3 Wesley Fofana

ကစားသည့်နေရာ : Centre-back

အသက် : 25 years (December 17, 2000)

မွေးဖွားရာဒေသ : Marseille, France

အရပ်အမြင့် : 1.85m (6ft 1in)

ကိုယ်ရေးအကျဉ်း
========

အနာဂတ်တွင် ပရီးမီးယားလိဂ်၏ အတောက်ပဆုံး နောက်ခံလူတစ်ယောက်အဖြစ် ထင်ကြေးပေးခံခဲ့ရသည့် ပြင်သစ်လူငယ် နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ မှာ ကူလီဒူ ကူလီဘာလီ နှင့် မာ့ခ် ကူကူရယ်လာ တို့နှင့်အတူ ချယ်လ်ဆီးအသင်းသို့ ၂၀၂၂/ ၂၃ ဘောလုံးရာသီ၊ နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ရောက်ရှိလာခဲ့သည်..။

ပြင်သစ်လိဂ် ပြိုင်ပွဲဝင် စိန့် အက်တီယန်းအသင်းနှင့် ခြေစွမ်းပြခဲ့သည့် လူငယ်နောက်ခံလူမှာ လက်စ်တာ အသင်းနှင့် ဘောလုံးရာသီနှစ်ရာသီတွင် စွယ်စုံရ နောက်ခံလူတစ်ယောက်အဖြစ် တောက်ပနိုင်မည့် အလားအလာများကို သက်သေပြနိုင်ခဲ့သည်..။ အဆိုပါခြေစွမ်းကြောင့် ၂၀၂၀/၂၁ ဘောလုံးရာသီတွင် လက်စ်တာ အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား’ အဖြစ် ရွေးချယ်ခံခဲ့ရပြီး ချယ်လ်ဆီးအသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့သည့် FA ဖလား၊ ဗိုလ်လုပွဲစဉ်တွင်လည်း အထူးခြေစွမ်းပြနိုင်ခဲ့သည်..။

ပြင်သစ်နိုင်ငံတောင်ပိုင်း၊ မာဆေးလ်မြို့တွင် မွေးဖွားခဲ့သည့် ဝက်စ်လေ ဖိုဖာနာ မှာ အသက် (၁၄) နှစ်အရွယ် မတိုင်ခင်အထိ စနစ်တကျ လေ့ကျင့်ခံခဲ့ရခြင်း မရှိခဲ့သော်လည်း သူ၏ဇာတိမြေဖြစ်သည့် စိန့် အက်တီယန်း အသင်းသို့ ရောက်ရှိချိန်မှစတင်ပြီး ပထမအသင်းကြီးသို့ လျှင်လျှင်မြန်မြန် တိုးတက်ရောက်ရှိခဲ့သည်..။ ထိုမှတဆင့် အသက် (၂၁) နှစ်အရွယ်မှာပင် လက်စ်တာ အသင်းနှင့်အတူ ပြသခဲ့သည့် ခြေစွမ်းကြောင့် ထိပ်တန်းအဆင့် နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်..။



၂၀၁၈/၁၉ ဘောလုံးရာသီတွင် စတုတ္ထတန်းအဆင့် ပြိုင်ပွဲဝင် စိန့် အက်တီယန်း (၂) အသင်းအတွက် စတင်ပါဝင်ခဲ့ရပြီး ပြင်သစ်နိုင်ငံ၏ အရေးပါသော Coupe Gambardella လူငယ်ဖလား ပြိုင်ပွဲတွင် လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနှင့်အတူ ဗိုလ်စွဲခဲ့ရာတွင် အထူးခြေစွမ်းပြနိုင်ခဲ့သည်..။ ထို့ကြောင့် လီဂူး (၁) ပြိုင်ပွဲဝင် စိန့် အက်တီယန်း အသင်းကြီးသို့ ပို့ဆောင်၊ မြေတောင်မြှောက်ခြင်း ခံခဲ့ရသည်..။ ထို့နောက်နိစ်အသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပါဝင်ခွင့်ရခဲ့ပြီး အဆိုပါဘောလုံးရာသီတွင် စိန့် အက်တီယန်း အသင်းအား အမှတ်ပေးပြိုင်ပွဲ၊ စတုတ္ထနေရာနှင့် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိစေခဲ့သည်..။ စိန့် အက်တီယန်း အသင်းနှင့် သူ၏ပထမဆုံး ပွဲထွက်ခွင့်ကို အန်းဂါးစ်အသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်တွင် စတင်ရရှိခဲ့သည်..။

