ကစားသည့်နေရာ : Winger
အသက် : 26 years (9 March, 2000)
မွေးဖွားရာဒေသ : Viana do Castelo, Portugal
အရပ်အမြင့် : 1.74 m (5ft 9in)
ကိုယ်ရေးအကျဉ်း
========
ပီဒရို နက်တို မှာ ဝူဖာဟမ်တန် ဝမ်းဒါးရားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ရောက်ရှိလာခဲ့ပြီး အသင်းနှင့် (၇) နှစ်သက်တမ်း စာချုပ်ချုပ်ဆိုရန် သဘောတူညီနိုင်ခဲ့သည်…။ ပီဒရို မှာ ဇာတိမြေ ပေါ်တူဂီနိုင်ငံ၊ ဘရာဂါ လူငယ် အကယ်ဒမီမှ ကစားသမားဘဝကို စတင်ခဲ့ပြီး အသင်းကြီး ကစားခွင့်ကို ၂၀၁၇ ခုနှစ်၊ မေလက Nacional အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ရရှိခဲ့သည်..။
ထို့နောက် အီတလီ၊ စီးရီးအေပြိုင်ပွဲဝင် လာဇီယိုအသင်းသို့ နှစ်နှစ်သက်တမ်းအဌားစာချုပ်ဖြင့် ရောက်ရှိခဲ့ပြီး အီတလီဖလား (Coppa Italia) ကို ဆွတ်ခူးနိုင်ခဲ့သည်..။ ၂၀၁၈/၁၉ ရာသီတွင် အဌားစာချုပ်အား အပြီးသတ် ခေါ်ယူခွင့်စာချုပ်သို့ ပြောင်းလဲခဲ့သည်..။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဝူဖာဟမ်တန် ဝမ်းဒါးရားအသင်းသို့ ပြောင်းရွှေ့လာခဲ့သည်..။ Pyunik အသင်းနှင့် ယှဉ်ပြိုင်ရသည့် UEFA ယူရိုပါလိဂ် ပွဲစဉ်တွင် အသင်းနှင့်ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။
ပီဒရို နက်တို မှာ ဝုလ်ဖ်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း (၁၃၅) ပွဲကစားပေးပြီး ပြီးခဲ့သည့် ဘောလုံးရာသီတွင် ပွဲပေါင်း (၂၀) ကစား၊ (၁၁) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။

၂၀၂၄/ ၂၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ပြီး တစ်ပတ်အကြာတွင် မန်ချက်စတာစီးတီးနှင့် အိမ်ကွင်းပွဲစဉ် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့ပြီး ၎င်း၏ ပထမဆုံး ချယ်လ်ဆီးကစားခွင့် ရရှိခဲ့သည်။
အသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ကို ဆက်ဗတ်တီနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်တွင် ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ကို ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ရာသီအစ လေးပွဲမြောက် အိမ်ကွင်းပွဲစဉ်တွင် ရရှိခဲ့ပါသည်။
ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုးကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ဘားရိုးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် Carabao ဖလားပွဲတွင် သွင်းယူပေးနိုင်ခဲ့သည်။ ထိုပွဲတွင် ချယ်လ်ဆီးအသင်းက ၅ဂိုး -ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး နက်တိုက စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဂျန့်န်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်ဖရင့်စ်လိဂ် ပွဲစဉ်၌လည်း အားပါသည့်ကန်ချက်ဖြင့် သွင်းဂိုးရယူပေးခဲ့သည်။
ရာသီအစပိုင်းတွင် ပရီးမီးယားလိဂ်နှင့် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ နှစ်ခုစလုံး၌ ပါဝင်ကစားခွင့်ရရှိခဲ့သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် နက်တိုအတွက် သူ၏အစောပိုင်းလများ၏ အထူးခြားဆုံး အမှတ်တရမှာ အာဆင်နယ်နှင့် အိမ်ကွင်းပွဲတွင် ချေပဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပင်နယ်တီဧရိယာ အပြင်ဘက် ညာဘက်ခြမ်းမှ ဆွဲပြေးဝင်လာခဲ့ပြီး အာဆင်နယ်အသင်း ဂိုးသမား၏ ဘယ်ဘက်ထောင့်ထဲသို့ ဒုံးပျံကန်ချက်ဖြင့် အပြင်းကန်သွင်း ရယူပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်သည့် ဝက်စ်ဟမ်းနှင့် အိမ်ကွင်းပွဲစဉ်တွင် အဖွင့်ဂိုးကို ထပ်မံသွင်းယူခဲ့ပြန်သည်။ ထိုဂိုးကို တောင်ပံကစားသမားအဖြစ် ကစားနေစဉ် သွင်းယူခဲ့ခြင်းဖြစ်သော်လည်း သူ၏နောက်ထပ်တစ်ဂိုးမှာ နီကိုလပ်စ် ဂျက်ဆင် ဒဏ်ရာကြောင့် အနားယူနေချိန်တွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားပေးရစဉ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆောက်ပ်သမ်တန်အသင်းနှင့်ပွဲစဉ်တွင် သွင်းယူပေးခဲ့သည့်သွင်းဂိုးဖြင့် ချယ်လ်ဆီးအသင်း၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးဂိုးသွင်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်..