ကစားသည့်နေရာ : Attacking midfielder/winger
အသက် : 23 years (6 May, 2002)
မွေးဖွားရာဒေသ : Manchester, England
အရပ်အမြင့် : 1.85m (6ft 1in)
ကိုယ်ရေးအကျဉ်း
==========
ကိုးလ် ပါးလ်မား မှာ မန်ချက်စတာ စီးတီးအသင်းမှ အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်ဖြစ်သော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ချယ်လ်ဆီးအသင်းသို့ ခုနှစ်နှစ်သက်တမ်းစာချုပ် (+ တစ်နှစ်သက်တမ်း ထပ်မံတိုးခွင့် အပါအဝင်) ဖြင့် ရောက်ရှိလာခဲ့သည်..။
ပါးလ်မား မှာ မန်ချက်စတာ စီးတီးအသင်း လူငယ်အကယ်ဒမီသို့ အသက် (၈) နှစ်အောက် လူငယ်အသင်းနှင့်အတူ စတင်ရောက်ရှိပြီး လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသည်..။ ၂၀၁၉/၂၀ ဘောလုံးရာသီတွင် FA လူငယ်ဖလား ဗိုလ်စွဲခဲ့သည့် မန်ချက်စတာ စီးတီး လူငယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသလို ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအား အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်..။ အဆိုပါဘောလုံးရာသီတွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၌ ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာ စီးတီးအသင်းကြီးတွင် လူစားဝင်ကစားသမားစာရင်း၌ ပါဝင်ခွင့်ရခဲ့သည်..။
မန်ချက်စတာ စီးတီးအသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ဘန်လေအသင်းအား အနိုင်ရရှိခဲ့သည့် Carabao ဖလားပြိုင်ပွဲ၊ စတုတ္ထအဆင့် ပွဲစဉ်တွင် စတင်ရရှိခဲ့ပြီး Wycombe Wanderers အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲတွင် အသင်းကြီးအတွက် ပထမဆုံးသွင်းဂိုး ရရှိခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီတွင် အသင်းကြီးလူစာရင်းတွင် ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး ပြိုင်ပွဲစုံ (၂၅) ပွဲ ပါဝင်ကစားခဲ့ရကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် နှင့် FA ဖလား တို့ကို ဆွတ်ခူးရရှိခဲ့သည်..။ ၂၀၂၃/၂၄ ဘောလုံးရာသီအစတွင် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့သည့် Community Shield ပြိုင်ပွဲနှင့် ဆီဗီးလားအသင်းအား အနိုင်ရရှိခဲ့သည့် UEFA စူပါဖလား၊ ဗိုလ်လုပွဲများတွင် မန်ချက်စတာ စီးတီးအသင်းအတွက် သွင်းဂိုးများကို ရယူပေးခဲ့သည်..။
ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပွဲကစားခွင့်ကို နော့တင်ဟမ် ဖောရက်စ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ပြီး ရရှိခဲ့သည်..။ ဘရိုက်တန်အသင်းအား အနိုင်ရရှိခဲ့သည့် Carabao ဖလားပြိုင်ပွဲတွင် အသင်းနှင့်ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲစဉ်၏တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ဘန်လေအသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် ပင်နယ်တီပြစ်ဒဏ်ဘောမှတဆင့် ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး သွင်းဂိုးရရှိခဲ့သည်..။
ကိုးလ် ပါးမား မှာ ပွဲထွက်ကစားသမား နေရာအပြင် ပထမဦးစားပေး ပင်နယ်တီကန်သွင်းသူအဖြစ်ပါ မြန်မြန်ဆန်ဆန် ရရှိခဲ့ပြီး အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ်အပါအဝင် သူ၏ပထမဆုံး သွင်းဂိုးလေးဂိုးစလုံးကို ပင်နယ်တီ ပြစ်ဒဏ်ဘောများမှ သွင်းယူပေးခဲ့သည်..။ အဆိုပါကာလအတွင်း ဂိုးဖန်တီးမှု လေးကြိမ်ကိုပါ ပြုလုပ်ပေးနိုင်ခဲ့သည်..။
