8 Enzo Fernandez

ကစားသည့်နေရာ : Midfielder

အသက် : 24 years (17 January, 2001)

မွေးဖွားရာဒေသ : San Martin, Argentina

အရပ်အမြင့် : 1.78 m (5ft 10in)

ကိုယ်ရေးအကျဉ်း
============

အင်ဇို ဖာနန်ဒက်စ် မှာ ခံစစ်အားသန်သည့် ကွင်းလယ် ကစားသမား တစ်ယောက်ဖြစ်သော်လည်း ကွင်းလယ် ဖန်တီးရှင်တစ်ယောက်အဖြစ် ကစားပေးနိုင်သည့် နည်းစနစ်ပိုင်း ကျွမ်းကျင်မှုရှိပါသည်..။ ထို့အပြင် ခွန်အားနှင့် ပြေးလွှားနှုန်း ကောင်းမွန်သောကြောင့် တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်သည့် box-to-box ကွင်းလယ် ကစားသမားအဖြစ် ကစားပေးနိုင်ပါသည်..။ ထို့ကြောင့် ကာတာနိင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့် လူငယ်ကွင်းလယ် ကစားသမားမှာ ‘စွယ်စုံရ ကွင်းလယ် ကစားသမား’ တစ်ယောက်အဖြစ် အသိအမှတ် ပြုခံခဲ့ရသည်..။

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ် မြို့တော်တွင် မွေးဖွားခဲ့သည့် အင်ဇို ဖာနန်ဒက်စ် မှာ မွေးရပ်မြေမှ Club La Recova အသင်းမှတဆင့် နာမည်ကျော် ရေးဗား ပလိပ်အသင်းကို ငါးနှစ်အရွယ်တွင် စတင်ရောက်ရှိခဲ့သည်..။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် အရန်အသင်းတွင် စတင်ပါဝင်ခဲ့ပြီး အသက် (၁၈) နှစ်မွေးနေ့မရောက်ခင်မှာပင် အသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့သည်..။

ရေးဗား ပလိပ်အသင်းမန်နေဂျာ မာဆယ်လို ဂါလယ်ဒို မှာ သူ၏တိုးတက်မှုကို အထူးဂရုစိုက်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လတွင် ရေးဗားအသင်းနှင့် ပွဲထွက်အဖြစ် LDU Quito အသင်းနှင့်ယှဉ်ပြိုင်ခဲ့သော Copa Libertados ပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရခဲ့သည်..။ ထို့နောက် နာမည်ကျော် တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စ်ပို ကိုင်တွယ်နေသော Defensa y Justicia အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သည်..။



ဖာနန်ဒက်စ် သည် Defensa y Justica နှင့်အတူ Copa Sudamericana ချန်ပီယံဆုဖလား (ဥရောပတွင် ယူရိုပါလိဂ် ပြိုင်ပွဲအဆင့်အတန်း) ကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် အာဂျင်တီးနား အသင်းတစ်သင်းဖြစ်သည့် Lanus အား အနိုင်ရရှိပြီး ဆွတ်ခူးရရှိခဲ့သည်..။ ထို့အပြင် Recopa Sudamericana ဖလားပြိုင်ပွဲ (ဥရောပတွင် ဥရောပ စူပါဖလားပြိုင်ပွဲနှင့် အလားတူ) တွင် Copa Libertadores ချန်ပီယံဖြစ်သည့် ဘရာဇီးလ်နိုင်ငံမှ ပါးလ်မီးရက်စ်အသင်းအား ထပ်မံအနိုင်ယူခဲ့ပြီး ဗိုလ်စွဲခဲ့ပြန်သည်..။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ရေးဗား ပလိပ်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ရာတွင်လည်း ဖာနန်ဒက်စ် မှာ အသင်း၏ ပွဲထွက်လူစာရင်း ဆက်လက်ပါဝင်ခွင့်ရခဲ့သည်..။ အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ.. ဗာလက်ဇ် ဆာစ်ဖီးလ် အသင်းနှင့်ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့သည်..။ ရေးဗား ပလိပ်အသင်းမှာ အာဂျင်တီးနား အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ရာတွင် ဖာနန်ဒက်စ် မှာ ပွဲစဉ် (၁၅) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။