။ အဆိုပါပွဲတွင် သူ၏ပြစ်ဒဏ်ဘော ကန်တင်ချက်မှတစ်ဆင့် လီဗိုင်း ကိုဝဲလ် က ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့အပြင် ချဲလ်ဆီးအသင်းနှင့် ဖူးလ်ဟမ်အသင်းတို့၏ အနောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်လ်ဆီးအသင်း ရှုံးနိမ့်နေခဲ့ရာမှ နက်တို ၏ ပြင်းထန်သော ကန်သွင်းချက်ကြောင့် ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိစေခဲ့သည်။ ထိုပွဲသည် ချယ်လ်ဆီးအသင်းအတွက် လေးလအတွင်း ပထမဆုံးအကြိမ် အဝေးကွင်းနိုင်ပွဲ ဖြစ်ခဲ့ပြီး အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါခဲ့သော တွန်းအားတစ်ခု ဖြစ်ခဲ့သည်။ ထိုဂိုးကို ချဲလ်ဆီးအသင်း၏ ရာသီအကောင်းဆုံးအမျိုးသားအသင်း သွင်းဂိုးအဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။
ရာသီမကုန်မီ လီဗာပူးနှင့် နော်တင်ဟမ်ဖောရက်စ်တို့နှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များတွင် သွင်းဂိုးဖန်တီးမှုများ ပြုလုပ်ပေးခဲ့ပြီး ဖောရက်စ်အသင်းနှင့် ရာသီနောက်ဆုံးပွဲစဉ်မှ သူ၏ဂိုးဖန်တီးမှုက အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာစေခဲ့သည်။
နက်တို သည် ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ သူ၏ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးရာသီအတွင်း (၄၅) ပွဲကစား၊ (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။

ထို့နောက် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အစောပိုင်းပွဲစဉ် နှစ်ပွဲစလုံးတွင် သွင်းဂိုးများ ရယူပေးနိုင်ခဲ့သည်။ ဘင်ဖီကာအသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၌ နာကျင်အချိန်ပိုတွင် အသင်းအတွက် နောက်ထပ်တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါသည်..။ ကွာတားဖိုင်နယ်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များတွင်လည်း ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်ခဲ့ရသည်..။
နက်တို သည် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှခြေစွမ်းကို ဆက်လက်သယ်ဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရာသီသစ်၏ ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် ဝက်စ်ဟမ်းနှင့် အဝေးကွင်းအနိုင်ပွဲတွင် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သူသည်ချယ်လ်ဆီးအသင်း၏ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး အောက်တိုဘာလလယ်မှ ဒီဇင်ဘာလလယ်အထိ (၂) လအတွင်း (၄) ဂိုး သွင်း၊ (၃) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ နော့တင်ဟမ် ဖောရက်စ်ကို ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် (၁) ဂိုး သွင်းယူပြီး (၁) ဂိုး ဖန်တီးပေးနိုင်ခဲ့သလို အဆိုပါသွင်းဂိုးများထဲမှ တစ်ဂိုးမှာ အသင်းဟောင်း ဝုလ်ဗ်အသင်းနှင့်ပွဲစဉ်၌ ရရှိခဲ့ခြင်းဖြစ်သည်။
