5 Benoit Badiashile

ကစားသည့်နေရာ : Defender

အသက် : 22 years (26 March, 2001)

မွေးဖွားရာဒေသ : Limoges, France

အရပ်အမြင့် : 1.94m (6 ft 4 in)

ကိုယ်ရေးအကျဉ်း
========

အရပ်အမြင့် (၆) ပေ၊ (၄) လက်မ ရှိသော လူငယ်နောက်ခံလူ ဘာဒီယာရှီလေး မှာ အမြင့်ဘောများ ရှင်းထုတ်ရာတွင် ကောင်းမွန်သူဖြစ်သလို တစ်ဦးချင်းဘောလုံးစွမ်းရည်၊ ပေးပို့မှုများတွင်လည်း အနီးပေးသာမက အဝေးပေးပို့မှုများ၊ ထောင့်ဖြတ်ပေးပို့မှုများတွင်လည်း ကောင်းမွန်သူဖြစ်ပါသည်..။ လျှင်မြန်မှုကောင်းမွန်ခြင်းမှာ သူ၏အားသာချက်တစ်ခု ဖြစ်ခဲ့သလို သုံးယောက်တန်း ခံစစ်ကြောင်း၊ လေးယောက်တန်း ခံစစ်ကြောင်းများတွင် ကစားပေးနိုင်သူလည်းဖြစ်သည်..။

ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Limoges မြို့လေးတွင် မွေးဖွားခဲ့သော ဘာဒီယာရှီလေး မှာ ဇာတိမြေမြို့ခံအသင်းတွင် စတင်ကစားခဲ့ပြီး မိုနာကိုအသင်း လူငယ်အကယ်ဒမီသို့ အသက် (၁၅) နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်…။ ငယ်စဉ်ကပင် ဘယ်ခြေအားသန်သော ဗဟိုခံစစ်မှူး တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Championnat National 2 ပြိုင်ပွဲတွင် မိုနာကို (B) အသင်းနှင့် စတင်ပါဝင်ခဲ့ရသည်..။ ထို့မှတဆင့် UEFA လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အသက် (၁၉) နှစ်အောက် အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုအချိန်က နည်းပြဖြစ်သူ သီယာရီ အွန်နရီ က သီယာဂို ဆေးလ်ဗား ပါဝင်သော ပီအက်စ်ဂျီ အသင်းနှင့်ပွဲတွင် စတင်ပါဝင်ခွင့် ပေးခဲ့သည်..။

ဘာဒီယာရှီလေး မှာ ထိုအချိန်က အသက် (၁၇) နှစ်အရွယ်သာ ရှိနေသေးပြီး အသင်း၏ အရေးပါသော ကစားသမားအဖြစ် လျှင်လျှင်မြန်မြန် ရောက်ရှိလာခဲ့သည်..။ ထို့နောက်ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း အက်တလက်တီကို မက်ဒရစ်၊ ဘိုရုရှား ဒေါ့မွန်အသင်းတို့နှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် ပါဝင်ခွင့်ရခဲ့ပါသည်..။ သူ၏ပထမဆုံး ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲများအတွက် စုစုပေါင်း (၂၅) ပွဲ ကစားပေးခဲ့ပြီး (၁) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။

၂၀၁၉ ခုနှစ်တွင် ပြင်သစ်လူငယ်အသင်းနှင့် ဥရောပလူငယ် တံခွန်စိုက်ပြိုင်ပွဲ (အသက် ၁၉ နှစ်အောက်) တွင် ပါဝင်ခဲ့ပြီး အဆိုပါ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀) ပါဝင်ကစားခွင့် ရခဲ့သည်..။ မိုနာကိုအသင်းမှာ ၂၀၂၀/၂၁ ဘောလုံးရာသီတွင် ရလဒ်များကောင်းမွန်ခဲ့သလို ဘာဒီယာရှီလေး မှာလည်း ရာသီအဖွင့် နှစ်ပွဲဆက်တိုက် သွင်းဂိုးများရရှိခဲ့သည်..။

အဆိုပါဘောလုံးရာသီတွင် မိုနာကိုအသင်းမှာ အမှတ်ပေးပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့ရာ ဘာဒီယာရှီလေး မှာ တစ်ရာသီလုံး သုံးပွဲသာ လွဲချော်ခဲ့ပြီး Coupe de France ပြင်သစ်ဖလား ပြိုင်ပွဲတွင်လည်း လေးပွဲပါဝင်ကစားခဲ့သည်..။ မိုနာကိုအသင်းမှာ ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအသင်းကို ၂ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်..။ မနှစ်ကဘောလုံးရာသီတွင် ဒဏ်ရာပြဿနာနှင့် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုတို့ကြောင့် သုံးလခန့် အနားယူခဲ့ရသော်လည်း ပွဲပေါင်း (၃၄) ပွဲ ပါဝင်ကစားနိုင်ခဲ့သည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင်လည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့မလာခင်အထိ (၁၆) ပွဲကစား၊ (၂) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ မိုနာကိုအသင်းနှင့်အတူ ခြေစွမ်းပြသနေခဲ့သည့် ဘာဒီယာရှီလေး အား ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယာ ဒက်စ်ချမ့်ပ် က သြစတြီးယားအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် UEFA Nations League ပွဲစဉ်တွင် ပွဲထွက်ခွင့်ပေးခဲ့သည်..။

ဘာဒီယာရှီလေး မှာ ဇန်နဝါရီ အပြောင်းအရွှေ့တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်၊ လီဗာပူးလ်နှင့် ဖူးလ်ဟမ်းအသင်းတို့နှင့် သုံးပွဲဆက်တိုက် clean sheet ရရှိခဲ့ပြီး အဖွင့်လှခဲ့သည်..။ နည်းပြဂရေဟမ် ပေါ်တာ ထွက်ခွာသွားခဲ့ပြီး ယာယီနည်းပြ ဖရန့် လမ်းပတ် လက်ထက်တွင် ဧပြီလနှင့် မေလအတွင်း သုံးပွဲသာ ကစားခဲ့ရသည်..။ သို့သော် ဘုန်းမောက်အသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုး ရရှိခဲ့သည်..။