လူတန် တောင်းအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပင်နယ်တီ မဟုတ်သည့် သွင်းဂိုးစတင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှ ဂိုးသမားကိုပါ ကျော်ဖြတ်သွင်းယူပေးခဲ့သည့် ဒုတိယဂိုးမှာ ချယ်လ်ဆီးအသင်း၏ ဒီဇင်ဘာလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်.။ ထို့နောက် မစ်ဒယ်လ်ဘရော့အသင်းနှင့် တွေ့ဆုံခဲ့သည့် Carabao ဖလား၊ အကြိုဗိုလ်လုပွဲတွင်လည်း နှစ်ဂိုးသွင်းပေးနိုင်ခဲ့သည်..။
၂၀၂၄ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ယှဉ်ပြိုင်ခဲ့ရသည့် (၆) ပွဲတွင် (၁၁) ဂိုး သွင်းပေးနိုင်ခဲ့သလို အဆိုပါကာလအတွင်း မန်ချက်စတာ ယူနိုက်တက်နှင့်ပွဲစဉ်တွင် သုံးဂိုးသွင်းပြီး hattrick ရရှိခဲ့သည်..။ အဲဗာတန်အား အနိုင်ရခဲ့သည့်ပွဲတွင် တစ်ဦးတည်းလေးဂိုး သွင်းယူနိုင်ခဲ့သလို ထိုပွဲ၏အဖွင့်ဂိုးမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ တစ်လတာ အကောင်းဆုံးသွင်းဂိုး (Goal of the Month) အဖြစ် ရွေးချယ်ခံခဲ့ရသည်..။ ထို့အပြင် ဧပြီလ၏ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်…။
၂၀၂၄ ခုနှစ်၊ မေလတွင် ကိုးလ် ပါးမား မှာ ချယ်လ်ဆီးအသင်းမှ အသက် (၂၁) နှစ်အောက် ကစားသမားများအနက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးပါဝင်ပတ်သက်နိုင်မှု (သွင်းဂိုး + ဂိုးဖန်တီးမှု) (၃၀) ကျော်အောင် စွမ်းဆောင်နိုင်ခဲ့သော ပထမဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်..။
ထို့အပြင် ချယ်လ်ဆီးအသင်း၏ နှစ်ပတ်လည် ညစာစားပွဲတွင် ချယ်လ်ဆီးအသင်း ပရိသတ်များက ရွေးချယ်၊ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Chelea Player of the Year) နှင့် အသင်းဖော် ကစားသမားများက ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Players’ Player of the Year) များကိုပါ ဆွတ်ခူးနိုင်ခဲ့သည်..။
ကိုးလ် ပါးမား မှာ ၂၀၂၃/၂၄ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားဆု (Premier League’s Young Player of the Season) နှင့် ကစားသမားများ သမဂ္ဂ (PFA) က ချီးမြှင့်သော ပရိသတ်များ၏ အကောင်းဆုံး ကစားသမားဆု (PFA Premier League Fans’ Player of the Year)၊ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု (PFA Young Player of the Year) များကိုပါ ဆက်လက် ရရှိခဲ့သည်..။
ပါးမား မှာ ၂၀၂၃/၂၄ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းနှင့် (၄၅) ပွဲကစား၊ (၂၅) ဂိုးသွင်းယူပေးနိုင်ပြီး ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ ပါးမား မှာ ဒီဒီယာ ဒရော့ဘာ၊ ဖရန့် လမ်းပတ် တို့နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ရာသီအတွင်း သွင်းဂိုး (၂၀) အထက်၊ ဂိုးဖန်တီးမှု (၁၀) ကြိမ်အထက် ပြုလုပ်ပေးနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။
ထို့အပြင် သူ၏ သွင်းဂိုး (၂၅) မှာ ၂၀၀၉/၂၀ ဘောလုံးရာသီနောက်ပိုင်း တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းပေးနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်း ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့သည်..။
