14 Trevoh Chalobah

ကစားသည့်နေရာ : Defender

အသက် : 24 years (5 July, 1999)

မွေးဖွားရာဒေသ : Freetown, Sierra Leone

အရပ်အမြင့် : 1.92m (6 ft 3 in)

ကိုယ်ရေးအကျဉ်း

========
ထရေဗာ ချာလိုဘာ မှာ ချယ်လ်ဆီးအသင်း ငယ်မွေးခြံပေါက် ကစားသမားဟောင်း နေသန်နီယယ် ချာလိုဘာ ၏ ညီဖြစ်ပြီး အသင်းအကယ်ဒမီသို့ အသက် (၉) နှစ်အရွယ်ကပင် စတင်ရောက်ရှိလာခဲ့သည်..။ ထို့နောက်ချယ်လ်ဆီးအသင်းကြီးအတွက် ၂၀၁၈ ခုနှစ်တွင် စတင်ကစားခွင့် ရရှိခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် အစ်ပ်ဝစ်ခ်ျ တောင်းအသင်း၊ ဟာဒက်စ်ဖီးလ် တောင်းအသင်းများသို့ အဌားသွားရောက်ခဲ့သည်..။

ထရေဗာ မှာ လူငယ်ကစားသမားဘဝက ညာနောက်ခံလူနှင့် ဗဟိုခံစစ်နေရာများတွင် အများဆုံး ကစားခဲ့သော်လည်း ကွင်းလယ်အဖျက် ကစားသမားအဖြစ် ရံဖန်ရံခါ ကစားခဲ့သည်..။

၂၀၁၅/၁၆ ဘောလုံးရာသီတွင် လူငယ်အကယ်ဒမီ အသင်းများနှင့်အတူ UEFA လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲကို လူငယ် (အသက် ၁၉ နှစ်အောက်) အသင်း၊ FA လူငယ်ဖလားပြိုင်ပွဲကို လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းများနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်..။ ထရေဗာ ချာလိုဘာ မှာ FA လူငယ်ဖလား အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများတွင် အသင်းအတွက် အနိုင်ဂိုးများကို သွင်းယူပေးခဲ့သည်..။ ထို့နောက် ၂၀၁၇/၁၈ ဘောလုံးရာသီတွင် အသင်းကြီးနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့ပြီး မန်ချက်စတာ ယူနိက်တက် အသင်းကို အနိုင်ရခဲ့သည့် FA ဖလား၊ ဗိုလ်လုပွဲတွင် အသင်း၏ အရန်လူစာရင်းတွင် ပါဝင်ခဲ့သည်..။

၂၀၁၈/၁၉ ဘောလုံးရာသီတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် အစ်ပ်ဝစ်ခ်ျ အသင်းသို့ အဌားသွားရောက်ခဲ့ပြီး (၄၄) ပွဲကစား၊ (၂) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ထိုနေ့ာက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်းအသင်းသို့ အဌားသွားရောက်ခဲ့သည်..။ ထိုသို့ အဌားမသွားရောက်မီ ထရေဗာ မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့သည်..။ ဟာဒက်စ်ဖီးလ် တောင်း အသင်းတွင် (၃၇) ပွဲ ကစားခွင့်ရခဲ့ပြီး တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့သည်..။

၂၀၂၀ ခုနှစ်တွင် ချာလိုဘာ မှာ ပြင်သစ်လီဂူး (၁) တန်းတက်အသင်း လိုရီးယန့် အသင်းသို့ အဌားထွက်ခဲ့ပြီး အသင်း၏ ဗဟိုခံစစ်ကြောင်းနှင့် ကွင်းလယ်အဖျက် နေရာများတွင် ပုံမှန်ကစားခွင့်ရရှိပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်..။ ထရေဗာ ချာလိုဘာ မှာ လိုရီးယန့် အသင်းနှင့် ပွဲပေါင်း (၃၀) ကစားခွင့်ရခဲ့ပြီး (၂) ဂိုးသွင်းနိုင်ခဲ့သည့်အပြင် အသင်းအား တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် သောမတ်စ် တူခယ်လ် မှာ ထရေဗာ အား ရာသီကြိုအစီအစဉ်များတွင် ပါဝင်စေခဲ့ပြီး ဗီလာရီးရဲလ် အသင်းနှင့် စူပါဖလားပွဲတွင် ပွဲချိန်မိနစ် (၁၂၀) အပြည့် ကစားစေခဲ့သည်..။ ထို့အပြင် လူငယ်အကယ်ဒမီ ကစားသမားလေးမှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် အသင်းအတွက် တတိယဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးနိုင်ခဲ့သည်..။

ထို့နောက် ဆောက်ပ်သမ်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နောက်ထပ်သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးရရှိခဲ့ပြန်သည်..။ ထရေဗာ ချာလိုဘာ မှာ ချယ်လ်ဆီးအသင်း ဒဏ်ရာနှင့်ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရမှုတို့ကြောင့် အခက်အခဲတွေ့ခဲ့ရချိန်တွင်လည်း ကွင်းလယ်မှအားဖြည့် ကစားပေးခဲ့ရသည်..။ သို့သော်အများအပြားအားဖြင့် ဗဟိုခံစစ်ကြောင်း၏ ညာနောက်ခံလူအဖြစ် ဝါရင့်အသင်းခေါင်းဆောင်ကြီး ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် အလဲအလှယ် ကစားခဲ့ရသည်…။

ထရေဗာ ချာလိုဘာ မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပေါင်တွင်းကြော ဒဏ်ရာရရှိခဲ့သောကြောင့် ချယ်လ်ဆီးအသင်း၏ ကမ္ဘာ့ကလပ် ချန်ပီယံဖလား ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ..။ ဒဏ်ရာမှပြန်လည် ကောင်းမွန်လာချိန်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး နောဝစ်ခ်ျအသင်းအား အဝေးကွင်းတွင် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် သွင်းဂိုးထပ်မံ ရရှိခဲ့သည်..။
 
၂၀၂၂/၂၃ ဘောလုံးရာသီ အစောပိုင်းနှစ်လအတွင်း တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့သော်လည်း ဝက်စ်လေ ဖိုဖားနား ဒဏ်ရာရရှိသွားခဲ့သောကြောင့် ထရေဗာ ချာလိုဘာ မှာ အေစီ မီလန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြန်လည်ပါဝင်ခွင့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အနားပေးခဲ့ရသည့် နိုဝင်ဘာလလယ် ကာလအထိ ကစားခဲ့ရသည်..။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ကစားခွင့်သိပ်မရခဲ့သော်လည်း နည်းပြဖရန့် လမ်းပတ် တာဝန်ယူခဲ့ပြီး နောက်ဆုံး (၈) ပွဲတွင် (၇) ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။