၂၀၁၉/၂၀ ဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် နှစ်လကျော် အနားယူခဲ့ရသော်လည်း ဒဏ်ရာမှပြန်လည် ကောင်းမွန်လာချိန်တွင် ပွဲထွက်ခွင့် ပြန်လည်ရရှိအောင် ကြိုးစားစွမ်းဆောင်နိုင်ခဲ့သည်..။ သူ၏ပထမဆုံး သွင်းဂိုးကို နိစ်အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လီဂူး (၁) အမှတ်ပေးပွဲစဉ်တွင် ရရှိခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် စိန့် အက်တီယန်း အသင်းနှင့်အတူ ပြင်သစ်ဖလား (Coupe de France) ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး နာမည်ကျော် ပီအက်စ်ဂျီအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်..။ ဖိုဖာနား မှာ ကိုင်လီယန် အမ်ဘတ်ပေး၊ နေမာ တို့ ဦးဆောင်သော တိုက်စစ်ကို တွဲဖက်ခံစစ်မှူး လိုရစ်ခ် ပါရင် အထုတ်ခံရခဲ့သော်လည်း အကောင်းဆုံးခုခံ ကာကွယ်နိုင်ခဲ့သည်..။

၂၀၂၀/၂၁ ဘောလုံးရာသီတွင် လက်စ်တာ စီးတီးအသင်းသို့ ရောက်ရှိခဲ့ပြီး မြန်မြန်ဆန်ဆန် အထိုင်ကျကာ အဓိကကစားသမားအဖြစ် (၃၈) ပွဲ ပါဝင်ကစားခွင့်ရခဲ့သည်..။ ထို့အပြင် အဆိုပါဘောလုံးရာသီတွင် ပြသခဲ့သော ခြေစွမ်းကြောင့် အသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု’ ကိုပါ ချီးမြှင့်ခံခဲ့ရသည်..။



သို့သော် ၂၀၂၁/၂၂ ရာသီကြို ပြင်ဆင်မှုများ ပြုလုပ်ချိန်တွင် ဗီလာရီးရဲလ် အသင်းနှင့်ပွဲစဉ်၌ ခြေကျိုးခဲ့သောကြောင့် လအတန်ကြာ အနားယူခဲ့ရသည်..။ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဒုတိယမြောက် ပွဲစဉ်ဖြစ်သော ရန်းန် အသင်းနှင့် Europa Conference League နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အဆုံးအဖြတ် အနိုင်ဂိုးကို ခေါင်းတိုက်ဘောမှတဆင့် သွင်းယူပေးခဲ့သည်..။ ဖိုဖာနာ မှာ ဒဏ်ရာကြောင့် (၁၀) လနီးပါး အနားယူခဲ့ရသော်လည်း ပြန်လည်ကစားနိုင်ချိန်တွင် သူ၏အကောင်းဆုံးခြေစွမ်းကို ချက်ချင်းပြန်လည်ရရှိခဲ့သည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် စတင်ပါဝင်ခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲချိန်ပြည့်ကစားခဲ့သည်..။ သို့သော်အသင်းနှင့် လေးပွဲမြောက်အဖြစ် အေစီ မီလန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် ပြန်လည်အနားယူခဲ့ရသည်..။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဆောက်ပ်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ရာသီကုန်ချိန်ထိ ပွဲစဉ်အများစုတွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုးကို လိဒ် ယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့သည်..။

၂၀၂၃/၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ဒူးအရွတ်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် ကာလရှည်ကြာ အနားယူခဲ့ပြီး တစ်ပွဲမှ ပါဝင်ကစားခွင့် မရခဲ့ပေ..။

