ကစားသည့်နေရာ : Right-back
အသက် : 22 years (19 May, 2003)
မွေးဖွားရာဒေသ : Decines-Charpieu, France
အရပ်အမြင့် : 1.78 m (5ft 10in)
ကိုယ်ရေးအကျဉ်း
=========
မာလို ဂတ်စ်တို မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုင်ယွန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် (၇) နှစ်သက်တမ်းစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။ သို့သော်ချယ်လ်ဆီးအသင်းမှာ မြန်နှုန်းမြင့် လူငယ်ညာနောက်ခံလူအား မိခင်အသင်းဖြစ်သော လိုင်ယွန်အသင်းသို့ ရာသီအကုန်အထိ ဆက်လက်အဌားစေလွှတ်ခဲ့ပါသည်..။ သို့သော် ဂတ်စ်တို မှာ ဒုတိယရာသီဝက်တွင် ဒဏ်ရာကြောင့် (၇) ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်..။
ညာနောက်ခံလူ မာလို မှာ လိုင်ယွန်အသင်း၏ လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် လိုင်ယွန်အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် လိုင်ယွန်အသင်း၏ ညာနောက်ခံလူအဖြစ် ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ အပါအဝင် လိုင်ယွန်အသင်းနှင့် ပွဲပေါင်း (၃၀) ကစား၊ ဂိုးဖန်တီးမှု (၄) ကြိမ် ရရှိခဲ့သည်..။ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် နည်းပြလောရန့်တ် ဘလန့်စ် ၏ သင်ကြားမှုဖြင့် အသင်း၏အဓိကနောက်ခံလူ တစ်ဉီးအဖြစ် ဆက်လက် တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှု မရရှိခင်အချိန်အထိ စုစုပေါင်း (၁၅) ပွဲ ကစားခဲ့ရသည်..။
မာလို ဂတ်စ်တို မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် (၃၇) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၆) ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးခဲ့သည်..။ လူတန် တောင်းအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရာဟင်း စတာလင်း အတွက် ဖြတ်တင်ပေးပို့မှုဖြင့် အသင်းအတွက် သူ၏ပထမဆုံး ဂိုးဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့သည်..။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ အက်စ်တွန် ဗီလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် အနီကတ်ဒ်ပြသခံခဲ့ရသည်..။ မာလို ဂတ်စ်တို မှာ နောက်ပိုင်းပွဲစဉ်များတွင်လည်း ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ပွဲအများစုတွင် ပါဝင်ခဲ့ရသည်..။
ခရစ်စ်တယ် ပဲလေ့စ်အသင်းအား အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မီဟေးလ်လို မူဒရပ်ခ် သွင်းယူပေးခဲ့သည့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အပြင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်.။ ထို့အပြင် လက်စ်တာ အသင်းအား အနိုင်ရရှိခဲ့သည့် FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ထပ်မံရရှိခဲ့သည်..။ မာလို ဂတ်စ်တို မှာ မန်ချက်စတာ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်နှင့် လီဗာပူးလ်အသင်းနှင့် Carabao ဖလား၊ ဗိုလ်လုပွဲစဉ်များတွင် ပါဝင်ခွင့်ရခဲ့သည်..။
၂၀၂၄/၂၅ ဘောလုံးရာသီအစပိုင်းတွင် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့်အတွက် မာလို ဂတ်စ်တို မှာ ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်..။ ဘားရိုးအသင်းအား အနိုင်ရရှိခဲ့သည့် Carabao ဖလားပွဲစဉ်တွင် ခရစ္စတိုဖာ အန်ကွန်းကူ ၏ သွင်းဂိုးအတွက် ဖြတ်တင်ဘောမှတဆင့် ဖန်တီးပေးနိုင်ခဲ့သည်..။
ထို့နောက်ချယ်လ်ဆီးအသင်းနှင့် သူ၏ပွဲပေါင်း (၅၀) ပြည့်ပွဲစဉ်ဖြစ်သည့် ဆောက်ပ်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် ဂျာဒွန် ဆန်ချို အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည်..။ မာဆီဆိုက်ဒ် အသင်းများဖြစ်သော လီဗာပူးလ်၊ အဲဗာတန်အသင်းများနှင့် ပွဲစဉ်များတွင် ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ရသည်..။
ကိုပင်ဟေဂင်အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်တွင် ဘယ်နောက်ခံလူအဖြစ် ပါဝင်ခဲ့ရပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်..။ သို့သော် ကိုပင်ဟေဂင်အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်တွင် ညာနောက်ခံလူအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့သည်..။
ရာသီကုန်ပွဲစဉ်များတွင် အရန်ကစားသမားအဖြစ် အများဆုံးပါဝင်ခဲ့ရသော်လည်း ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်၊ ဒုတိယအကျော့နှင့် ဗိုလ်လုပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ မာလို ဂတ်စ်တို မှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ချယ်လ်ဆီးအသင်း၏ ပွဲစဉ် (၇) ပွဲစလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲ အပါအဝင် ပွဲထွက်ခွင့် (၅) ပွဲရရှိခဲ့သည်..။
မာလို ဂတ်စ်တို မှာ ပြင်သစ်လူငယ်အသင်း အဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ပြင်သစ်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်း၏ ညာနောက်ခံလူအဖြစ် ပုံမှန်ကစားခွင့် ရနေခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်..။
နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပထမဆုံး ကစားခွင့်ရရှိခဲ့သော်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်းတွင် ရွေးချယ်မခံခဲ့ရပေ..။ ၂၀၂၅ ခုနှစ်၊ မေလတွင် စပိန်အသင်းအား ၅ဂိုး- ၄ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် UEFA Nations League ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် ဒုတိယမြောက် ပွဲစဉ်အဖြစ် ဒုတိယပိုင်းတွင် လူစားဝင် ကစားခဲ့ရသည်…။ ဂျာမနီအသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော တတိယလုပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပွဲစပွဲဆုံး ကစားခွင့်ရရှိခဲ့ပါသည်..။