11 Noni Madueke

ကစားသည့်နေရာ : Forward

အသက် : 21 years (10 March, 2002)

မွေးဖွားရာဒေသ : London, England

အရပ်အမြင့် : 1.82m (6ft)

ကိုယ်ရေးအကျဥ်း
==========

ချူ၀မ်နွန်ဆို ထရစ်စ်တန် မာဒူအီကေး မှာ ဥရောပဘောလုံးလောကအတွက် အနာဂတ်တွင် တောက်ပမည့် တိုက်စစ်ကစားသမား တစ်ယောက်အဖြစ် ဟော်လန်ဘောလုံးလောကတွင် ထွန်းတောက်လာခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် (၇) နှစ်ခွဲသက်တမ်းရှိ စာချုပ်ချုက်ဆို သဘောတူနိုင်ခဲ့သည်..။ မာဒူကေး မှာ ဘောလုံးပညာ ကောင်းမွန်ပြီး တောင်ပံတစ်လျှောက် အတက်အဆင်းပြုလုပ်နိုင်သူ ဖြစ်ပါသည်..။ ဘယ်ခြေကို ပိုမိုအားပြုပြီး ခြေနှုတ်ခြေသိမ်း မြန်ဆန်ကာ ဂိုးဖန်တီးပေးမှု ကောင်းမွန်သူလည်း ဖြစ်ပါသည်..။  ရံဖန်ရံခါတွင် ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားတတ်သော်လည်း ဘယ်တောင်ပံနှင့် ညာတောင်ပံတို့တွင် အများဆုံး ကစားလေ့ရှိသည်.။

နိုနီ မာဒူအီကေး အား လန်ဒန်မြို့မြောက်ဘက်ခြမ်းရှိ ဘားနက်ဒေသတွင် ဖွားမြင်ခဲ့သော်လည်း ကစားသမားဘ၀ကို လန်ဒန်မြို့ တောင်ဘက်ခြမ်းရှိ ခရစ်စ်တယ် ပဲလေ့စ်အသင်းနှင့်အတူ စတင်ခဲ့သည်..။ ထို့နောက် တော့တင်ဟမ်အသင်း လူငယ်အကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့ပြီး သူ၏ပထမဆုံး ရာသီတွင် (၂၂) ပွဲအတွင်း (၂၅) ဂိုးသွင်းယူနိုင်ခဲ့သည်..။ အဆိုပါခြေစွမ်းကြောင့် လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းကို အသက် (၁၅) နှစ်အရွယ်ကပင် ပါ၀င်ခွင့်ရခဲ့သည်..။

တဟုန်ထိုး တိုးတက်နေသည့် သူ၏ခြေစွမ်းကြောင့် ဥရောပနှင့်ပရီးမီးယားလိဂ် အသင်းများစွာတို့က စိတ်၀င်စားခဲ့သော်လည်း သူ၏နောက်ထပ်တစ်ဆင့်မြင့် တိုးတက်မှုအတွက် ဟော်လန်နိုင်ငံကို ရွေးချယ်ခဲ့သည်.။ ၂၀၁၈ ခုနှစ်တွင် ပီအက်စ်ဗွီ အိုင်ဒိုဗန်အသင်းနှင့် သုံးနှစ်သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်..။ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ပီအက်စ်ဗွီ (ဘီ) အသင်းတွင် ပါ၀င်ခွင့်ရခဲ့ပြီး တာထွက် (၅) ပွဲအတွင်း (၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီ အတွင်းမှာပင် အသက် (၁၇) နှစ်သားအရွယ် တိုက်စစ်ကစားသမားလေးမှာ အသင်းကြီးတွင် ပါ၀င်ခွင့် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ဂရိုနင်ဂျန်အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့သော ပွဲစဥ်တွင် မာဒူအီကေး မှာ အသင်းကြီးပွဲထွက်ခွင့် စတင်ရရှိခဲ့သည်..။

မာဒူကေး မှာ ၂၀၂၀/၂၁ ဘောလုံးရာသီတွင် ဟော်လန်အမှတ်ပေးပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် စုစုပေါင်း (၃၂) ပွဲအထိ ပါ၀င်ကစားခွင့်ရခဲ့ပြီး အင်မန်အသင်းနှင့်ပွဲတွင် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲတွင် (၈) ဂိုးသွင်း၊ (၈) ဂိုးဖန်တီးပေးနိုင်ခဲ့သလို PAOK အသင်းနှင့် ယှဥ်ပြိုင်ခဲ့ရသည့် ယူရိုပါလိဂ်ဖလား ပွဲစဥ်တွင် ပထမဆုံး ဥရောပသွင်းဂိုး ရရှိခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီ၏ ရာသီအဖွင့်ပြိုင်ပွဲဖြစ်သော ဂျိုဟန် ခရိုက်ဖ် ဖလားပွဲတွင် ပီအက်စ်ဗွီ အသင်းက မဟာပြိုင်ဘက် အိုင်းယက်စ်အသင်း ၄ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာ မာဒူအီကေး က နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ခြေစစ်ပွဲစဥ်များမှ သွင်းဂိုးများ အပါအ၀င် (၃၅) ပွဲကစား၊ (၉) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး (၆) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင် မာဒူအီကေး မှာ ခြေကျင်း၀တ်ဒဏ်ရာကြောင့် ရာသီအဖွင့်ပွဲစဥ်များကို လွဲချော်ခဲ့ပြီး အောက်တိုဘာလရောက်မှ စတင်ကစားနိုင်ခဲ့သည်..။ နိုနီ မာဒူအီကေး မှာ ပီအက်စ်ဗွီအသင်းအတွက် ပွဲပေါင်း (၈၀) အတွင်း ဂိုးပေါင်း (၂၀) သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ အင်္ဂလန်လူငယ် တောင်ပံ ကစားသမားမှာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ပြီး ဖေဖော်ဝါရီလတွင် ဖူးလ်ဟမ်းအသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရခဲ့သည်..။ ဝက်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ပထမဆုံးအကြိမ် ချယ်လ်ဆီးအသင်းနှင့် ပွဲထွက်ခွင့်ခဲ့ပြီး မေလအတွင်း အာဆင်နယ်အသင်းအား ၃- ၁ ဖြင့် ရှုံးနိမ့်ခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးနိုင်ခဲ့သည်..။

မာဒူအီကေး မှာ ယာယီနည်းပြ ဖရန့် လမ်းပတ် လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး မနှစ်ကရာသီတွင် ချယ်လ်ဆီးအသင်းအတွက် (၁၂) ပွဲ (လူစားဝင် ကစားသမားအဖြစ် (၅) ပွဲ အပါအဝင်) ကစားခွင့်ရခဲ့ပြီး ညာတောင်ပံမှ ထိုးဖောက်မှုများဖြင့် ပရိသတ်အား ကျေနပ်မှု ရရှိစေခဲ့သည်..။