၂၀၂၄/ ၂၅ ဘောလုံးရာသီကို အသင်းနှင့် ၂၀၃၃ ခုနှစ်၊ ဇွန်လအထိ (၂) နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ရာသီသစ်ကို စတင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ၏အောင်မြင်သည့် ယခင်နှစ်အတွက် Ballon d'Or ဆုပေးပွဲ အခမ်းအနားတွင် အဆင့် (၂၅) ချိတ်ခဲ့ပြီး PFA ဘောလုံးသမား သမဂ္ဂ၏ အကောင်းဆုံး လူငယ် ကစားသမားဆု (Young Player of the Year) ကိုလည်း ရရှိခဲ့သည်။
အဆိုပါဘောလုံးရာသီတွင် သူ၏ပထမဆုံးဂိုးကို ဝုလ်ဗ်အသင်းအား ၆ဂိုး- ၂ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ရှေ့ထွက်နေသည့် ဂိုးသမား၏အပေါ် ကျော်ပြီးကန်သွင်းယူခဲ့သည့် သွင်းဂိုးမှာ ပရီးမီးယားလိဂ်၏ ဩဂုတ်လအတွက် အကောင်းဆုံးသွင်းဂိုးနှင့် ချယ်လ်ဆီးအသင်း၏ ဩဂုတ်လအတွက် တစ်လတာ အကောင်းဆုံးသွင်းဂိုး ဆု (၂) ခုစလုံးကို ဆွတ်ခူးရရှိခဲ့သည်..။
စက်တင်ဘာလတွင် ဝက်စ်ဟမ်းအသင်းအား အဝေးကွင်းတွင် အနိုင်ရသည့်ပွဲအပြီး နောက်ပွဲတွင် ပါးမား မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲတစ်ပွဲ၏ ပထမပိုင်းအတွင်း (၄ ) ဂိုးသွင်းပေးနိုင်ခဲ့သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်..။ ဘရိုက်တန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် သူသွင်းခဲ့သည့် (၄) ဂိုးအနက် အလွန်လှပသည့် ပြစ်ဒဏ်ဘော ကန်ချက်သွင်းဂိုးကို ချယ်လ်ဆီး၏ စက်တင်ဘာအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခဲ့ကြပါသည်..။
စက်တင်ဘာလအတွင်း သွင်းဂိုး (၅) ဂိုးနှင့် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်နိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်၏ တစ်လတာ အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခံခဲ့ရသည်..။ အဆိုပါလအတွင်း ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ပွဲ (၅၀) မြောက် ပွဲထွက်ကစားခွင့်ရရှိခဲ့သည်..။ အောက်တိုဘာလအတွင်းမှာလည်း နောက်ထပ်သွင်းဂိုး (၁) ဂိုးနှင့် ဂိုးဖန်တီးမှု (၁) ကြိမ် ထပ်မံပြုလုပ်နိုင်ခဲ့ပြီး အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် ကစားသမား စာရင်းတွင် ပါဝင်ခဲ့ပါသည်…။ အောက်တိုဘာလကုန်တွင် နယူးကာဆယ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် သွင်းခဲ့သည့် အနိုင်ဂိုးကိုလည်း ချယ်လ်ဆီးအသင်း၏ အောက်တိုဘာလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်..။
ဒီဇင်ဘာလအစောပိုင်း အက်စ်တွန် ဗီလာအသင်းကို ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပြီးနောက် ပါးမား မှာ ချယ်လ်ဆီးအသင်း ကစားသမားများအနက် ပရီးမီးယားလိဂ်သွင်းဂိုး (၃၀) ကို ဒုတိယမြောက် အမြန်ဆုံးသွင်းနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ အဆိုပါသွင်းဂိုး (၃၀) ကို (၄၆) ပွဲနှင့် ရရှိခဲ့ခြင်းဖြစ်ပြီး (၄၁) ပွဲနှင့် အဆိုပါသွင်းဂိုး အရေးအတွက် ရရှိခဲ့သူမှာ ဂန္ထဝင်တိုက်စစ်မှူး ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် တစ်ဦးတည်းသာ ရှိခဲ့သည်..။ ဒီဇင်ဘာလအတွင်းတွင် FIFPRO Men's World XI ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး The Best FIFA Men's XI အတွက်လည်း အဆိုပြုခံခဲ့ရပါသည်။
