10 Mykhailo Mudryk

ကစားသည့်နေရာ : Forward

အသက် : 22 years (5 January, 2001)

မွေးဖွားရာဒေသ : Krasnograd, Ukraine

အရပ်အမြင့် : 1.75m (5ft 10in)

ကိုယ်ရေးအကျဉ်း
===========

ယူကရိန်းတောင်ပံ ကစားသမား မိုင်ဟေးလ်လို မူဒရပ်ခ် မှာ အသက် (၂၂) နှစ်ပြည့်ပြီး မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းနှင့် (၈) နှစ်ခွဲသက်တမ်းရှိ စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့သည်..။ လျှင်မြန်မှုနှင့် အမြန်နှုန်း ကောင်းမွန်သော တောင်ပံကစားသမားမှာ ရှက်တာ ဒိုးနက်စ် အသင်းတွင် ရှိနေစဉ်က ပြိုင်ဘက်ကစားသမားကို တစ်ဦးချင်း  (1 vs 1) ကျော်ဖြတ်မှု ပြုလုပ်ရာတွင် ထူးချွန်သူအဖြစ် ဥရောပဘောလုံးလောကတွင်လူသိများခဲ့သည်..။

ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်အနီးရှိ Krasnograd မြို့လေးတွင် မွေးဖွားခဲ့သည့် မိုင်ဟေးလ်လို မူဒရပ်ခ် မှာ ဇာတိမြေမှ Metalist Kharkiv အသင်းတွင် ကစားသမားဘဝကို စတင်ခဲ့သည်..။ ထို့နောက် Dnipro Dnipropetrovsk အသင်းမှတဆင့် အသက် (၁၅) နှစ်အရွယ်တွင် နာမည်ကျော် ရှက်တာ ဒိုးနက်စ် အသင်းသို့ ရောက်ရှိသွားခဲ့သည်..။

အသင်းကြီးအတွက် သူ၏ပထမဆုံးကစားခွင့်ကို အသက် (၁၇) နှစ်အရွယ်တွင် Olimpik Donetsk အသင်းနှင့် ယှဉ်ပြိုင်သည့် ယူကရိန်း ဖလားပြိုင်ပွဲတွင် စတင်ရရှိခဲ့သည်..။ ထို့နောက် Arsenal Kyiv အသင်း၊ Desna Chernigiv အသင်းများသို့ အဌားသွားရောက်ခဲ့ရသည်..။ ရှက်တာ ဒိုးနက်စ် အသင်းကို နည်းပြ ရော်ဘတ်တို ဒီ ဇာဘီ တာဝန်ယူချိန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလတွင် မူဒရပ်ခ် မှာ အသင်းတွင် ပုံမှန်နေရာ ရလာခဲ့ပြီး မာရီယိုပူးလ် အသင်းအား ၅ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။

အဆိုပါဘောလုံးရာသီတွင် ရုရှ- ယူကရိန်းစစ်ပွဲကြောင့် ဘောလုံးရာသီမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းလိုက်ရသော်လည်း မူဒရပ်ခ် မှာ ရှက်တာ ဒိုးနက်စ်အသင်း၏ ၂၀၂၁ ခုနှစ်အတွက် ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ကို ရရှိခဲ့သည်..။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၏ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ထပ်မံချီးမြှင့်ခံခဲ့ရသည်..။

၂၀၂၂/၂၃ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မူဒရပ်ခ် မှာ RB လိုက်ပ်ဇစ် အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးခဲ့ပြီး ရှက်တာ ဒိုးနက်စ်အသင်း၏ ချန်ပီယံလိဂ်ပြိုင်ပွဲ ခရီးလမ်းကို စတင်ခဲ့သည်..။ ထို့နောက် ဆဲလ်တစ်အသင်းနှင့် အဝေးကွင်းတွင် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ရာတွင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့ခင် ယှဉ်ပြိုင်ခဲ့သော ယူကရိန်းအမှတ်ပေးပွဲစဉ်များတွင်လည်း (၈) ပွဲအတွင်း (၆) ဂိုးရရှိခဲ့သည်..။ မူဒရပ်ခ် မှာ ရှက်တာ ဒိုးနက်စ်အသင်းအတွက် (၄၄) ပွဲတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုး (၃) ဂိုး အပါအဝင် (၁၂) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။

မိုင်ဟေးလ်လို မူဒရပ်ခ် မှာ လီဗာပူးလ်အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် စတင်ပါဝင်နိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်တွင် သူ၏အမြန်နှုန်းနှင့် ဘောလုံးကျွမ်းကျင်မှုတို့အပေါ် ပရိသတ်များက မျက်စိကျခဲ့ကြသည်..။ ဖူးလ်ဟမ်းအသင်းနှင့်ပွဲတွင် အသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း မူဒရပ်ခ် မှာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် လူစားဝင် ကစားသမားအဖြစ်နှင့်သာ အများဆုံး ပါဝင်ခွင့်ရရှိခဲ့သည်..။

လက်စ်တာအသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ဂိုးဖန်တီးခွင့် ရရှိခဲ့သော်လည်း အသင်းအတွက် အဖွင့်ဂိုးနှင့် တေ့လွဲလွဲနေဆဲဖြစ်သည်..။


အသက် (၂၂) နှစ်အရွယ် တောင်ပံတိုက်စစ်မှူးမှာ စကော့တလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ play-off ခြေစစ်ပွဲစဉ်တွင် နိုင်ငံလက်ရွေးစင် အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရခဲ့သည်..။ ထို့နောက် ဝေးလ်အသင်းအား ရှုံးနိမ့်ခဲ့ရသည့် နောက်ဆုံးအဆင့် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် UEFA Nations League ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်..။