ယခင်နှစ်ဘောလုံးရာသီတွင် ရရှိခဲ့သော ဒဏ်ရာပြဿနာကြောင့် ဖိုဖားနား မှာ ၂၀၂၄/၂၅ ဘောလုံးရာသီ စတင်ချိန်၌ ဝက်စ်ဟမ်းအသင်းနှင့်ပွဲ တစ်ပွဲတည်းတွင်သာ ညာနောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်..။ ထို့နောက် ဗဟိုနောက်ခံလူအဖြစ် လီဗိုင်း ကိုဝဲလ် နှင့်အတူ တွဲဖက်၍ ပါဝင်ခွင့်ရခဲ့ပြီး ဒီဇင်ဘာလတွင် ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရပြန်သည်..။
၂၀၂၅ ခုနှစ်၊ မတ်လတွင် ဒဏ်ရာမှပြန်လည်ကောင်းမွန်လာခဲ့ပြီး နှစ်ပွဲသာ ပါဝင်ကစားခဲ့ရသည်..။ ထို့နောက် မကြာခဏ ဒုက္ခပေးနေသည့် ပေါင်ကြွက်သားဒဏ်ရာအတွက် ခွဲစိတ်မှုခံယူခဲ့ပါသည်…။

၂၀၂၅/၂၆ ဘောလုံးရာသီတွင် ဖိုဖာနာ မှာ လူစားဝင် ကစားသမားအဖြစ် တစ်ပွဲကစားခဲ့ပြီး သူ၏ပထမဆုံး ပွဲထွက်ခွင့်ကို ဘရန့်တ်ဖို့ဒ်အသင်းပွဲ၌ ညာအစွန် နောက်ခံလူအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ သို့သော် လင်ကွန်းအသင်းနှင့် Carabao ဖလားပွဲစဉ်တွင် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ (၃) ပွဲ လွဲချော်ခဲ့ရသည်မှအပ ကျန်ရှိသော ပွဲစဉ်များအားလုံးတွင် ဗဟိုခံစစ်မှူး အဖြစ် ကစားခဲ့ရသည်။



အိုင်းယက်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာခဲ့ပြီး အရေးပါသော ချန်ပီယံလိဂ် အနိုင်ပွဲအတွက် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို့အပြင် တော့တင်ဟမ်၊ ဘာစီလိုနာတို့ကို ပေးဂိုးမရှိ အနိုင်ရရှိခဲ့သည့် ပွဲကြီးပွဲကောင်းများတွင်လည်း ပါဝင်ကစားခဲ့သည်။

၂၀၂၆ ခုနှစ် နှစ်သစ်သို့ ရောက်ရှိချိန်တွင် ဖိုဖာနာ သည် နာပိုလီအသင်းအား ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှ အနိုင်ရအောင် ပြန်လည်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည့် အသင်းလူစာရင်းတွင် ပါဝင်ခဲ့သည်။ ဝက်စ်ဟမ်းအသင်းနှင့် ပွဲတွင်လည်း ၂ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်နေရာမှ အနိုင်ရရှိအောင် ပြန်လည်ကစားနိုင်ခဲ့ရာ၌ သူ၏လူစားဝင်လာမှုမှာ အနိုင်ပွဲအတွက် အရေးပါခဲ့သည်။ ဘောလုံးနှင့်အတူ ဆွဲတက်သွားခဲ့ပြီး အဝေးတိုင်သို့ ဖြတ်တင်ပေးလိုက်သော သူ၏ပေးပို့မှုမှတစ်ဆင့် ဂျာအို ပီဒရို က ချေပဂိုး စတင်ရရှိခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလအစောပိုင်းတွင် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော Carabao ဖလား အကြိုဗိုလ်လုပွဲစဉ်၌ ဖိုဖာနာ သည် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့သည်။

မတ်လတွင် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်၌ အနီကတ်ဒ်ပြ ထုတ်ပယ်ခံခဲ့ရသော်လည်း ပွဲပယ်ပြစ်ဒဏ်မှ ပြီးဆုံးချိန်တွင် မန်ချက်စတာ စီးတီးနှင့် FA ဖလား ဗိုလ်လုပွဲ အပါအဝင် ရာသီပိတ်ပွဲစဉ်များ၌ အဓိက ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ပါဝင်ခွင့် ရရှိခဲ့သည်။ ဖိုဖာနာ မှာ အဆိုပါဘောလုံးရာသီတွင် ပွဲထွက် (၃၁) ပွဲ၊ လူစားဝင် (၇) ပွဲကစားခွင့် ရရှိခဲ့သည်။