23 Conor Gallagher

ကစားသည့်နေရာ : Midfielder

အသက် : 23 years (February 6, 2000)

မွေးဖွားရာဒေသ : Epsom, England

အရပ်အမြင့် : 1.82 m (6 ft 0 in)

ကိုယ်ရေးအကျဉ်း
========

ကော်နာ ဂါလက်ချာ မှာ ချယ်လ်ဆီးအားပေးသူ မိသားစုမှ ပေါက်ဖွားလာသူ တစ်ယောက်ဖြစ်ပြီး အသင်းလူငယ်အကယ်ဒမီသို့ အသက် (၆) နှစ်အရွယ်တွင် စတင်ရောက်ရှိခဲ့သည်..။ ထို့နောက် ချယ်လ်ဆီးအရန်အသင်း (development squad) နှင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အဆိုပါဘောလုံးရာသီတွင် လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနှင့်အတူ FA လူငယ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်..။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် အသင်းနှင့်သုံးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၁၈/၁၉ ဘောလုံးရာသီတွင် ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု’ ချီးမြှင့်ခံခဲ့ရသည်..။ ထို့နောက်ချာလ်တန် အက်တလက်တစ် အသင်းသို့ အဌားထွက်ခဲ့သည်..။ ချာလ်တန်အသင်းနှင့် ကွင်းလယ်တွင်  ခြေစွမ်းပြပြီး ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ရောက်လာချိန်တွင် ဆွမ်ဆီး စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။

ကော်နာ ဂါလက်ချာ မှာ ဆွမ်ဆီး အသင်းနှင့်အတူ ချန်ပီယံရှစ်ပြိုင်ပွဲ play off အဆင့်ထိရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲအဆင့်တွင် ဘရန့်တ်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ဆွမ်ဆီးအသင်းနှင့် (၂၁) ပွဲ ကစားခွင့်ရခဲ့သည်..။ ထိုသို့ချန်ပီယံရှစ် ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ချယ်လ်ဆီးအသင်းနှင့် ငါးနှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝက်စ်ဘရွန်းအသင်းသို့ အဌားထွက်ခဲ့သည်..။ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ဝက်စ်ဘရွန်းအသင်းနှင့်အတူ (၃၂) ပွဲကစားခွင့်ရခဲ့ပြီး (၂) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ဝက်စ်ဘရွန်းအသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၁၉) သာ ရရှိခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရသော်လည်း ကော်နာ ဂါလက်ချာ မှာ အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု’ ချီးမြှင့်ခံခဲ့ရသည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် ခရစ်စ်တယ် ပဲလေ့စ်အသင်းသို့ အဌားထွက်ခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ပါဝင်ခွင့် ရခဲ့ကာ ပဲလေ့စ်အသင်းအတွက် (၃၉) ပွဲ ကစား၊ (၈) ဂိုးသွင်း၊ သုံးဂိုးဖန်တီးပေးနိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ခရစ်စ်တယ် ပဲလေ့စ်အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမား’ အဖြစ် ရွေးချယ်၊ ချီးမြှင့်ခံခဲ့ရသည်..။

၂၀၂၂/၂၃ ဘောလုံးရာသီ၏ အဖွင့်ပွဲစဉ်ဖြစ်သော အဲဗာတန်အသင်းနှင့်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့သည်..။ လိဒ် ယူနိုက်တက်အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့ပြီး လက်စ်တာ အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အတွင်း နှစ်ဝါတစ်နီ အပြခံရပြီး ထုတ်ပယ်ခံခဲ့ရသည်..။ ပွဲပယ်ပြစ်ဒဏ် ပြီးဆုံးနောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အနားပေးချိန်အထိ ဆက်တိုက် ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စုအဆင့်ပွဲစဉ်များတွင်လည်း ငါးပွဲစလုံးတွင် ပါဝင်ကစားခဲ့ရသည်..။

ချယ်လ်ဆီးအသင်းကြီးအတွက် သူ၏ပထမဆုံး သွင်းဂိုးကို ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ပွဲချိန်နောက်ဆုံးမိနစ်၌ အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးနိုင်ခဲ့သည်..။ ကော်နာ ဂါလက်ချာ မှာ ရာသီဒုတိယပိုင်းတွင်လည်း အဓိကကစားသမားအဖြစ် ဆက်လက်ပါဝင်ခွင့်ရခဲ့ပြီး ယာယီနည်းပြ ဖရန့် လမ်းပတ် ကိုင်တွယ်ခဲ့သော (၁၀) ပွဲတွင် (၉) ပွဲ၌ ပါဝင်ခဲ့ရသည်..။

နည်းပြ ဖရန့် လမ်းပတ် က ဂါလက်ချာ အား တိုက်စစ်ပိုင်းတွင် ပိုမိုတာဝန်ယူစေခဲ့ပြီး ဘရိုက်တန်အသင်း၊ ဘုန်းမောက်အသင်းတို့နှင့် ပွဲစဉ်များတွင် သွင်းဂိုးများ ထပ်မံရရှိခဲ့သည်..။ကော်နာ ဂါလက်ချာ မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် အင်္ဂလန်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းအတွက် ပါဝင်ခဲ့ပြီး အသက် (၁၇) နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်..။ ခရစ်စ်တယ် ပဲလေ့စ် အသင်းတွင် အဌားထွက်ရင်း ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ ဆမ်မာရီနို အသင်းအား ၁၀ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့သည်..။ ထို့နောက် ၂၀၂၂ ခုနှစ်၊ မတ်လ၊ ဆွစ်ဇာလန်အသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့သည်..။