၂၀၂၂ ခုနှစ်တွင် ရေးဗား ပလိပ်အသင်းအတွက် (၂၆) ပွဲကစားခဲ့ရာ (၁၀) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ အဆိုပါခြေစွမ်းကြောင့် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန် စိတ်ဝင်စားခဲ့ရာ ၂၀၂၂ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့တွင် ဘင်ဖီကာအသင်းသို့ ရောက်ရှိခဲ့သည်..။ ပေါ်တူဂီတွင်လည်း လွယ်လွယ်ကူကူ အထိုင်ကျခဲ့ပြီး သြဂုတ်လ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွက် အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်..။



၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီအထိ အင်ဇို ဖာနန်ဒက်စ် မှာ ဘင်ဖီကာအသင်းအတွက် (၂၉) ပွဲကစား၊ (၄) ဂိုး သွင်းယူပေးခဲ့ပြီး (၇) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့အပြင် ဘင်ဖီကာအသင်းမှာ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် အသင်းများကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်ပြိုင်ပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့သည်..။ အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းခါနီးတွင် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး ဖူးလ်ဟမ်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်တွင် စတင်ပါဝင်ခွင့် ရရှိခဲ့သည်..။

အင်ဇို မှာ သူ၏ဘောလုံးပေးပို့မှု ကောင်းမွန်ခြင်းနှင့် လုပ်အားနှုန်းတို့ကြောင့် အဆိုပါပွဲစဉ်မှ ဘောလုံးရာသီကုန်ချိန်ထိ ပွဲတိုင်းလိုလို ပါဝင်ခဲ့ရသည်..။ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက် ပွဲစဉ်ဖြစ်သော ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင် ဂျာအို ဖဲလစ် ၏ သွင်းဂိုးအတွက် လှလှပပ ဖန်တီးပေးနိုင်ခဲ့သလို လက်စ်တာ အသင်းနှင့်ပွဲတွင် တိုက်စစ်မှူး ကိုင် ဟာဗာ့ဇ် အတွက် အလားတူ ဖန်တီးမှုမျိုး ပြုလုပ်ပေးနိုင်ခဲ့သည်..။ ယာယီနည်းပြအဖြစ် အသင်းကိုပြန်လည် ရောက်ရှိလာခဲ့သည့် နည်းပြဖရန့် လမ်းပတ် က အင်ဇို အား တိုက်စစ်အားသန်သည့် နေရာတွင် ကစားလိုကြောင်း ပြောကြားခဲ့သော်လည်း အသင်း၏ဟန်ချက်အရ ကွင်းလယ်အဖျက် နေရာတွင်သာ ကစားစေခဲ့ရသည်..။

၂၀၂၃/၂၄ ဘောလုံးရာသီတွင် အင်ဇို ဖာနန်ဒက်စ် မှာ မွိုက်စ် ကိုင်ဆီဒို နှင့်အတူ တွဲဖက်၍ ကွင်းလယ် ကစားသမားအဖြစ် တာဝန်ယူခဲ့ရသည်..။ တွဲဖက်ကွင်းလယ် ကစားသမား ကိုင်ဆီဒို ကြောင့် အင်ဇို မှာ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်ခဲ့သလို AFC ဝင်ဘယ်လ်ဒန်အသင်းအား အနိုင်ရခဲ့သည့် FA ဖလားပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။



ထို့နောက် ဘရိုက်တန်အသင်းအား အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းဂိုးအပြင် ပင်နယ်တီကန်ချက်မှတဆင့် နောက်ထပ်တစ်ဂိုး ရရှိခဲ့ပါသည်..။ အထူးသဖြင့် FA ဖလား၊ ပြန်ကန်ပွဲစဉ်အဖြစ် အက်စ်တွန် ဗီလာအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပြစ်ဒဏ်ဘောကန်ချက်မှ လှလှပပ သွင်းယူပေးခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားအဖြစ်ပါ ရွေးချယ်ခံခဲ့ရသည်..။

