ကစားသည့်နေရာ : Goalkeeper
အသက် : 27 years (18 November, 1997)
မွေးဖွားရာဒေသ : Cartagena, Spain
အရပ်အမြင့် : 1.97 m (6 ft 6 in)
ကိုယ်ရေးအကျဉ်း
=========
ချယ်လ်ဆီးအသင်းနှင့် ခုနှစ်နှစ်သက်တမ်းစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် စပိန်လက်ရွေးစင် ဂိုးသမားမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဘရိုက်တန်အသင်းနှင့်အတူ ဂိုးပေါက်ကာကွယ်မှု ကောင်းမွန်သည့် ဂိုးသမားတစ်ဉီးအဖြစ် လက်စွမ်းပြနိုင်ခဲ့သည်..။ ထိုအ့ပြင် ဘောလုံးပေးပို့မှု၊ ဘောလုံးဖြန့်ဝေမှု တိကျသေသပ်ပြီး တိုက်စစ်လမ်းကြောင်းများ စတင်ပေးနိုင်သူ တစ်ဉီးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်..။
ရောဘတ် ဆန်းချက်ဇ် မှာ ဇာတိမြေစပိန်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီး ဘရိုက်တန်အသင်းသို့ အသက် (၁၅) နှစ်အရွယ်တွင် ရောက်ရှိလာခဲ့သည်..။ ဘရိုက်တန်အသင်း လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းပြီး Forest Green Rovers အသင်း၊ Rochdale အသင်းများသို့ အဌားထွက်ခွာခဲ့သည်..။ ထို့နောက် ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ဘရိုက်တန်အသင်းသို့ ပထမဉီးစားပေး ဂိုးသမားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ပေးဂိုးမရှိသည့်ပွဲစဉ်ပေါင်း (clean sheets) (၁၁) ကြိမ် ရရှိခဲ့ပြီး ဘရိုက်တန်အသင်း၏ သမိုင်းတစ်လျှောက် clean sheet အများဆုံးရရှိခဲ့သည့် ရာသီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဘရိုက်တန်အသင်းနှင့်အတူ FA ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့ပြီး ကွာတားဖိုင်နယ်၊ အကြိုဗိုလ်လုပွဲစဉ်များတွင် clean sheet များ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်..။ သို့သော် မန်ချက်စတာ ယူနိုက်တက်အသင်းအား ပင်နယ်တီကန်သွင်းပြီး အဆုံးအဖြတ် ရယူရာတွင် ရှုံးနိမ့်ခဲ့ရသည်..။ အဆိုပါ FA ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲမှာ ဆန်းချက်ဇ် ၏ ဘရိုက်တန်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့သည့် ပွဲစဉ်အဖြစ်ပြီး Sea Gulls အသင်းအတွက် (၉၁) ပွဲ ကစားပေးခဲ့သည်..။
၂၀၂၃/၂၄ ဘောလုံးရာသီတွင် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ အား အဌားချခဲ့ပြီး အက်ဒ်ဒွပ် မန်ဒီ အား ရောင်းချလိုက်သဖြင့် ရောဘတ် ဆန်းချက်ဇ် မှာ လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ခဲ့သည့် ရာသီအဖွင့် ပွဲစဉ်တွင် ပွဲထွက်ခွင့်ရခဲ့သည်..။ လူတန် အသင်းအား အနိုင်ရရှိခဲ့သည့် တတိယမြောက်ပွဲစဉ်တွင် သူ၏ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ပေးဂိုးမရှိခဲ့သည့် (clean sheet ရခဲ့သည့်) ပွဲစဉ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။
အက်စ်တွန် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် နီကိုလပ်စ် ဇာနီလို ၏ ကန်ချက်အား အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့မှုမှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကာကွယ်မှု (Save of the month September) အဖြစ် သတ်မှတ်ခံခဲ့ရသည်..။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အဲဗာတန်အသင်းနှင့် ရင်ဆိုင်ခဲ့သည့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ဆားဗီးယား ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ် ပထမဂိုးသမားအဖြစ် သူ၏နေရာကို အစားထိုးရယူသွားခဲ့သည်..။ ဆန်းချက်ဇ်မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် (၂၁) ပွဲ ကစားခွင့်ရခဲ့ပြီး ပေးဂိုးမရှိခဲ့သည့် (clean sheet) ပွဲစဉ် (၅) ပွဲ ရှိခဲ့သည်..။
