ကစားသည့်နေရာ : Midfielder
အသက် : 24 years (2 November, 2001)
မွေးဖွားရာဒေသ : Santo Domingo, Ecuador
အရပ်အမြင့် : 1.78 m (5 ft 10 in)
ကိုယ်ရေးအကျဉ်း
=========
မွိုက်စ် ကိုင်ဆီဒို မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဘရိုက်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပြောင်းရွှေ့လာခဲ့သည်..။ အသက် (၂၁) နှစ်အရွယ် အီကွေဒေါ ကွင်းလယ် ကစားသမားမှာ ချယ်လ်ဆီးအသင်းနှင့် (၈) နှစ်သက်တမ်း စာချုပ် (+ တစ်နှစ်သက်တမ်း ထပ်မံတိုးခွင့် အပါအဝင်ဖြင့်) သဘောတူညီနိုင်ခဲ့ခြင်းဖြစ်သည်..။ ကိုင်ဆီဒို မှာ စွယ်စုံရ ကွင်းလယ် ကစားသမား တစ်ဉီးအဖြစ် ဘောလုံးဖြန့်ဝေ၊ ပေးပို့မှု ကောင်းမွန်သလို ကွင်းလယ်အဖျက် ကစားသမားနေရာမှာ ခံစစ်ကြောင်းကို အကူအညီပေးနိုင်ခဲ့သည်..။ ထို့အပြင် အသင်း၏တိုက်စစ်ကို စတင်ရာတွင်လည်း အရေးပါသောနေရာမှ ပံ့ပိုးပေးနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်နှင့် ဥရောပဘောလုံးလောက၏ အနာဂတ်တွင် ထွန်းတောက်မည့် လူငယ်ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်..။
ကိုင်ဆီဒို မှာ အီကွေဒေါနိုင်ငံ၊ Santo Domingo မြို့တွင် ကစားသမားဘဝ စတင်ခဲ့ပြီး အသက် (၁၃) နှစ်အရွယ်မှာပင် ဒေသလက်ရွေးစင် XI အသင်းနှင့် CD Espoli လူငယ်အသင်းများတွင် ပါဝင်နိုင်ခဲ့သည်..။ ထို့နောက်အသက် (၁၅) နှစ်အရွယ်တွင် Independiente del Valle အသင်းသို့ ရောက်ရှိခဲ့သည်..။ အသက် (၁၇) နှစ်အရွယ်တွင် အသင်းကြီးပွဲထွက်ခွင့် စတင်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဘောလုံးရာသီတွင် အဓိကကစားသမား တစ်ယောက်အဖြစ် ပုံမှန်ကစားခွင့် ရရှိခဲ့သည်..။ ထို့အပြင် အသက် (၂၀) နှစ်အောက် လူငယ်တောင်အမေရိက Copa Libertadores ချန်ပီယံဖလားတွင် ဆက်လက်ပါဝင်ခဲ့ပြီး Independiente အသင်းအား ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။ အဆိုပါပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် အန်ဇို ဖာနန်ဒက်စ် ပါဝင်သော River Plate အသင်းနှင့် တွေ့ဆုံခဲ့ပြီး အီကွေဒေါအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်..။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။ သို့သော်အဆိုပါ ဘောလုံးရာသီတွင် ကာဒစ်ဖ်အသင်းနှင့် EFL ဖလားပွဲစဉ်တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်း Beerschot သို့ အဌားထွက်ခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် Beerschot အသင်းနှင့် (၁၄) ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဒုတိယရာသီဝက်တွင် ဘရိုက်တန်အသင်းက ပြန်လည်ခေါ်ယူခဲ့သည်..။ ထို့နောက်ရာသီလက်ကျန် ပွဲစဉ်များတွင် အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်..။ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် ဘရိုက်တန်အသင်းအတွက် (၄၃) ပွဲ ပါဝင်ကစားပေးခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် အမြင့်ဆုံးအမှတ်ပေးဇယား ရပ်တည်မှုအဖြစ် အဆင့် (၆) နေရာ ရရှိခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ဘရိုက်တန်အသင်း ပရိသတ်များက ရွေးချယ်သည့် 'တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု' နှင့် အသင်းဖော် ကစားသမားများက ရွေးချယ်သည့် 'Players' Player of the Season' ဆုများ ရရှိခဲ့သည်..။
မွိုက်စ် ကိုင်ဆီဒို မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်၌ လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ပြီး ရာသီအစ တတိယမြောက် ပွဲစဉ်ဖြစ်သော လူတန် တောင်း အသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ပွဲထွက်ခွင့်ရရှိခဲ့သည်..။
ကိုင်ဆီဒို မှာ ၂၀၂၃/၂၄ ဘောလုံးရာသီတွင် အသင်း၏ပြိုင်ပွဲစုံ (၅၁) ပွဲအနက် (၄၈) ပွဲ ကစားခဲ့ရပြီး ပွဲထွက်ကစားသမားအဖြစ် (၄၄) ပွဲကစားခွင့်ရခဲ့သည်..။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ကော်နာ ဂါလက်ချာ ပြီးလျှင် ပွဲကစားခွင့်အများဆုံး ရရှိခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်..။