လိဒ် ယူနိုက်တက် အသင်းအား အနိုင်ရရှိခဲ့သည့် FA ဖလားပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရသည်..။ လီဗာပူးလ်အသင်းနှင့် Carabao ဖလား၊ ဗိုလ်လုပွဲစဉ်တွင် ဝင်ဘလေကွင်းကြီးအတွင်း ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့သည်..။ သို့သော် အာဂျင်တီးနား ကွင်းလယ် ကစားသမားမှာ ပေါင်ကြွက်သား ဒဏ်ရာပြဿနာကို ခွဲစိတ်ကုသမှု ခံယူရန်အတွက် ရာသီကုန်ကာလ ပွဲစဉ်များကို လွဲချော်ခဲ့သည်..။

၂၀၂၄/၂၅ ဘောလုံးရာသီအစပိုင်းတွင် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် မပါဝင်နိုင်ချိန်၌ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသည်..။ နည်းပြသစ် အင်ဇို မာရက်စ်ကာ ၏ ကစားကွက် အခင်းအကျင်းတွင် အာဂျင်တီးနား ကွင်းလယ် ကစားသမားမှာ တိုက်စစ်ပိုင်းကို ပိုမိုတာဝန်ယူခဲ့ရသည်..။ ဆာဗက်တီ အသင်းအား အနိုင်ရရှိခဲ့သည့် UEFA ကွန်ဖရင့်စ်လိဂ်ပွဲစဉ်တွင် နိနီ မာဒူအီကေး အတွက် ဂိုးဖန်တီးပေးခဲ့ပြီး အဆိုပါ ဘောလုံးရာသီ၏ ပထမဆုံး ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည်..။



နိုအာအသင်းအား ၈ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးဖန်တီးမှု (၃) ကြိမ်ဖြင့် hattrick ရခဲ့သည်..။ အင်ဇို မှာ တွဲဖက် ကွင်းလယ် ကစားသမား ရိုမီယို လာဗီးယား ၏ ဒဏ်ရာရရှိမှုုအပေါ် မူတည်ပြီး တခါတရံတွင် မွိုက်စ် ကိုင်ဆီဒို နှင့်အတူ ကွင်းလယ်အဖျက် တာဝန်ယူခဲ့ရသည်..။

ထို့နောက်ဆောင်းရာသီကာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် (၄) ပွဲတွင် တော့တင်ဟမ်၊ လက်စ်တာ အသင်းတို့ကို သွင်းယူခဲ့သည့်ဂိုးများ အပါအဝင် (၃) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ထို့အပြင်ဂိုးဖန်တီးမှုများကိုလည်း ပုံမှန်ပြုုလုပ်ပေးနိုင်ခဲ့သည်..။

၂၀၂၅ နှစ်ဆန်းပိုင်းတွင် အသင်းရလဒ်များ ကျဆင်းလာခဲ့သော်လည်း အင်ဇို မှာ ပုံမှန်ခြေစွမ်းရရှိပြီး ကွင်းလယ်ကို ထိန်းကျောင်းပေးနိုင်ခဲ့သည်..။ ထို့နောက်အက်စ်တွန် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးသွင်းယူပေးနိုင်ခဲ့သလို ကိုပင်ဟေဂင်အသင်းအား အနိုင်ရရှိခဲ့သည့် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင်လည်း သွင်းဂိုးထပ်မံ ရရှိခဲ့သည်..။

ဧပြီလဆန်းတွင် တော့တင်ဟမ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ ခြေစွမ်းပြနိုင်ခဲ့သလို ကိုးလ် ပါးမား ၏ ဖြတ်တင်ဘောမှတဆင့် သွင်းဂိုးထပ်မံရရှိခဲ့ပြီး လန်ဒန်မြို့ခံပြိုင်ဘက်အသင်းအား အဝေးကွင်း၊ အိမ်ကွင်း နှစ်ကျော့စလုံး ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။

