းမွန်ပြီး မနှစ်ကဘောလုံးရာသီတွင် ခိုင်မာတောင့်တင်းသည့် ခံစစ်ကြောင်းကို ပြသခဲ့သည့် လက်စ်တာအသင်း၏ အမာခံကစားသမား တစ်ယောက်ဖြစ်ခဲ့သည်။ ၂၀၁၉/ ၂၀ ဘောလုံးရာသီတွင် ချီးဝဲလ် မှာ (၃၃) ပွဲ ကစားခွင့်ရရှိခဲ့ပြီး (၃) ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဘင် ချီးဝဲလ် မှာ ၂၀၁၇/၁၈ ဘောလုံးရာသီမှ ၂၀၁၉/ ၂၀ ဘောလုံးရာသီအထိ သုံးနှစ်တာ ကာလအတွင်း လက်စ်တာအသင်း၏ တိုက်စစ်ပိုင်း ပါဝင်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာခဲ့သလို ခံစစ်ပိုင်းတွင်လည်း ဖျက်ထုတ်မှုများ ပြုလုပ်ရာတွင် စိတ်ရှည်သည်၊ နည်းစနစ်ပိုင်း ကောင်းမွန်ပြီး ခန္ခာကိုယ် အနေအထားနေရာယူမှု ကောင်းမွန်သောကြောင့် မြန်ဆန်သည့် တောင်ပံကစားသမားများကို ထိန်းချုပ်ရာတွင် ကောင်းမွန်သူတစ်ဦးဖြစ်သည်။ အရပ်အမြင့် (၅) ပေ၊ (၁၀) လက်မသာ ရှိသော်လည်း အမြင့်ဘောများ ဖျက်ထုတ်၊ ရှင်းထုတ်ရာတွင် ထူးချွန်သူလည်း ဖြစ်ပါသည်။

ချီးဝဲလ် မှာ အင်္ဂလန်အသင်းအတွက် အသက် (၁၈) နှစ်အောက် လူငယ်အသင်းတွင် စတင်ပါဝင်ခွင့်ရခဲ့ပြီး လက်ရွေးစင်အသင်းကြီးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၊ ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲမှ စတင်ပါဝင်ခွင့်ရခဲ့သည်။ ယနေ့အထိ အင်္ဂလန်အသင်းအတွက် (၁၁) ပွဲ ကစားခွင့် ရရှိထားပါသည်။

၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ၊ မီလ်တန် ကိုင်းန် အရပ်တွင် မွေးဖွားခဲ့သော ဘင် ချီးဝဲလ် မှာ Rushden & Diamonds အသင်းတွင် စတင်ကစားခဲ့ပြီး လက်စ်တာအသင်း လူငယ်အကယ်ဒမီသို့ အသက် (၁၂) နှစ်တွင် စတင်ရောက်ရှိခဲ့သည်။ အသက် (၁၅) နှစ်အရွယ်တွင် အသင်းမှ ထုတ်ပယ်ခြင်းခံရမည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသေးသော်လည်း သူ၏မဆုတ်မနစ်သော ကြိုးစားမှုကြောင့် အသက် (၂၁) နှစ်အောက် လူငယ်အသင်းသို့ ရောက်ရှိခဲ့သည်။

လက်စ်တာအသင်းအတွက် ပထမဆုံးပါဝင်ခွင့်ကို ဟူးလ် စီးတီးအသင်းနှင့် လိဂ်ဖလားပြိုင်ပွဲတွင် ရရှိခဲ့ပြီး ဟာဒက်စ်ဖီးလ် တောင်းအသင်းသို့ ခေတ္တအဌားချခဲ့သေးသည်။ ချီးဝဲလ် မှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှစ်ပွဲကစားခဲ့ရသည်။ သူ၏ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို အသက် (၂၀) ပြည့်ပြီး ငါးရက်အကြာ အဲဗာတန်အသင်းနှင့်ပွဲတွင် စတင်ရရှိခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံး ပွဲထွက်ခွင့်ကို ၂၀၁၆/ ၁၇ ဘောလုံးရာသီ၊ အက်တလက်တီကို မက်ဒရစ်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် စတင်ရရှိခဲ့သည်။ လက်စ်တာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ၂၀၁၇/ ၁၈ ဘောလုံးရာသီတွင် လက်စ်တာအသင်းအတွက် (၃၃) ပွဲကစားခွင့်ရခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အဝါကတ်ဒ်နှစ်ကြိမ်ပြသပြီး ထုတ်ပယ်ခံခဲ့ရသည်။ ၂၀၁၉/ ၂၀ ဘောလုံးရာသီတွင်လည်း အသင်း၏ ပထမဦးစားပေး ဘယ်နောက်ခံလူအဖြစ် ကစားခွင့်ရခဲ့ပြီး လက်စ်တာအသင်းအား ၉ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲတွင် အဆိုပါဘောလုံးရာသီအတွက် အဖွင့်ဂိုးရရှိခဲ့သည်။ ထို့နောက်ဝက်ဒ်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင် ချေပဂိုးနှင့် ဖေဖော်ဝါရီလ၊ ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုးထပ်မံ သွင်းယူပေးနိုင်ခဲ့သည်။

