ကစားသည့်နေရာ : Defender/wing-back
အသက် : 26 years (July 22, 1998)
မွေးဖွားရာဒေသ : Alella, Spain
အရပ်အမြင့် : 1.72 m (5 ft 8 in)
ကိုယ်ရေးအကျဉ်း
========
မာ့ခ် ကူကူရယ်လာ မှာ ဘရိုက်တန်အသင်းနှင့် ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်း သို့ ပြောင်းရွှေ့လာခဲ့သည်..။ အသက် (၂၄) နှစ်ပြည့် မွေးနေ့အပြီး ရက်သတ္တပါတ် အနည်းငယ်အကြာတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် စပိန်ကစားသမားမှာ ဘယ်အစွန် နောက်ခံလူ၊ wing back နှင့် ဗဟိုခံစစ်မှူးနေရာများတွင် ကစားခဲ့သည်..။ ကူကူရယ်လာ မှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ဘရိုက်တန်အသင်းဖော်များနှင့် ပရိသတ်များက ရွေးချယ်သော ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ကို ဆွတ်ခူးနိုင်ခဲ့သည်..။
လုပ်အားနှုန်း ကောင်းမွန်ပြီး ဘယ်တောင်ပံတစ်လျှောက် မနားတမ်း အတက်အဆင်း ပြုလုပ်နိုင်သည့် စပိန်ကစားသမားမှာ ဘောလုံးဖျက်ထုတ်ရာတွင် ကောင်းမွန်သူလည်း ဖြစ်သည်..။ မနှစ်ကဘောလုံးရာသီ အချက်အလက်များအရ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ဖျက်ထုတ်မှု (၉၃) ကြိမ်အထက် ပြုလုပ်နိုင်သည့် ကစားသမား သုံးဦးထဲတွင် ပါဝင်ခဲ့သည်..။
ကူကူရယ်လာ မှာ စပိန်နိုင်ငံ၊ အက်စ်ပါညို အသင်းလူငယ် အကယ်ဒမီတွင် ကြီးပြင်းလာခဲ့ပြီး အသက် (၁၄) နှစ်တွင် ဘာစီလိုနာ လူငယ်အကယ်ဒမီသို့ ရောက်ရှိခဲ့သည်..။ ထို့နောက်လာလီဂါပြိုင်ပွဲတွင် အယ်လ်ဘာ၊ ဂီတာဖေးလ် အသင်းများသို့ အဌားထွက်ခဲ့ပြီး ဂီတာဖေးလ် အသင်းနှင့်ဒုတိယရာသီတွင် အပြီးသတ် ပြောင်းရွှေ့ခဲ့သည်..။ စပိန်လာလီဂါ ပြိုင်ပွဲတွင် ဘယ်တောင်ပံ ကွင်းလယ် ကစားသမားအဖြစ် အများဆုံးကစားခဲ့သော်လည်း ဘရိုက်တန်အသင်းသို့ ရောက်ရှိလာချိန်တွင် နည်းပြ ဂရေဟမ် ပေါ်တာ က နောက်ခံလူအဖြစ် ပြောင်းလဲ၊ ကစားစေခဲ့သည်..။
မာ့စ် ကူကူရယ်လာ မှာ ၂၀၂၂/၂၃ ဘောလုံးရာသီ၏ အဖွင့်ပွဲစဉ်ဖြစ်သော အဲဗာတန်အသင်းနှင့်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ပြီး သူ၏လုပ်အားနှုန်းနှင့် ပေးပို့မှုများကြောင့် ပရိသတ်များ၏ နှစ်သက်မှုကို ရရှိခဲ့ပါသည်..။ ဒုတိယပွဲစဉ်ဖြစ်သော တော့တင်ဟမ်အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်တွင် နောက်ခံလူ ကာလီဒူ ကူလီဘာလေ ၏ မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့်ဂိုးကို ထောင့်ကန်ဘောမှတဆင့် ဖန်တီးပေးနိုင်ခဲ့ပါသည်..။
