ကစားသည့်နေရာ : Defender/wing-back
အသက် : 25 years (December 8, 1999)
မွေးဖွားရာဒေသ : London, England
အရပ်အမြင့် : 1.80 m (5 feet 10 in)
ကိုယ်ရေးအကျဉ်း
========
ရီစ် ဂျိမ်းစ် မှာ ချယ်လ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသက် (၆) နှစ်အရွယ်ကပင် အသင်းသို့ စတင်ရောက်ရှိခဲ့သည်..။ လူငယ်အကယ်ဒမီ သက်တမ်းအလိုက် အသင်းများတွင် တိုက်စစ်မှူး၊ ကွင်းလယ် ကစားသမားအဖြစ်လည်း ကစားခဲ့ဖူးသည်..။ လူငယ်အသင်းအတွက် ပွဲထွက်ခွင့်ကို ၂၀၁၅/ ၁၆ ဘောလုံးရာသီ၊ ကျောင်းသားဘဝမှာပင် ရရှိခဲ့ပြီး ၂၀၁၆/ ၁၇ ဘောလုံးရာသီတွင် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်း၏ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့သည်..။
သူ၏အားသာချက်တစ်ခုမှာ နေရာစုံ ကစားနိုင်ခြင်းဖြစ်ပြီး ညာအစွန်လူ၊ Wing Back..၊ ကွင်းလယ်အဖျက် ကစားသမားနေရာများတွင်လည်း ကစားနိုင်သူတစ်ဦးဖြစ်သည်..။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် အသင်းနှင့် သုံးနှစ်သက်တမ်းစာချုပ် စတင်ချုပ်ဆိုနိုင်ခဲ့သည်..။ ၂၀၁၇/ ၁၈ ဘောလုံးရာသီတွင်လည်း လူငယ်အသင်းနှင့်အတူ ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး အဆိုပါ ဘောလုံးရာသီ၏ ‘တစ်နှစ်တာ အကောင်းဆုံး အကယ်ဒမီ ကစားသမားဆု’ ရွေးချယ် ချီးမြှင့်ခြင်း ခံခဲ့ရသည်..။
၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အသင်းနှင့် လေးနှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်၊ ဝီဂန်အသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် သွားရောက်ခဲ့သည်..။ ဝီဂန်အသင်းနှင့်အတူ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သောကြောင့် အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ကို ဝီဂန်ပရိသတ် (၉၆%) ရာခိုင်နှုန်းကျော်၏ တခဲနက် မဲပေးမှုဖြင့် ရရှိခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ဝီဂန်အသင်း ကစားသမားများက ရွေးချယ်ချီးမြှင့်သော ‘Players Player of the Year’ ဆုအပြင် ဘရစ်စ်တို စီးတီးအသင်းအား သွင်းယူပေးခဲ့သော အဝေးကန်ချက်ဖြင့် ဝီဂန်အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆု (Goal of the Season)’ ကိုပါ ဆွတ်ခူးရရှိခဲ့သည်..။
၂၀၁၉/ ၂၀ ဘောလုံးရာသီကြိုကာလတွင် ဂျိမ်းစ် မှာ အင်္ဂလန်လူငယ်အသင်း၏ ပြိုင်ပွဲတစ်ခုတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သောကြောင့် စက်တင်ဘာလတွင်မှ စတင်ကစားနိုင်ခဲ့သည်။ ဂရင်စ်ဘီ တောင်း အသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် Carabao ဖလားပြိုင်ပွဲတွင် ကိုက် (၂၀) အကွာမှ အဝေးကန်ချက်သွင်းဂိုးဖြင့် အသင်းကြီးအဖွင့်ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံးသွင်းဂိုးပါ ရရှိခဲ့သည်။
ထို့နောက်လိုင်လီအသင်းနှင့် ပွဲစဉ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ ပါဝင်ခွင့်ကို နယူးကာဆယ် အသင်းနှင့်ပွဲစဉ်တွင် လူစားဝင်ပြီး ရရှိခဲ့သည်။ ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သလို ဝီလ်ဖရက်ဒ် ဇာဟာ အား ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ပရိသတ်များ၏ ချီးကျူးမှိုကို ရရှိခဲ့သည်။ သူ၏ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို အိုင်းယက်စ်အသင်းနှင့် လေးဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့သည်။