ဘုန်းမောက်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့သည်။ နှစ်သစ်ကူးချိန်၌ FA ဖလားပြိုင်ပွဲတွင် သူ၏ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဆုံးဟက်ထရစ် ရရှိခဲ့သည်။ ချာလ်တန်အသင်းနှင့် တတိယအဆင့်ပွဲစဉ်၌ ဂိုးရရှိခဲ့ပြီး ဟူးလ် စီးတီးအသင်းနှင့် နောက်တစ်ဆင့်ပွဲစဉ်တွင် ၄ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာ ပထမဆုံး ၃ ဂိုးစလုံးမှာ သူ၏သွင်းဂိုးများ ဖြစ်ခဲ့သည်။ ထိုအထဲမှတစ်ဂိုးမှာ ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးထဲသို့ တိုက်ရိုက် ကန်သွင်းယူခဲ့ခြင်းဖြစ်ပြီး ရခဲလှသော စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်ခဲ့သည်။
ချယ်လ်ဆီးအသင်းမှာ အဆိုပါပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး နက်တို သည် ဝင်ဘလေကွင်း၌ မန်ချက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရရှိခဲ့သည်။ ထိုပွဲအပြီး နောက်တစ်ပွဲဖြစ်သော စပါးအသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ အင်ဇို ဖာနန်ဒက်ဇ် ၏ ဦးဆောင်ဂိုးမှာ သူ၏ပေးပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။ နက်တို သည် အဆိုပါဘောလုံးရာသီတွင် ပါဝင်ခဲ့သည့် (၅၂) ပွဲမှ (၁၀) ဂိုး သွင်းယူကာ (၁၀) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်း ကစားသမားထဲတွင် အင်ဇို တစ်ဦးတည်းသာ သူ့ထက်ပိုပြီး ပွဲထွက်ခွင့် ရရှိခဲ့သည်။

နက်တိုသည် ပေါ်တူဂီအသင်း၏ အသက်အလိုက် ဘောလုံးအသင်းများတွင် ပါဝင်ခွင့်ရခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် နိုင်ငံတကာပွဲစဉ် စတင်ကစားခွင့်ရခဲ့ကာ အင်ဒိုရာအသင်းအား ၇ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင်ပင် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် ကျင်းပခဲ့သော ယူရို ၂၀၂ ပြိုင်ပွဲနှင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ..။ ချယ်လ်ဆီးအသင်းသို့ မပြောင်းရွှေ့မီ ယူရို ၂၀၂၄ ပြိုင်ပွဲ၊ အုပ်စုအဆင့်၊ ပွဲစဉ်အားလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး နှစ်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ ပထမဆုံးပွဲစဉ်တွင် ဖရန်စက်စ်ကို ကွန်ဆီကာအို အတွက် နောက်ကျအနိုင်ဂိုး သွင်းယူပေးရန် ဖန်တီးပေးနိုင်ခဲ့သော်လည်း ရှုံးထွက်ပွဲစဉ် နှစ်ပွဲစလုံးတွင် အရန်လူအဖြစ်သာ ပါဝင်ခဲ့ရသည်။
ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် သူ၏ဒုတိယမြောက် နိုင်ငံတကာသွင်းဂိုးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ပိုလန်နှင့် ကစားခဲ့သည့် Nations League ပွဲစဉ်၌ ရရှိခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သော Nations League ပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်များတွင် ပေါ်တူဂီအသင်း အနိုင်ရရှိစေရန် ကူညီပေးနိုင်ခဲ့သည်။ အကြိုဗိုလ်လုပွဲစဉ်တွင် ဂျာမနီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် စပိန်နှင့် ဗိုလ်လုပွဲတွင်လည်း ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ ပွဲချိန်အတွင်း တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သောကြောင့် ပင်နယ်တီဖြင့် အဆုံးအဖြတ်ရယူခဲ့ရာတွင် ပေါ်တူဂီအသင်းက အနိုင်ရ၊ ဗိုလ်စွဲခဲ့သည်။
၂၀၂၅/၂၆ ရာသီ အစောပိုင်းလများအတွင်း နက်တို သည် ပေါ်တူဂီအသင်း ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရန် ကူညီပေးနိုင်ခဲ့သည်..။ ထို့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပေါ်တူဂီ အသင်း လူစာရင်း၌ ရွေးချယ်ခံခဲ့ရသည်။ ပေါ်တူဂီအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၁၆) အသင်းအဆင့် ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ပြီး နက်တို မှာ (၅) ပွဲ ပါဝင်ကစားနိုင်ခဲ့သည်..။ သူသည်ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းအတွက် ပထမဆုံး သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။