7 Raheem Sterling

ကစားသည့်နေရာ : Forward

အသက် : 28 years (8 December, 1994)

မွေးဖွားရာဒေသ : Kingston, Jamaica

အရပ်အမြင့် : 1.70 m (5 ft 7 in)

ကိုယ်ရေးအကျဉ်း
=========

ရာဟင်း စတာလင်း မှာ ဘောလုံးသယ်ယူ၊ ဆွဲပြေးရာတွင် ကောင်းမွန်ပြီး တိုက်စစ်တွင် နေရာစုံကစားနိုင်သည့်အပြင် နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သူလည်း ဖြစ်သည်..။ နောက်ခံလူများကို ဘောလုံးကျွမ်းကျင်မှု၊ လျှင်မြန်မှုနှင့် ချိန်သားကိုက် ပြေးဝင်နေရာယူနိုင်မှုတို့ဖြင့် ကျော်ဖြတ်နိုင်စွမ်း ရှိသူလည်းဖြစ်သည်..။ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သော မန်ချက်စတာ စီးတီးတွင် စတာလင်း မှာ တစ်ရာသီအတွင်း သွင်းဂိုး (၂၅) ဂိုး ရရှိခဲ့သည်..။ သူ၏သွင်းဂိုးအများစုမှာ အနီးကပ်ပိတ်သွင်းပြီး ရယူခဲ့သည့် သွင်းဂိုးများ ဖြစ်ခဲ့သည်..။

ဂျမေကာနိုင်ငံ၊ ကင်းစတန်းမြို့တွင် မွေးဖွားခဲ့သော ရာဟင်း စတာလင်း မှာ မွေးချင်းငါးဦးနှင့်အတူ လန်ဒန်မြို့တော် အနောက်မြောက်ပိုင်း အရပ်တွင် ကြီးပြင်းခဲ့သည်..။ ကျူပီအာအသင်း လူငယ်အကယ်ဒမီတွင် ခြောက်နှစ်ကျင်လည်ခဲ့ပြီး အသက် (၁၅) နှစ်အရွယ်၊ ၂၀၁၀ ခုနှစ်တွင် လီဗာပူးလ်အသင်း လူငယ်အကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့သည်..။

၂၀၁၃/၁၄ ဘောလုံးရာသီတွင် တွဲဖက်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၊ ဒယ်နီရယ် စတားရစ်ခ်ျ တို့နှင့်အတူ တွဲဖက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိရန် နီးစပ်ခဲ့သလို စတာလင်း မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ‘အကောင်းဆုံး လူငယ် ကစားသမားဆု (Golden Boy Award)’ ချီးမြှင့်ခံခဲ့ရသည်..။ ၂၀၁၅ ခုနှစ်၊ နွေရာသီတွင် လီဗာပူးလ် အသင်းမှ မန်ချက်စတာ စီးတီးအသင်းသို့ အင်္ဂလိပ်ကစားသမားများထဲတွင် ပြောင်းရွှေ့ကြေးအများဆုံး စံချိန်ဖြင့် ပြောင်းရွှေ့ခဲ့သည်..။

စတာလင်း မှာ မန်ချက်စတာ စီးတီးအသင်း၏ ၄- ၃- ၃ ကစားကွက်တွင် ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ပက်ပ် ဂွာဒီယိုလား ၏ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့သည့် ၂၀၁၇/၁၈ ဘောလုံးရာသီတွင် (၂၃) ဂိုး သွင်းယူပေးခဲ့သည်..။ ၂၀၁၈/၁၉ ဘောလုံးရာသီတွင် သူ၏ပရီးမီးယားလိဂ် ဂိုး (၅၀) မြောက် သွင်းဂိုး အပါအဝင် FA ဖလား ဗိုလ်လုပွဲတွင် နှစ်ဂိုး၊ လိဂ်ဖလားကို ဆွတ်ခူးစေခဲ့သည့် အဆုံးအဖြတ် ပင်နယ်တီကန်ချက်ကိုပါ သွင်းယူပေးခဲ့သည်..။ စတာလင်း မှာ အဆိုပါဘောလုံးရာသီတွင် ‘တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု (PFA Young Player of the Year)’ နှင့် ‘အားကစား ကလောင်ရှင်များက ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (FWA Footballer of the Year)’ တို့ ချီးမြှင့်ခံခဲ့ရသည်..။