ဒီဇင်ဘာလအတွင်း စပါးအသင်း၏ကွင်းတွင် မယုံနိုင်စရာ ပွဲတစ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းမှာ နှစ်ဂိုးရှုံးနေရာမှ ၄ဂိုး -၃ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည့်ပွဲတွင် ပါးမား မှာ ပင်နယ်တီ ပြစ်ဒဏ်ဘောများမှ သွင်းဂိုး (၂) လုံး ရယူပေးခဲ့ပြီး အင်ဇို ဖာနန်ဒက်စ် ၏သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်မှ သူ၏ ပထမပင်နယ်တီသွင်းဂိုးမှာ ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း (၃၇) ကြိမ်အထိ ရှိလာခဲ့ပြီး ၂၀၀၁ ခုနှစ်က ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် ၏ အသင်းစံချိန်ကို ချိုးဖြတ်နိုင်ခဲ့သည်…။
"Cold Palmer" ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် နာမည်ပြောင်နှင့် လိုက်ဖက်ညီစွာပဲ ဒုတိယမြောက် ပင်နယ်တီကို ပါနန်ကာ ကန်ချက်ဖြင့် သွင်းခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ဟက်ဆယ်လ်ဘိန့်ခ် ၏ ပင်နယ်တီ (၁၂) လုံးဆက်တိုက် ကန်သွင်းနိုင်ခဲ့သည့် စံချိန်နှင့် တူညီသွားခဲ့သည်..။ ပါးမား ၏ ပင်နယ်တီ ကန်ချက်များမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် ရရှိခဲ့သည့် သွင်းဂိုးများ ဖြစ်ခဲ့သောကြောင့် ယာယာ တိုရေး ၏ ပင်နယ်တီ (၁၁) လုံး ဆက်တိုက် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည့် စံချိန်ကိုလည်း ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပါသည်..။
Boxing Day နေ့ ဖူးလ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင် သွင်းယူခဲ့သည့်ဂိုးဖြင့် ၂၀၂၄ ခုနှစ်အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် သွင်းဂိုး (၂၆) ဂိုးအထိ ရရှိကာ ချယ်လ်ဆီးအသင်း ကစားသမားများအနက် တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး ရရှိခဲ့သည့် စံချိန်ကို ရရှိခဲ့သည်..။ ထို့အပြင်ဂိုးဖန်တီးမှု (၁၃) ကြိမ်နှင့် ပေါင်းလိုက်သောအခါ တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုး+ ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်နိုင်ခဲ့သည့် ချယ်လ်ဆီးကစားသမားအဖြစ် စံချိန်သစ်တစ်ခု ထပ်မံရရှိခဲ့ပါသည်..။
ဖူးလ်ဟးမ်အသင်းနှင့်ပွဲစဉ်က အဲဒီ့သွင်းဂိုးမှာ ချယ်လ်ဆီးအသင်း၏ တစ်လတာ အကောင်းဆုံးသွင်းဂိုးဆုကို ထပ်မံရရှိခဲ့ပါသည်။ ခရစ္စတယ် ပဲလေ့စ်နှင့် ဘုန်းမောက်အသင်းတို့နှင့် ဆက်တိုက်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နောက်ထပ်သွင်းဂိုး (၂) ဂိုးရရှိခဲ့ပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးခဲ့သည့် ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်..။ ထို့နောက်မတ်လအစောပိုင်း လက်စ်စတာအသင်းနှင့် ပွဲစဉ်တွင် ပင်နယ်တီကန်ချက်မှ ရရှိခဲ့သည့် သွင်းဂိုးဖြင့် ဂိုးမိုးခေါင်သည့်ကာလကို အဆုံးသတ်နိုင်မည် ဖြစ်သော်လည်း ပါးမား မှာ ချယ်လ်ဆီးအသင်း ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီလွဲချော်ခဲ့သည်..။ ထို့ကြောင့် ပါးမား မှာ ပင်နယ်တီသွင်းဂိုးများကို ဆက်တိုက်ရရှိသည့် အကောင်းဆုံးစံချိန်အတွက် ပင်နယ်တီသွင်းဂိုး (၁၁) ဂိုးဖြင့် ဟက်ဆယ်လ်ဘိန့်ခ် နှင့် တူညီနေခဲ့သည်..။
ပါးမား မှာ သူ၏ဂိုးမိုးခေါင်ခဲ့သည့်ကာလကို ပင်နယ်တီကန်ချက်မှပင် အဆုံးသတ်နိုင်ခဲ့သည်..။ မေလအတွင်း လီဗာပူးလ်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလလယ်ပိုင်းကတည်းက သူ၏ပထမဆုံးဂိုးဖြစ်ခဲ့သည်..။