မွိုက်စ် ကိုင်ဆီဒို မှာ အင်ဇို ဖာနန်ဒက်စ် နှင့်အတူ ကွင်းလယ်တွင် တွဲဖက်ပြီး ခံစစ်ပိုင်းကာကွယ်မှုကို ပိုမိုတာဝန်ယူခဲ့ရသည်.။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပြိုင်ဘက်ကစားသမားများအား ပိတ်ဆို့နိုင်မှု (blocks) (၂၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း ကစားသမားများအနက် ဖျက်ထုတ်မှု အများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

ရာသီကုန်ခါနီးတွင် အင်ဇို ဖာနန်ဒက်စ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွင် ကွင်းလယ်ကို ဦးဆောင် မောင်းနှင်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ရာသီနောက်ဆုံး (၅) ပွဲတွင် (၅) စလုံးအနိုင်ရခဲ့သည်..။ ထို့အပြင် ရာသီနောက်ဆုံးပိတ် ပွဲစဉ်ဖြစ်သော ဘုန်းမောက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ကိုက် (၅၀) ကျော်အကွာအဝေးမှ ဂိုးသမားကိုကျော်ပြီး ကန်သွင်းခဲ့သည့် သွင်းဂိုးမှာ ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးအဖြစ် မဲပေးရွေးချယ်ခံခဲ့ရသည်..။
၂၀၂၄/၂၅ ဘောလုံးရာသီတွင် Servette အသင်းနှင့် ကွန်ဖရင့်စ်လိဂ်ပွဲစဉ်၌ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့သည်..။ မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အိုးလ် ထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်၌ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်အထိ ခြေစွမ်းပြနိုင်ခဲ့သည့်အပြင် အဖိုးတန်ချေပဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့သည်..။ အဆိုပါသွင်းဂိုးမှာ သူ၏ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားသမားဘဝတွင် ပထမဆုံး အဝေးဂိုးဖြစ်ခဲ့သည်..။
မွိုက်စ် ကိုင်ဆီဒို မှာ ရာသီအစပိုင်းတွင် ရိုမီယို လာဗီးယား နှင့်အတူ ကွင်းလယ်တွင် တွဲဖက်ကစားခဲ့ရသော်လည်း ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ ဘယ်လ်ဂျီယမ် ကွင်းလယ် ကစားသမား ဒဏ်ရာရသွားချိန်တွင် အင်ဇို ဖာနန်ဒက်စ် နှင့်အတူ ကစားခဲ့ရသည်..။ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ပြန်လည်ပါဝင်လာချိန်တွင် သူနှင့်အတူ ကွင်းလယ်တွင် တွဲဖက် ကစားခဲ့သည်..။
၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အာဆင်နယ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ကိုးလ် ပါးမား မပါဝင်နိုင်ခဲ့ချိန်တွင် ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းတွင် ပါဝင်ကစားခွင့်ရခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် ကျန်နေခဲ့ပါသည်..။ သူ၏တည်ငြိမ်သော ခြေစွမ်းနှင့် ကွင်းလယ်ကို ထိန်းကျောင်းပေးနိင်မှုတို့ကြောင့် ချယ်လ်ဆီးအသင်း၏ ပရိသတ်များက ရွေးချယ်သော အကောင်းဆုံး ကစားသမားဆု (Men's Player of the Season) နှင့် အသင်းဖော်များက ရွေးချယ်သော Players' Player of the Season ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်..။
မွိုက်စ် ကိုင်ဆီဒို မှာ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် အသင်းအတွက် ပွဲအများဆုံး ကစားပေးခဲ့သည့် ကစားသမား၊ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းတွင် ပါဝင်ခဲ့ရသည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ရုံသာမက ရီးရဲလ် ဘက်တစ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် အသင်း၏ စတုတ္ထအနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့သည်..။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ် အပါအဝင် (၅) ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့သည်..။
၂၀၂၅/၂၆ ဘောလုံးရာသီ၊ ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်၌ ချယ်လ်ဆီးအသင်းအတွက် ပွဲ (၁၀၀ ပြည့်မြောက်ခဲ့သလို သွင်းဂိုးပါရရှိခဲ့သည်..။ ဘရန့်တ်ဖို့ဒ် အသင်းနှင့် ပွဲစဉ်တွင် ဂိုးဧရိယာအပြင်မှ ကန်ချက်ဖြင့် နောက်ထပ်သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပါသည်..။

သူ၏လှပသေသပ်စွာ ကန်သွင်းယူခဲ့သောဂိုးများမှာ ထိုမျှဖြင့်ရပ်တန့်မသွားခဲ့ဘဲ အောက်တိုဘာလအစတွင် လီဗာပူးလ်ကို အိမ်ကွင်းတွင် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ သူ၏ယခုရာသီအတွင်း အကောင်းဆုံးဂိုးကို ဂိုးဧရိယာအပြင်ဘက်မှ အပြင်းကန်ချက်ဖြင့် သွင်းယူခဲ့သည်။ ထို့အပြင် အိုင်ယက်စ်၊ ပါဖော့စ် အသင်းတို့နှင့် ချန်ပီယံလိဂ် ပွဲစဉ်များတွင်လည်း နောက်ထပ်သွင်းဂိုး (၂) ဂိုး ရရှိခဲ့သည်..။