ရာဟင်း စတာလင်း မှာ ပက်ပ်ဂွာဒီယိုလာ ၏ အသင်းတွင် လျှင်မြန်သော တောင်ပံကစားသမားအဖြစ်မှ ကွင်းလယ်ဖန်တီးရှင်၊ နောက်ချန်တိုက်စစ်မှူး..၊ false 9 အဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၁၉/၂၀ ဘောလုံးရာသီတွင် တစ်ရာသီအတွင်း သွင်းဂိုး (၃၀) အထိ ရရှိခဲ့သည်..။ စတာလင်း မှာ မန်ချက်စတာ စီးတီးအသင်းအတွက် (၃၃၉) ပွဲကစားပေးခဲ့ပြီး ဥရောပပြိုင်ပွဲများမှ သွင်းဂိုး (၂၄) အပါအဝင် (၁၃၁) ဂိုး သွင်းယူပေးနိုင်ခဲ့သည်…။

၂၀၂၂/၂၃ ဘောလုံးရာသီစတင်ချိန်တွင် နည်းပြသောမတ်စ် တူခယ်လ် က ရာဟင်း စတာလင်း အား အထောင်တိုက်စစ်မှူးနေရာတွင် ကစားစေခဲ့သည်..။ သူ၏စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှ ပထမဆုံးပွဲစဉ်ဖြစ်သော တော့တင်ဟမ်အသင်းနှင့်ပွဲတွင် ရိစ် ဂျိမ်းစ် ၏ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့နောက်လက်စ်တာ အသင်းအား ၂- ၁ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်..။ ဆောက်ပ်သမ်တန် အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင်ပါ ဆက်လက်ဂိုးသွင်းနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးလအတွင်း (၅) ပွဲကစား၊ (၃) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။

နည်းပြဂရေဟမ် ပေါ်တာ လက်ထက်တွင် တောင်ပံ ကစားသမားအဖြစ် ပြန်လည်ကစားခဲ့ရပြီးRed Bull ဆဲလ်ဘတ်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးရယူပေးနိုင်ခဲ့သည်..။ ထို့နောက်ဒိုင်နမို ဇာဂရက်အသင်းနှင့်ပွဲတွင် သွင်းဂိုးဆက်လက် ရရှိခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အနားပေးချိန်တွင် ချယ်လ်ဆီးအသင်း၏ သွင်းဂိုးအများဆုံး ရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်..။

၂၀၂၃ ခုနှစ်တွင် နော့တင်ဟမ် ဖောရက်စ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် သွင်းဂိုးဆက်လက် ရရှိခဲ့ပြီး အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲတွင် ပေါင်တွင်းကြော ဒဏ်ရာရရှိခဲ့သည်..။ ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲတွင် ပါဝင်ခဲ့ပြီး အသင်းအတွက် ပထမဂိုးကို သွင်းယူပေးနိုင်ခဲ့သည်…။

စတာလင်း မှာ ရာသီကုန်ခါနီးတွင် အကောင်းဆုံးခြေစွမ်း ရရှိခဲ့ပြီး နော့တင်ဟမ် ဖောရက်စ်အသင်းနှင့် အိမ်ကွင်းပွဲတွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်…။ အင်္ဂလန်တိုက်စစ်မှူးမှာ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် သွင်းဂိုး (၉) ဂိုး ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်း၏ ဂိုးအများဆုံး သွင်းယူပေးနိုင်သည့် ကစားသမားအဖြစ် ကိုင် ဟာဗာ့ဇ် နှင့် ပူးတွဲရပ်တည်နိုင်ခဲ့သည်..။

စတာလင်း မှာ အင်္ဂလန်အသင်းအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ (၇၇) ပွဲကစား၊ ယူရို ၂၀၂၀ ပြိုင်ပွဲမှ သုံးဂိုးအပါအဝင် (၁၉) ဂိုး သွင်းယူပေးထားခဲ့သည်..။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ပါဝင်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် လေးကြိမ်တာဝန်ယူခဲ့ဖူးသည်..။