ဘင် ချီးဝဲလ် မှာ ချယ်လ်ဆီးအသင်းအတွက် ခရစ်စ်တယ် ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင်  စတင်ပွဲထွက်နိုင်ခဲ့ပြီး အဖွင့်ဂိုး စတင်ရရှိခဲ့သလို ကတ် ဇူးမား အတွက် တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။ ထို့နောက်နည်းပြ သောမတ်စ် တူခယ်လ် ၏ လက်ထက်တွင် wing back အဖြစ် ပြောင်းလဲကစားခဲ့ရာတွင်လည်း ခြေစွမ်းပြ ကစားခဲ့သည်..။ ချီးဝဲလ် မှာ လက်စ်တာအသင်းနှင့် FA ဖလား ဗိုလ်လုပွဲတွင် အသင်းအတွက် နောက်ကျချေပဂိုး သွင်းပေးနိုင်ခဲ့သော်လည်း VAR ဖြင့် ပယ်ချခံခဲ့ရသည်..။

ဘင် ချီးဝဲလ် မှာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် သွားရောက်စဉ် ကိုဗစ်ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့မှုဖြင့် သီးခြားခွဲခြားနေထိုင်ခဲ့ရသည့် ကာလကြောင့် ၂၀၂၁/၂၂ ဘောလုံးရာသီကို စတင်ချိန်နောက်ကျခဲ့သည်..။ ထို့ကြောင့် ရာသီအစပိုင်း ကာလတွင် မားကို့စ် အလွန်ဆို မှာ သောမတ်စ် တူခယ်လ် ၏ ပထမဦးစားပေး ဘယ်တောင်ပံ ကစားသမား ဖြစ်ခဲ့သည်..။

သို့သော် အိမ်ကွင်းတွင် ဆောက်ပ်သမ်တန်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့ပြီး အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်..။ ထို့နောက် ဘရန့်တ်ဖို့ဒ်၊ နောဝစ်ခ်ျ အသင်းတို့နှင့်ပွဲစဉ်များတွင်လည်း ဂိုးများဆက်တိုက် ရရှိခဲ့ပြီး လေးပွဲကစားခွင့်ရခဲ့ရာတွင် သုံးဂိုးသွင်းပေးနိုင်ခဲ့သည်..။
ထို့နောက် ဂျူဗင်တပ်စ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြင်းထန်သည့် ဒူးအရွတ်ကြော ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူခဲ့ရသည်..။ ဘင် ချီးဝဲလ် မှာ အဆိုပါဘောလုံးရာသီ၊ နောက်ဆုံးပွဲစဉ်၊ ပွဲပြီးခါနီးတွင်မှ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့သည်..။

ဘင် ချီးဝဲလ် မှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ပုံမှန်ကစားခွင့်ရခဲ့ပြီး အဖွင့်ပွဲစဉ်ဖြစ်သော အဲဗာတန်အသင်းနှင့်ပွဲတွင် သူ့အားဂိုးဧရိယာအတွင်း ဖျက်ထုတ်မှုတဆင့် ရရှိခဲ့သော ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျော်ဂင်ဟို က သွင်းယူပေးခဲ့သည်..။ နည်းပြဂရေဟမ် ပေါ်တာ လက်ထက်တွင် wing back အဖြစ် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သော်လည်း ဒိုင်နမို ဇာဂရက်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် ပေါင်တွင်းကြောဒဏ်ရာ ရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်မရခဲ့ပေ..။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ.. ဖူးလ်ဟမ်းအသင်းနှင့်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ဘိုရုရှား ဒေါ့မွန်အသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့် ပွဲစဉ်တွင် ရာဟင်း စတာလင်း ၏ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့နောက်အသင်းဟောင်း လက်စ်တာအသင်းနှင့်ပွဲတွင် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး လိဒ် ယူနိုက်တက်အသင်းအား အနိုင်ရခဲ့သောပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးခဲ့သည်..။

သို့သော် ရီးရဲလ် မက်ဒရစ်အသင်းအား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် အနီကတ်ဒ်နှင့် ထုတ်ပယ်ခံခဲ့ရသလို ဘုန်းမောက်အသင်းနှင့်ပွဲတွင် ရရှိခဲ့သော ပေါင်တွင်းကြော ဒဏ်ရာကြောင့် ဘောလုံးရာသီကို စောစောစီးစီး အဆုံးသတ်ခဲ့ရသည်..။