ကူကူရယ်လာ မှာ ဘယ်နောက်ခံလူ၊ left wing back နှင့် left center back နေရာများတွင် ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်အထိ အသင်း၏ခံစစ်ကြောင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ စက်တင်ဘာလကုန်ခါနီးတွင် ပြင်းထန်သည့် အာသီးယောင်ရောဂါဖြင့် အောက်တိုဘာလ အစောပိုင်းပွဲစဉ်များကို လွဲချော်ခဲ့ရသည်..။ ဧပြီလအလယ်ပိုင်းတွင် ကြွက်သားဒဏ်ရာဖြင့် ခေတ္တအနားယူခဲ့ရသော်လည်း မာ့စ် ကူကူရယ်လာ မှာ ဂရေဟမ် ပေါ်တာ ၏ အသင်းတွင် အဓိကကစားသမားဖြင့် ပွဲစဉ်အများစုတွင် ပါဝင်ခဲ့ရသည်..။ သူ၏အကောင်းဆုံး ခြေစွမ်းပြနိုင်သည့်ပွဲစဉ်မှာ ဒေါ့မွန်အသင်းအား ၂ - ၀ ဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် (ဒုတိယအကျော့) ဖြစ်ခဲ့သည်..။
၂၀၂၃/၂၄ ဘောလုံးရာသီတွင် မာ့စ် ကူကူရယ်လာ မှာ ဒဏ်ရာပြဿနာကြောင့် အချိန်ကြာမြင့်စွာ အနားယူခဲ့ရသော်လည်း ရာသီကုန်ကာလတွင် ခြေစွမ်းပြနိုင်ခဲ့သည်..။ ထို့အပြင် ညာနောက်ခံလူ နေရာတွင် ဒဏ်ရာပြဿနာ များပြားခဲ့သော ကာလများအတွင်း ညာနောက်ခံလူအဖြစ် ကစားပေးခဲ့ရသေးသည်..။
ရာသီအလယ်ပိုင်း ကာလတွင် ခြေကျင်းဝတ်ခွဲစိတ် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ပြန်လည်ကစားနိုင်ချိန်တွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုးကို လက်စ်တာ အသင်းအား အနိုင်ရရှိခဲ့သည့် FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် သွင်းယူပေးခဲ့သည်..။ ဘရိုက်တန်နှင့် အဲဗာတန်အသင်းများကို အနိုင်ရရှိခဲ့သော ပွဲစဉ်များတွင် ဖြတ်တင်ဘောများမှတဆင့် ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်..။ မာ့စ် ကူကူရယ်လာ မှာ ချယ်လ်ဆီးအသင်း၏ ရာသီကုန်ကာလ ပွဲစဉ် (၁၂) ပွဲတွင် ပွဲစဉ်တိုင်း ပါဝင်ကစားခွင့် ရရှိခဲ့သည်..။
မာ့ခ် ကူကူရယ်လာ မှာ စပိန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲကစားခွင့်ရရှိထားပြီး ၂၀၂၂ ခုနှစ်၊ တိုကျိုနွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် စပိန်အသင်းနှင့်အတူ ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့သည်..။ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ မတ်လ၊ ဘရာဇီးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်တွင် စပိန်လက်ရွေးစင် အသင်းအတွက် ပြန်လည်အရွေးခံခဲ့ရသည်..။ ထို့နောက် ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် စပိန်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့်အပြင် ပါဝင်ကစားခွင့်ရခဲ့သည့် ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဦးစားပေး ဘယ်နောက်ခံလူအဖြစ် အုပ်စုအဆင့် ပွဲစဉ်များတွင် ပါဝင်ခဲ့ရသည်..။
အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲတွင် မီခေးလ် အိုရာဇဘယ်လ် သွင်းယူပေးခဲ့သည့် အနိုင်ဂိုးအား တိကျသည့် ဖြတ်တင်ဘောမှတဆင့် ဖန်တီးပေးနိုင်ခဲ့သည်..။ မာ့စ် ကူကူရယ်လာ မှာ ယူရို ၂၀၂၄ ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း (Team of the Tournament) တွင် ရွေးချယ်ခံခဲ့ရသည်..။