27 Malo Gusto

ကစားသည့်နေရာ : Right-back

အသက် : 23 years (19 May, 2003)

မွေးဖွားရာဒေသ : Decines-Charpieu, France

အရပ်အမြင့် : 1.78 m (5ft 10in)

ကိုယ်ရေးအကျဉ်း
=========


မာလို ဂတ်စ်တို မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုင်ယွန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် (၇) နှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။ သို့သော်ချယ်လ်ဆီးအသင်းမှာ မြန်နှုန်းမြင့် လူငယ်ညာနောက်ခံလူအား မိခင်အသင်းဖြစ်သော လိုင်ယွန်အသင်းသို့ ရာသီအကုန်အထိ ဆက်လက်အဌားစေလွှတ်ခဲ့ပါသည်..။ သို့သော် ဂတ်စ်တို မှာ ဒုတိယရာသီဝက်တွင် ဒဏ်ရာကြောင့် (၇) ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်..။

ညာနောက်ခံလူ မာလို မှာ လိုင်ယွန်အသင်း၏ လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် လိုင်ယွန်အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် လိုင်ယွန်အသင်း၏ ညာနောက်ခံလူအဖြစ် ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ အပါအဝင် လိုင်ယွန်အသင်းနှင့် ပွဲပေါင်း (၃၀) ကစား၊ ဂိုးဖန်တီးမှု (၄) ကြိမ် ရရှိခဲ့သည်..။ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် နည်းပြလောရန့်တ် ဘလန့်စ် ၏ သင်ကြားမှုဖြင့် အသင်း၏အဓိကနောက်ခံလူ တစ်ဉီးအဖြစ် ဆက်လက် တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှု မရရှိခင်အချိန်အထိ စုစုပေါင်း (၁၅) ပွဲ ကစားခဲ့ရသည်..။

မာလို ဂတ်စ်တို မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် (၃၇) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၆) ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးခဲ့သည်..။ လူတန်‌ တောင်းအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရာဟင်း စတာလင်း အတွက် ဖြတ်တင်ပေးပို့မှုဖြင့် အသင်းအတွက် သူ၏ပထမဆုံး ဂိုးဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့သည်..။



၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ အက်စ်တွန် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် အနီကတ်ဒ်ပြသခံခဲ့ရသည်..။ မာလို ဂတ်စ်တို မှာ နောက်ပိုင်းပွဲစဉ်များတွင်လည်း ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ပွဲအများစုတွင် ပါဝင်ခဲ့ရသည်..။

ခရစ်စ်တယ် ပဲလေ့စ်အသင်းအား အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မီဟေးလ်လို မူဒရပ်ခ် သွင်းယူပေးခဲ့သည့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အပြင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်.။ ထို့အပြင် လက်စ်တာ အသင်းအား အနိုင်ရရှိခဲ့သည့် FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ထပ်မံရရှိခဲ့သည်..။ မာလို ဂတ်စ်တို မှာ မန်ချက်စတာ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်နှင့် လီဗာပူးလ်အသင်းနှင့် Carabao ဖလား၊ ဗိုလ်လုပွဲစဉ်များတွင် ပါဝင်ခွင့်ရခဲ့သည်..။

၂၀၂၄/၂၅ ဘောလုံးရာသီအစပိုင်းတွင် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့်အတွက် မာလို ဂတ်စ်တို မှာ ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်..။ ဘားရိုးအသင်းအား အနိုင်ရရှိခဲ့သည့် Carabao ဖလားပွဲစဉ်တွင် ခရစ္စတိုဖာ အန်ကွန်းကူ ၏ သွင်းဂိုးအတွက် ဖြတ်တင်ဘောမှတဆင့် ဖန်တီးပေးနိုင်ခဲ့သည်..။ 

ထို့နောက်ချယ်လ်ဆီးအသင်းနှင့် သူ၏ပွဲပေါင်း (၅၀) ပြည့်ပွဲစဉ်ဖြစ်သည့် ဆောက်ပ်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် ဂျာဒွန် ဆန်ချို အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည်..။ မာဆီဆိုက်ဒ် အသင်းများဖြစ်သော လီဗာပူးလ်၊ အဲဗာတန်အသင်းများနှင့် ပွဲစဉ်များတွင် ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်..။



ကိုပင်ဟေဂင်အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်တွင် ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ရပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်..။ သို့သော် ကိုပင်ဟေဂင်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်တွင် ညာနောက်ခံလူအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။

ရာသီကုန်ပွဲစဉ်များတွင် အရန်ကစားသမားအဖြစ် အများဆုံးပါဝင်ခဲ့ရသော်လည်း ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်၊ ဒုတိယအကျော့နှင့် ဗိုလ်လုပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ မာလို ဂတ်စ်တို မှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ချယ်လ်ဆီးအသင်း၏ ပွဲစဉ် (၇) ပွဲစလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲ အပါအဝင် ပွဲထွက်ခွင့် (၅) ပွဲရရှိခဲ့သည်..။

