17 Carney Chukwuemeka

ကစားသည့်နေရာ : Midfielder

အသက် : 19 years (October 20, 2003)

မွေးဖွားရာဒေသ : Eisenstadt, Austria

အရပ်အမြင့် : 1.85 m (6ft 1in)

ကိုယ်ရေးအကျဉ်း
========

အနာဂတ်တွင် အင်္ဂလန်၏ အတောက်ပဆုံး လူငယ်ကစားသမား တစ်ယောက်အဖြစ် ထင်ကြေးပေးခံခဲ့ရသည့် စွယ်စုံရ ကွင်းလယ်ကစားသမား ကာနေး ချူကွီမီးကား မှာ အက်စ်တွန် ဗီလာ အသင်းမှပြောင်းရွှေ့လာခဲ့သည်..။ ယခုနှစ်နွေရာသီ၊ ဥရောပတံခွန်စိုက် လူငယ် (အသက် ၁၉ နှစ်အောက်) ဖလားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အင်္ဂလန်လူငယ်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ချူကွီမီးကား မှာ နော့သမ်တန် တောင်းအသင်းမှ အက်စ်တွန် ဗီလာအသင်းသို့ အသက် (၁၂) နှစ်အရွယ်တွင် ရောက်ရှိလာခဲ့သည်..။

၂၀၂၁ ခုနှစ်၊ မေလ၊ တော့တင်ဟမ်အသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အက်စ်တွန် ဗီလာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့သည်..။ ဘောလုံးသယ်ယူမှုနှင့် ဘောလုံးပေးပို့မှုတို့တွင် ကောင်းမွန်သော လူငယ်ကစားသမားလေးမှာ အက်စ်တွန် ဗီလာအသင်းက လီဗာပူးလ်အသင်းအား အနိုင်ရဗိုလ်စွဲခဲ့သည့် လူငယ် FA ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမား ဖြစ်ခဲ့သလို အဆိုပါဘောလုံးရာသီအတွင်း အက်စ်တွန် ဗီလာအသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု’ ချီးမြှင့်ခံခဲ့ရသည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် သူ၏ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲထွက်ခွင့်ကို ရာသီအစပိုင်း သြဂုတ်လမှာပင် ရရှိခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော Carabao ဖလားပွဲစဉ်တွင်လည်း ပါဝင်ကစားခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ချူကွီမီးကား မှာ ဗီလာအသင်းအတွက် (၁၄) ပွဲ ပါဝင်ကစားခွင့်ရခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ကာနေး ချူကွီမီးကား အား အနာဂတ်အတွက် ရည်ရွယ်ပြီးခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း ၂၀၂၂/၂၃ ရာသီမှာပင် မကြာခဏ ကစားခွင့်ရရှိခဲ့သည်..။ လူငယ်ကွင်းလယ် ကစားသမားမှာ ဝုလ်ဖ်အသင်းအား ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ချယ်လ်ဆီးအသင်းအတွက် စတင်ပါဝင်ခွင့် ရရှိခဲ့သည်..။ ထို့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင်အထိ နည်းပြဂရေဟမ် ပေါ်တာ ၏ အသင်းတွင် လူစားဝင် ကစားသမားအဖြစ် သုံးပွဲပါဝင်ခွင့် ရခဲ့သော်လည်း ပေါင်တွင်းကြောဒဏ်ရာကြောင့် အနားယူခဲ့ရသဖြင့် ရသင့်သလောက် ပွဲကစားခွင့် မရခဲ့ပေ..။

သူ၏ပထမဆုံး ပွဲထွက်ခွင့်ကို မန်ချက်စတာ စီးတီးအသင်းအား ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် စတင်ရရှိခဲ့ပြီး အဆိုပါပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သလို သူ၏အဝေးကန်ချက်မှာ ဂိုးတိုင်ထိ ထွက်ခဲ့ပြီး ဂိုးရရှိရန် နီးစပ်ခဲ့သည်..။ ကာနေး ချူကွီမီးကား မှာ အဆိုပါ ဘောလုံးရာသီတွင် အသင်းအတွက် (၁၄) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။