ကစားသည့်နေရာ : Striker
အသက် : 26 years (14 November, 1997)
မွေးဖွားရာဒေသ : Lagny-sur-Marne, France
အရပ်အမြင့် : 1.77m (5 ft 10 in)
ကိုယ်ရေးအကျဉ်း
=======
ချယ်လ်ဆီးအသင်းမှာ ခရစ္စတိုဖာ အန်ကွန်းကူ အား ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် RB လိုက်ပ်ဇစ် အသင်းမှ ခြောက်နှစ်သက်တမ်းစာချုပ်ဖြင့် ၂၀၂၃/၂၄ ဘောလုံးရာသီမတိုင်ခင် ကြိုတင်ခေါ်ယူခဲ့သည်..။ ပြင်သစ်ကွင်းလယ် ကစားသမားမှာ လိုက်ပ်ဇစ်အသင်းတွင် တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့ရာမှ ဂိုးသွင်းကောင်းသလို ဂိုးဖန်တီးမှုပါ ကောင်းမွန်သော တိုက်စစ်မှူးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်..။
အန်ကွန်းကူ မှာ ပြင်သစ်ဘောလုံးလောက၏ နာမည်ကျော် Clairefontaine လူငယ်အကယ်ဒမီကျောင်းမှ ထွက်ပေါ်လာခဲ့ပြီး နာမည်ကျော် ပီအက်စ်ဂျီအသင်းနှင့် ကစားသမားဘဝကို စတင်ခဲ့သည်..။ ပြင်သစ်အသင်းအတွက် (၇၈) ပွဲ ကစားပေးခဲ့ပြီး Ligue 1 ချန်ပီယံဆု သုံးကြိမ်၊ Coupe de France ဖလား နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်..။ ထို့နောက် ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် RB လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။
၂၀၂၁/၂၂ ဘောလုံးရာသီတွင် ခရစ္စတိုဖာ အန်ကွန်းကူ မှာ ပြိုင်ပွဲစုံ (၃၅) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၏ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ နှင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သော ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ကိုပါ ဆွတ်ခူးရရှိခဲ့သည်..။ RB လိုက်ပ်ဇစ်အသင်းနှင့် DFB-Pokal ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီတွင် အသင်းအတွက် (၂၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၊ အဆင့် (၃) နှင့် DFB-Pokal ဖလားကို ထပ်မံရရှိခဲ့သည်..။
ခရစ္စတိုဖာ အန်ကွန်းကူ မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီး ၂၀၂၃/၂၄ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည့် ခရီးစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရသည်..။ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်မှ ပြန်လည်ကစားနိုင်ခဲ့ပြီး နယူးကာဆယ် အသင်းနှင့် Carabao ဖလားပွဲစဉ်၊ ဒုတိယပိုင်းတွင် စတင်ကစားနိုင်ခဲ့သည်..။
ဒီဇင်ဘာ (၂၆) ရက်နေ့၊ ဝုလ်ဖ်အသင်းနှင့်ပွဲတွင် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း တင်ပဆုံ ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သောကြောင့် တစ်လခန့်အနားယူခဲ့ရသည်..။ လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်းပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်ခဲ့ပြီး ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်..။ လီဗာပူးလ် အသင်းနှင့် ထပ်မံရင်ဆိုင်ခဲ့ရသည့် Carabao ဖလား၊ ဗိုလ်လုပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်ခဲ့သော်လည်း ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လနှင့် ဧပြီလများတွင် ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ..။
ရာသီကုန်နောက်ဆုံးပွဲစဉ်လေးပွဲတွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ဘရိုက်တန်အသင်းအား အနိုင်ရခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်..။
ခရစ္စတိုဖာ အန်ကန်းကူ မှာ ပြင်သစ်လက်ရွေးစင်အသင်းကြီးအတွက် ၂၀၂၂ ခုနှစ်၊ မတ်လက အိုင်ဗရီကို့စ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ခြေစမ်းပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရရှိခဲ့သည်..။ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်..။