ထို့နောက်ပိုလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ယူရိုပါ ကွန်ဖရင့်စ်လိဂ် ဗိုလ်လုပွဲစဉ်တွင် ရီးရယ်လ် ဘက်တစ်အသင်းအား ပထမပိုင်း ၁-၀ ဖြင့် ရှုံးနိမ့်နေရာက သူ၏တစ်ကိုယ်တော် စွမ်းဆောင်မှုဖြင့် အနိင်ပွဲအဖြစ်သို့ ပြန်လည်ပြောင်းလဲပေးနိင်ခဲ့သည်..။ အင်ဇို ဖာနန်ဒက်စ် နှင့် နီကိုလပ်စ် ဂျက်ဆင် တို့အတွက် တိကျ၊ သေသပ်လှသည့် ဂိုးဖန်တီးမှုနှစ်ကြိမ်ဖြင့် နောက်ဆုံးတွင် ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။
ကိုးလ် ပါးမား မှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် ၂၀၂၄/၂၅ ဘောလုံးရာသီကို သွင်းဂိုး (၁၅) ဂိုးဖြင့် ချယ်လ်ဆီးအသင်း၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ထပ်မံအဆုံးသတ်နိုင်ခဲ့ပါသည်။
ပါးမား မှာ အမေရိကန် ပြည်ထောင်စုတွင် ကျင်းပသော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့သည်..။ ပီအက်စ်ဂျီအသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် ပထမနှစ်ဂိုးကို သွင်းယူပေးခဲ့သည်..။ ထို့အပြင် ပါးလ်မီးရက်စ် အသင်းအား အနိုင်ရရှိခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း ဂိုးရရှိခဲ့သည်..။ ကိုးလ် ပါးမား မှာ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆု (Golden Ball) ကိုပါ ရရှိခဲ့သည်..။
၂၀၂၅/၂၆ ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ဘရန့်တ်ဖို့ဒ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင် လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်လာပြီး ရာသီသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့သည်.။ ဘေယန် မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းနှင့် ပွဲပေါင်း (၁၀၀) ပြည့်ခဲ့သလို သွင်းဂိုး ရရှိခဲ့သည်..။
ကိုးလ် ပါးမား မှာ လီဗိုင်း ကိုဝဲလ်၊ နိုနီ မာဒူအီကေး တို့နှင့်အတူ ၂၀၂၃ ခုနှစ်၊ နွေရာသီတွင် ကျင်းပခဲ့သော ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) တံခွန်စိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းတွင် ပါဝင်ခဲ့သည်..။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယား အသင်းများနှင့် ဥရောပခြေစစ်ပွဲစဉ် ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရသည်..။ ဝင်ဘလေကွင်း၌ မော်လ်တာ အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ကို ဒုတိယပိုင်း လူစားဝင် ကစားသမားအဖြစ် ရရှိခဲ့သည်..။
အင်္ဂလန်အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ဘော့စ်နီးယားအသင်းနှင့် ခြေစမ်းပွဲတွင် ပင်နယ်တီပြစ်ဒဏ်ဘောမှတဆင့် သွင်းယူပေးခဲ့ပြီး ဂျာမနီနိုင်ငံသို့ သွားရောက်မည့် အင်္ဂလန်အသင်း လူစာရင်းတွင် ပါဝင်ခဲ့သည်..။
ယူရို ၂၀၂၄ ပြိုင်ပွဲ၏ အစောပိုင်း အုပ်စုအဆင့်ပွဲစဉ်များတွင် ပါဝင်ကစားခွင့် မရခဲ့သော်လည်း ဆွစ်ဇာလန်အသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် အရေးပါသော သွင်းဂိုးကို ရယူပေးနိုင်ခဲ့သည်..။ နယ်သာလန်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အိုလေး ဝက်ကင်းစ် သွင်းယူပေးခဲ့သော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။
စပိန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲတွင် အင်္ဂလန်အသင်းအတွက် တစ်လုံးတည်သော ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း စပိန်အသင်းမှာ ဒုတိယပိုင်းပြီးခါနီးတွင် သွင်းယူပေးခဲ့သော အနိုင်ဂိုးဖြင့် ဗိုလ်စွဲသွားခဲ့သည်..။