နိုဝင်ဘာလအစပိုင်း စပါးအသင်းအား အဝေးကွင်း၌ အနိုင်ရရှိခဲ့သည့်ပွဲတွင်လည်း ကိုင်ဆီဒို သည် ဘောလုံးလုယူကာ ဂျာအို ပက်ဒရို အား တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သည့်အပြင် သူ၏ခြေစွမ်းကြောင့် ပွဲစဉ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
သို့သော် နောက်ထပ်လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သည့် အာဆင်နယ်နှင့် အိမ်ကွင်းတွင်သရေကျခဲ့သည့်ပွဲစဉ်၊ ပထမပိုင်းတွင် အနီကတ်ဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ (၃) ပွဲပယ်ပြစ်ဒဏ် ကျခံပြီးနောက် ပုံမှန်ခြေစွမ်းကို ချက်ချင်းပြန်လည်ရရှိခဲ့ပြီး ကာဒစ်ဖ်၊ ချာလ်တန် တို့နှင့် ဖလားပွဲစဉ်များတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သလို နောက်ပိုင်း၌ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးတို့နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင်လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကိုင်ဆီဒို သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုင်နိုင်ခဲ့သည်။ ကိုင်ဆီဒို သည် မန် စီးတီးနှင့် FA ဖလား ဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့ပြီး ရာသီအကုန်တွင် ပွဲပေါင်း (၅၀) ပါဝင်ခွင့်ရခဲ့ရာ အင်ဇို ဖာနန်ဒက်ဇ် နှင့် ပီဒရို နက်တို တို့ နှစ်ဦးတည်းသာ သူ့ထက်ပွဲကစားခွင့် ပိုမိုရရှိခဲ့သည်။
မွိုက်စ် ကိုင်ဆီဒို မှာ အီကွေဒေါ လက်ရွေးစင်အသင်းအတွက် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်များတွင် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ၂၀၂၀ ခုနှစ်တွင် အာဂျင်တီးနားအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် စတင်ပွဲထွက်ခွင့် ရရှိခဲ့ပြီး ဥရုဂွေးအသင်းအား ၄ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် နိုင်ငံအသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ထို့နောက် ဘိုလီးဗီးယား၊ ကိုလံဘီယာ အသင်းတို့နှင့် ပွဲစဉ်များတွင် ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့ပြီး တောင်အမေရိကဇုန်၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တစ်လျှောက်လုံးအတွင်း သုံးပွဲသာ လွဲချော်ခဲ့သည်..။

ထို့နောက် ကာတာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီကွေဒေါအသင်းနှင့်အတူ ပါဝင်ခဲ့ပြီး ရှုံးထွက်ပြိုင်ပွဲအဆင့်တွင် ဆီနီဂေါအသင်းအား အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်..။ အဆိုပါပွဲစဉ်တွင် ကိုင်ဆီဒို မှာ အီကွေဒေါအသင်း၏ တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။
ကိုင်ဆီဒို မှာ ၂၀၂၄ ခုနှစ်၊ နွေရာသီတွင် ကျင်းပခဲ့သော ကိုပါ အမေရိက ဖလားပြိုင်ပွဲဝင် အီကွေဒေါ အသင်းအတွက် ရွေးချယ်ခံခဲ့ရသည်..။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ပီရူးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ အီကွေဒေါအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ရသည်..။
ကိုင်ဆီဒို ပါဝင်ခဲ့သည့် အီကွေဒေါအသင်းမှာ ၂၀၂၅ ခုနှစ် တစ်လျှောက်လုံ ရှုံးပွဲမရှိ ခရီးဆက်နိုင်ခဲသည့်အပြင် ပီရူးနှင့်ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည့်ရလဒ်ကြောင့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
ကိုင်ဆီဒို သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၄) ပွဲ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲတစ်ဝက်ကာလမှာပင် သူ့အား နိုင်ငံအသင်း၏ အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေး၊ ခန့်အပ်ခံခဲ့ရသည်။ ဂျာမနီအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်ကြောင့် အီကွေဒေါအသင်းမှာ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရှုံးထွက်အဆင့်သို့ တက်ရောက်စေခဲ့သော်လည်း ပူးတွဲအိမ်ရှင်နိုင်ငံ မက္ကဆီကိုအသင်းကို (၃၂) သင်း အဆင့်၊ ရှုံးထွက်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သည်။