၂၀၂၅/၂၆ ဘောလုံးရာသီတွင် သူ၏ပထမဆုံး ပွဲထွက် (၂) ပွဲကို ညာအစွန် နောက်ခံလူ အဖြစ် ကစားခဲ့ပြီးနောက် စတန်းဖို့ဒ် ဘရစ်ချ်၌ လစ်ဗာပူးလ်အသင်းကို စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂတ်စ်တို မှာ ကွင်းလယ် ကစားသမားအဖြစ် မိနစ် (၉၀) အပြည့် ပါဝင်ကစားခဲ့သည်။ ထိုပွဲတွင် မွိုက်စ် ကိုင်ဆီဒို အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သည့် အဖွင့်ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၊ ဝုလ်ဗ်အသင်းကို ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ ညာနောက်ခံလူ နေရာတွင် ပြန်လည်ပါဝင်လာခဲ့ရပြီး အနီးကပ်ခေါင်းတိုက်ကာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်..။ အဆိုပါသွင်းဂိုးမှာ သူ၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးသွင်းဂိုး ဖြစ်ခဲ့သည်။ ထို့အပြင်အဆိုပါပွဲသည် သူ၏ချယ်လ်ဆီးအသင်းအတွက် (၉၈) ပွဲမြောက် ကစားခဲ့သည့် ပွဲဖြစ်ခဲ့သည်။ ဘာစီလိုနာအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်  အသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်။



ဂတ်စ်တို မှာ ရာသီကုန်ဆုံးချိန်အထိ ညာနောက်ခံ၊ ဘယ်နောက်ခံ သို့မဟုတ် ကွင်းလယ်နေရာများတွင် ကစားပေးခဲ့ပြီး နေရာစုံ ကစားပေးနိုင်ဆုံးသူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ခရစ္စမတ်ကာလ အဲဗာတန်အသင်းကို ၂ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ကိုးလ် ပါးမား အတွက် လှလှပပ ဂိုးဖန်တီးပေးခဲ့သည့်အပြင် သူကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

ရာသီ၏ ဒုတိယပိုင်းတွင် ဂျိမ်းစ် ကို ကွင်းလယ်၌ အဓိကအသုံးပြုခဲ့ခြင်း သို့မဟုတ် ဒဏ်ရာရရှိနေခြင်းတို့ကြောင့် ဂတ်စ်တို မှာ ညာနောက်ခံလူနေရာမှ ပုံမှန်ကစားခွင့်ခဲ့ရပြီး ဘန်လေအသင်းနှင့် အိမ်ကွင်းတွင် သရေကျခဲ့သည့်ပွဲ၌ ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်။ မန်ချက်စတာ စီးတီးအသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် FA ဗိုလ်လုပွဲတွင် ညာတောင်ပံ wing-back အဖြစ် ကစားခဲ့ရသေးသည်။

မာလို ဂတ်စ်တို မှာ ပြင်သစ်လူငယ်အသင်း အဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ပြင်သစ်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်း၏ ညာနောက်ခံလူအဖြစ် ပုံမှန်ကစားခွင့် ရနေခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်..။

နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပထမဆုံး ကစားခွင့်ရရှိခဲ့သော်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်းတွင် ရွေးချယ်မခံခဲ့ရပေ..။ ၂၀၂၅ ခုနှစ်၊ မေလတွင် စပိန်အသင်းအား ၅ဂိုး- ၄ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် UEFA Nations League ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် ဒုတိယမြောက် ပွဲစဉ်အဖြစ် ဒုတိယပိုင်းတွင် လူစားဝင် ကစားခဲ့ရသည်…။ ဂျာမနီအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော တတိယလုပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပွဲစပွဲဆုံး ကစားခွင့်ရရှိခဲ့ပါသည်..။



ဂတ်စ်တို မှာ နိုဝင်ဘာလတွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ယူကရိန်းအသင်းအား အနိုင်ရခဲ့သည့်ပွဲစဉ်.. ပွဲပြီးခါနီးတွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ထို့နောက် ပြင်သစ်အသင်းအတွက် ညာနောက်ခံလူ အဖြစ် စတင်ပွဲထွက်ရခဲ့ပြီး အဇာဘိုင်ဂျန်ကို အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ကျန်တစ်ဂိုးတွင်လည်း ပါဝင် ပတ်သက်ခဲ့သည်။

ဂတ်စ်တို မှာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ်အသင်း၌ ပါဝင်ခဲ့ပြီး ပြင်သစ်အသင်း စတုတ္ထနေရာဖြင့် ပြီးဆုံးခဲ့သည့် ထိုပြိုင်ပွဲတွင် (၅) ပွဲ ပါဝင်ကစားခဲ့သည်။ (၄) ပွဲမှာ လူစားဝင်ခဲ့ရခြင်းဖြစ်ပြီး အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့သည့် တတိယနေရာလုပွဲ၌ ပွဲထွက်ခွင့်ရခဲ့သည်။