ရိစ် ဂျိမ်းစ် မှာ ၂၀၂၀/၂၁ ဘောလုံးရာသီ၊ အဖွင့်ပွဲစဉ်ဖြစ်သည့် ဘရိုက်တန်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သူ၏ပရီးမီးယားလိဂ် အဖွင့်ဂိုး ရရှိခဲ့သည်..။ ထိုအပြင် အင်္ဂလန်လူငယ် နောက်ခံလူမှာ ဖရန့် လမ်းပတ် ၏ အသင်းတွင် ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ကစားခွင့် ရရှိခဲ့သည်..။ နည်းပြ သောမတ်စ် တူခယ်လ် လက်ထက်တွင် ရိစ် ဂျိမ်းစ် မှာ right wing back အဖြစ် သာမက right center back အဖြစ်ပါ ပုံမှန်ကစားခဲ့ရသည်..။ အထူးသဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရိစ် ဂျိမ်းစ် မှာ မန်ချက်စတာ စီးတီးအသင်း၏ နာမည်ကျော် အင်္ဂလန်တိုက်စစ်မှူး ရာဟင်း စတာလင်း အား ထိန်းချုပ်ကစားနိုင်ခဲ့သောကြောင့် ပရိသတ်များ၏ ချီးကျူးမှုကို ရရှိခဲ့သည်..။
ရိစ် ဂျိမ်းစ် မှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သော်လည်း ဒဏ်ရာကြောင့် သုံးလခန့် အနားယူခဲ့ရသည်..။ ထိုသို့ကာလရှည် အနားယူခဲ့ရသော်လည်း ချယ်လ်ဆီးအသင်းအတွက် (၃၉) ပွဲ ကစားပေးခဲ့ရပြီး သွင်းဂိုး (၆) ဂိုး ရရှိခဲ့ပြီး အဆိုပါဘောလုံးရာသီတွင် အသင်း၏ ဂိုးအများဆုံး သွင်းယူပေးနိုင်သည့် ကစားသမားများစာရင်းတွင် ပါဝင်ခဲ့သည်..။
၂၀၂၁ ခုနှစ်နွေရာသီတွင် အင်္ဂလန်အသင်းနှင့်အတူ ဥရောပဖလား ပြိုင်ပွဲတွင် ပါဝင်ခဲ့ရသောကြောင့် ရိစ် ဂျိမ်းစ် မှာ ၂၀၂၁/၂၂ ဘောလုံးရာသီကို စတင်ချိန်နောက်ကျခဲ့သည်..။ သို့သော်စတင်ပါဝင်ခွင့်ရခဲ့သည့် အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် ရိုမီလူ လူကာကူ ၏ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို မေဆန် မောင့် ၏ ဖန်တီးပေးမှုတဆင့် အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ လီဗာပူးလ်အသင်းနှင့်ပွဲတွင် ဂိုးစည်းပေါ်မှ ဖျက်ထုတ်ရာတွင် လက်ထိခဲ့သောကြောင့် အနီကတ်ဒ်ပြခံခဲ့ရသည်..။ ထို့နောက် ဘင် ချီးဝဲလ် နှင့်အတူ တွဲဖက်ပြီး ထိရောက်သော တိုက်စစ်လက်နက် တစ်စုံအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်..။
ရိစ် ဂျိမ်းစ် မှာ နယူးကာဆယ် အသင်းအား အဝေးကွင်းတွင် ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့သည်..။ ထို့အပြင် ဂျူဗင်တပ်စ် အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင်လည်း ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ထရေဗာ ချာလိုဘာ တို့နှင့်အတူ သွင်းဂိုးများရရှိခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ကစားသမားသုံးဦး၊ လူငယ်အကယ်ဒမီထွက် ကစားသမား သုံးဦး ဂိုးများရရှိသည့် စံချိန်တင်နိုင်ခဲ့သည်..။
သူ၏အသက် (၂၂) နှစ်ပြည့် မွေးနေ့အပြီး လေးရက်အကြာတွင် ယှဉ်ပြိုင်ခဲ့သော ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။ ရိစ် ဂျိမ်းစ် မှာ ခြေစွမ်းကောင်းများ ပြသနေနိုင်ချိန် ဆောင်းရာသီ ကာလတွင် ဒဏ်ရာနှင့် ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုတို့ကြောင့် အနားယူခဲ့ရသည်..။ ၂၀၂၁ ခုနှစ်၏ နောက်ဆုံးပွဲစဉ်တွင် ကြွက်သားစုတ်ပြဲ ဒဏ်ရာကြောင့် နှစ်လခန့် အနားယူခဲ့ရပြီး ဘန်လေအသင်းနှင့်ပွဲတွင် ပြန်လည်ကစားနိုင်ခဲ့သည်..။ အဆိုပါပွဲတွင် အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း ဒဏ်ရာအရှင်းမပျောက်ခဲ့သဖြင့် ဧပြီလအထိ ဆက်လက်အနားယူခဲ့ရသည်..။
ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ရိစ် ဂျိမ်းစ် မှာ သုံးယောက်တန်း ခံစစ်ကြောင်း၏ ညာတောင်ပံ ဗဟိုခံစစ်မှူးအဖြစ် မကြာခဏ ကစားခဲ့ရသည်..။ အဆိုပါဘောလုံးရာသီတွင် ရိစ် ဂျိမ်းစ် မှာ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း၏ ဒုတိယမြောက် ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်..။
ရိစ် ဂျိမ်းစ် မှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ညာနောက်ခံလူ နှင့် right wing back နေရာများတွင် ဆက်လက်ခြေစွမ်းပြခဲ့ပြီး အသင်း၏ ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် တော့တင်ဟမ်အသင်းနှင့်ပွဲတွင် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်..။ ထို့အပြင်နောက်ထပ် အိမ်ကွင်းပွဲစဉ်ဖြစ်သော လက်စ်တာ စီးတီးအသင်းနှင့်ပွဲတွင် ရာဟင်း စတာလင်း ၏ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ အဆိုပါပွဲမှာ ချယ်လ်ဆီးအသင်းအတွက် သူ၏ပွဲ (၁၀၀) ပြည့်မြောက်ခဲ့သည့်ပွဲလည်း ဖြစ်ခဲ့သည်..။ ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်သော အေစီ မီလန်အသင်းနှင့်ပွဲတွင် နောက်ထပ်သွင်းဂိုး (၁) ဂိုးနှင့် ဂိုးဖန်တီးမှု (၁) ကြိမ် ရရှိခဲ့သည်..။
သို့သော် အေစီ မီလန်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်တွင် ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်..။ ပွဲစဉ်များ ပြန်လည်စတင်ခဲ့သည့် ဒီဇင်ဘာလ..၊ ခရစ္စမတ်ကာလတွင် အသင်းအတွက် ပါဝင်နိုင်ခဲ့သော်လည်း ဒူးဒဏ်ရာ အရှင်းမပျောက်ခဲ့သဖြင့် ပြန်လည်အနားယူခဲ့ရသည်..။
ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ပြန်လည်ပါဝင်နိုင်ခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းအား ရှုံးနိမ့်ခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်များတွင်လည်း ပွါဝင်ကစားခဲ့သည်..။ သို့သော်ရီးရဲလ် မက်ဒရစ်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ပေါင်တွင်းကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရသည်..။
၂၀၂၃/၂၄ ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများကြောင့် တစ်ရာသီလုံးတွင် ပွဲထွက် (၆) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၅) ပွဲသာ ကစားခဲ့ရသည်..။
လီဗာပူးလ်အသင်းနှင့် ရာသီအဖွင့်ပွဲစဉ်မှာပင် ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့သောကြောင့် အနားယူခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ အာဆင်နယ်အသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။ အဆိုပါပွဲမှာ ချယ်လ်ဆီးအသင်းအတွက် သူ၏ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည့် ပွဲစဉ်ဖြစ်ပြီး အဆိုပါ ဘောလုံးရာသီအတွက် ပထမဆုံး ဂိုးဖန်တီးမှုကို မန် စီးတီးအသင်းနှင့် တစ်ဘက်လေးဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ရာဟင်း စတာလင်း အတွက် ဖန်တီးပေးခဲ့သည်..။ သို့သော် နယူးကာဆယ် အသင်းနှင့်ပွဲတွင် နှစ်ဝါတစ်နီ ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်..။
ဒီဇင်ဘာလအတွင်း အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်..။ ၂၀၂၄ ခုနှစ်၊ မေလ၊ နော့တင်ဟမ် ဖောရက်စ်အသင်းနှင့် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီး နီကိုလပ်စ် ဂျက်ဆင် ခေါင်းတိုက်သွင်းယူခဲ့သည့် အနိုင်ဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့သည်..။ သို့သော် ဘရိုက်တန်အသင်းနှင့်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသောကြောင့် ရာသီနောက်ဆုံးပွဲစဉ် အပါအဝင် ၂၀၂၄/၂၅ ဘောလုံးရာသီ၊ ရာသီအဖွင့်ပွဲစဉ်များကိုပါ လွဲချော်ခဲ့ရသည်..။