၂၀၂၄/၂၅ ဘောလုံးရာသီစတင်ချိန်တွင် ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ် အား အဌားချထားခဲ့ပြီး ဂိုးသမားသစ် ဖိလစ် ဂျော်ဂျင်ဆင် မှာ ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲတွင် ပထမဂိုးသမားအဖြစ် ကစားခွင့်ရခဲ့သည်..။ ရောဘတ် ဆန်းချက်ဇ် မှာ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပွဲထွက်ဂိုးသမားအဖြစ် ကစားခဲ့ရသည်..။ စတုတ္ထမြောက် ပွဲစဉ်ဖြစ်သော ဘုန်းမောက်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် တိုက်စစ်မှူး အီဗန်နီလ်ဆင် ကန်သွင်းယူသည့် ပင်နယ်တီ ပြစ်ဒဏ်ဘောကို ကာကွယ်ပေးနိုင်ခဲ့ပြီး clean sheet ရယူပေးနိုင်ခဲ့သည်..။
ရောဘတ် ဆန်းချက်ဇ် မှာ အဆိုပါဘောလုံးရာသီတွင် လက်စွမ်းပြနိုင်ခဲ့ပြီး နော့တင်ဟမ် ဖောရက်စ်အသင်းနှင့် ပွဲစဉ်တွင် သူ၏ကာကွယ်ခဲ့မှုမှာ ‘ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံး ကာကွယ်မှု’ အဖြစ် ရွေးချယ်ခံခဲ့ရသလို ‘၂၀၂၄/၂၅ ဘောလုံးရာသီ၏ အကောင်းဆုံး ကာကွယ်မှု’ အတွက် ရွေးချယ်သည့် နောက်ဆုံးဆန်ကာတင်စာရင်းတွင်လည်း ပါဝင်ခဲ့သည်..။
ဆန်းချက်ဇ် ၏ ဘရန့်တ်ဖို့ဒ်အသင်းနှင့်ပွဲစဉ်တွင် ခရစ္စတီယန် နိုဂါတ် ၏ မြေမကျကန်သွင်းချက်ကို ကာကွယ်ပေးနိုင်မှုအား ‘ဒီဇင်ဘာလ၏ အကောင်းဆုံး ကာကွယ်မှု’ ရွေးချယ်သည့် ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်..။ သို့သော်မန်ချက်စတာ စီးတီးအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် ဂျော်ဂျင်ဆင် က သူ၏နေရာကို အစားဝင်ပြီး ပွဲထွက်ခွင့်ရခဲ့သည်..။ မတ်လတွင် ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်နေရာရခဲ့ကာ (၄) ပွဲအတွင်း ပေးဂိုးမရှီ clean sheet (၃) ပွဲ ရရှိခဲ့သည်..။
၂၀၂၄/၂၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ အဆင့် (၄) နေရာဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဝင်ခွင့်ရရှိခဲ့သလို ဂိုးသမား ဆန်းချက်ဇ် မှာ (၃၂) ပွဲအတွင်း ပေးဂိုးမရှိ clean sheet (၁၀) ပွဲ ရရှိခဲ့သည်..။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် ကျင်းပသော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်ဂိုးသမားမှာ လက်စွမ်းပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအား အနိုင်ရ၊ ဗိုလ်စွဲစေခဲ့သည်..။ အဆိုပါပြိုင်ပွဲတွင် ဆန်းချက်ဇ် မှာ ဂိုးကာကွယ် ရာခိုင်နှုန်း (save percentage) (၈၁.၅ %) ရာခိုင်နှုန်းဖြင့် ကာကွယ်မှုအများဆုံး ပြုလုပ်ခဲ့သည့်အပြင် သေချာပေါက်ဂိုး ကာကွယ်မှု (၄.၂) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ ပီအပ်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲတွင် ပြင်သစ်အသင်း၏ သေချာပေါက် ဂိုးကန်သွင်းချက်များ အပါအဝင် ဂိုးပေါက်ကာကွယ်မှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု (Golden Glove) ချီးမြှင့်ခံခဲ့ရသည်..။
ရောဘတ် ဆန်းချက်ဇ် မှာ စပိန်လက်ရွေးစင်အသင်းအတွက် ဂျော်ဂျီယာအသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် စတင်ပွဲထွက်ခွင့် ရရှိခဲ့သည်..။ ထို့အပြင် Euro 2020 ပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။