 
အစ်ပ်ဝစ်ချ်အသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီး ရာသီကုန်ပိုင်းတွင်လည်း အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်..။ အင်ဇို ဖာနန်ဒက်စ် မှာ လီဗာပူးလ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ကွန်ဖရင့်စ်လိဂ်ဖလား ဗိုလ်လုပွဲတွင် အရေးပါသော ချေပဂိုးကို ကိုးလ် ပါးမား ၏ ဖြတ်တင်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့သည်..။

ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လော့စ် အိန်းဂျယ်လိစ် FC အသင်းနှင့် အဖွင့်ပွဲစဉ်၌ ချယ်လ်ဆီးအသင်း၏ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ လော့စ် အိန်းဂျယ်လိစ် အသင်းနှင့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ပြီး နောက်ပိုင်းပွဲစဉ်များတွင် ပွဲစဉ်တိုင်း ပွဲထွက်ခွင့်ရခဲ့သည်..။

အင်ဇို ဖာနန်ဒက်စ် မှာ ၂၀၂၅/၂၆ ဘောလုံးရာသီတွင်လည်း ဝက်စ်ဟမ်းအသင်း၊ ဖူးလ်ဟမ်းအသင်းနှင့်ပွဲစဉ်များတွင် သွင်းဂိုးများ ဆက်လက်ရရှိခဲ့သည်..။

အာဂျင်တီးနား လက်ရွေးစင် အသင်းမန်နေဂျာ လီယွန်နယ် စကာလိုနီ က အင်ဇို ဖာနန်ဒက်စ် အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဟွန်ဒူးရပ်စ်အသင်း၊ ဂျမေကာ အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲစဉ်များအတွက် စတင်ခေါ်ယူခဲ့သည်..။ အဆိုပါပွဲစဉ်များတွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းအတွက် ရွေးချယ်ခံခဲ့ရသည်..။ ထို့နောက် မက္ကဆီကို အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် အုပ်စုအဆင့် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ရပြီး ဂိုးပါသွင်းယူပေးနိုင်ခဲ့သည်..။



အဆိုပါပွဲစဉ်နောက်ပိုင်းတွင် ဖာနန်ဒက်စ် မှာ အာဂျင်တီးနားအသင်း၏ ပွဲထွက်လူစာရင်းတွင် ပုံမှန်ပါဝင်ခွင့်ရခဲ့ပြီး ပိုလန်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဂျူလီယန် အယ်လ်ဗားရက်ဇ် အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။ အင်ဇို မှာ အာဂျင်တီးနားအသင်း၏ ကွင်းလယ်သုံးယောက်တွင် ပုံမှန်နေရာရခဲ့ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သလို ပြိုင်ပွဲ၏ ‘အကောင်းဆုံး လူငယ်ကစားသမား’ အဖြစ် ရွေးချယ်ခံခဲ့ရသည်..။

အင်ဇို ဖာနန်ဒက်စ် မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အာဂျင်တီးနား လက်ရွေးစင်အသင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်ပေါင်း (၂၀) တွင် တစ်ပွဲသာ လွဲချော်ခဲ့သည့်အပြင် ၂၀၂၄ ခုနှစ်၊ နွေရာသီကာလတွင် ယှဉ်ပြိုင်ခဲ့သော ကိုပါ အမေရိက ဖလားပြိုင်ပွဲကိုပါ အနိုင်ရ၊ ဗိုလ်စွဲခဲ့သည်..။ အဆိုပါ ကိုပါဖလားပွဲစဉ်တွင် ပေါင်ကြွက်သား ခွဲစိတ်မှုကြောင့် ဂွာတီမာလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြိုနောက်ဆုံး ခြေစမ်းပွဲစဉ်မှသာ ပါဝင်နိုင်ခဲ့သည်..။

၂၀၂၅ ခုနှစ်၊ မတ်လ ဘရာဇီးလ်အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်း၏ ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး တတိယဂိုးကို ဖန်တီးပေးခဲ့သည်..။ အဆိုပါနိုင်ပွဲဖြင့် အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် သေချာစေခဲ့သည်..။