ရိစ် ဂျိမ်းစ် မှာ ရာသီအသစ်တွင် ပထမဆုံး ကစားခွင့်ကို လီဗာပူးလ်အသင်းနှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် (၅၂) မိနစ်အထိ ပါဝင်ပြီးရရှိခဲ့သည်..။ ၂၀၂၄/၂၅ ဘောလုံးရာသီအတွက် သူ၏ပထမဆုံးသွင်းဂိုးကို ဘုန်းမောက်အသင်းနှင့်ပွဲစဉ်တွင် တိုက်ရိုက်ပြစ်ဒဏ်ဘော ကန်ချက်ဖြင့် ရရှိခဲ့သည်..။ အဆိုပါသွင်းဂိုးမှာ ချယ်လ်ဆီးအသင်း၏ ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံး သွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်..။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ကွင်းလယ်အဖျက် ကစားသမားအဖြစ် ကစားခဲ့ရပြီး ကိုပင်ဟေဂင် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင် ဂိုးဧရိယာအပြင်မှ ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့သည်..။ ထို့နောက် မန်ချက်စတာ ယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တောင်ပံ ကစားသမား ဂါနာချို အား လှလှပပလှည့်ထွက်ပြီး မာ့စ် ကူကူရယ်လာ ၏ ခေါင်းတိုက်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။
ရီးရဲလ် ဘက်တစ်အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ဒုတိယပိုင်းအစ၌ လူစားဝင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ကွန်ဖရင့်စ်လိဂ်ဖလားကို ဆွတ်ခူးပေးခဲ့သည်..။ ထို့နောက် ပီအက်စ်ဂျီအသင်းအား အနိုင်ရ၊ ဗိုလ်စွဲခဲ့သော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ကွင်းလယ်အဖျက် ကစားသမားအဖြစ် ကစားခဲ့ရသလို ဘင်ဖီကာအသင်းအား အနိုင်ရရှိခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၌ အဖွင့်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်..။ ဂျိမ်းစ် မှာ အဆိုပါပြိုင်ပွဲတွင် (၃) ပွဲ ပါဝင်ကစားခွင့် ရခဲ့သည်..။
ရိစ် ဂျိမ်းစ် မှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် အင်္ဂလန်အသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရပြီး ဝေးလ်အသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်၊ ပါဝင်ခွင့် ရရှိခဲ့သည်..။ ဒိန်းမတ်အသင်းနှင့် Nations League ပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ right wing back အဖြစ် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်..။ သို့သော်အဆိုပါပွဲစဉ်ပြီးဆုံးချိန်တွင် အနီကတ်ဒ်ပြ ထုတ်ပယ်ခံခဲ့ရသည်..။
၂၀၂၁ ခုနှစ်တွင် ကျင်းပသော ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဂါးရတ် ဆောက်ဂိတ် ၏ အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့ပြီး စကော့တလန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့သည်..။ ကာတာနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်..။
၂၀၂၅ ခုနှစ်၊ မတ်လတွင် အင်္ဂလန်အသင်းအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရသည်..။ ချယ်လ်ဆီးအသင်းနည်းပြဟောင်း သောမတ်စ် တူချယ်လ် က လတ်ဗီးယားအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ညာနောက်ခံလူအဖြစ် ပွဲထွက်ခွင့်ပေးခဲ့ပြီး အဖွင့်ဂိုးကို တိုက်ရိုက်ပြစ်ဒဏ်ဘောကန်ချက်မှ လှလှပပ သွင်းယူပေးခဲ့သည်...။