ကစားသည့်နေရာ : Forward/attacking midfielder
အသက် : 24 years (10 November, 1999)
မွေးဖွားရာဒေသ : Viseu, Portugal
အရပ်အမြင့် : 1.81m (5ft 11in)
ကိုယ်ရေးအကျဉ်း
=======
ပေါ်တူဂီ တိုက်စစ်မှူး ဂျာအို ဖဲလစ် မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ချယ်လ်ဆီးအသင်းသို့ (၇) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် အက်တလက်တီကို မက်ဒရစ်အသင်းမှ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့သည်..။ ဖဲလစ် မှာ ၂၀၂၂/၂၃ ဘောလုံးရာသီ၏ ဒုတိယရာသီဝက်တွင် ချယ်လ်ဆီးအသင်းသို့ အဌားစာချုပ်ဖြင့် လာရောက်ခဲ့ဖူးသည်..။
ဂျာအို ဖဲလစ် မှာ ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် ဘင်ဖီကာအသင်းတွင် ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် အက်တလက်တီကို မက်ဒရစ်အသင်းသို့ စပိန်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည်..။ အသက် (၂၄) နှစ်အရွယ်ရှိ တိုက်စစ်မှူးမှာ ဘာစီလိုနာအသင်းသို့လည်း အဌားသွားရောက်ခဲ့ဖူးသည်..။
ဖဲလစ် မှာ ဘောလုံးစွမ်းရည်နှင့် နည်းစနစ်ပိုင်း ထူးချွန်ပြီး တိုက်စစ်ဇုန်ထဲတွင် လွတ်လွတ်လပ်လပ် ရွှေ့လျားရင်း ဂိုးသွင်းခွင့်၊ ဂိုးဖန်တီးမှုများကို ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်သည်..။ သူ၏ကစားသမားဘဝကို ပေါ်တူဂီနိုင်ငံမှ နာမည်ကျော် ပေါ်တိုအသင်းမှ စတင်ခဲ့သော်လည်း အသက် (၁၅) နှစ်အရွယ်တွင် မြို့ခံပြိုင်ဘက် ဘင်ဖီကာ အသင်းသို့ ပြောင်းရွှေ့ခဲ့သည်..။
ဘင်ဖီကာအသင်းနှင့် ပွဲကစားခွင့်ကို အသက် (၁၆) နှစ်အရွယ်တွင် ရရှိခဲ့ပြီး ထိုအချိန်က အသင်း၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲကစားခွင့်ရရှိသည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။ ၂၀၁၈/၁၉ ဘောလုံးရာသီတွင် ဘင်ဖီကာအသင်းကြီးသို့ ရောက်ရှိခဲ့ပြီး အသင်းနှင့်အတူ ပေါ်တူဂီအမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်..။
ဂျာအို ဖဲလစ် မှာ အဆိုပါဘောလုံးရာသီတွင် ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) ရရှိခဲ့ပြီး အဓိကပြိုင်ဘက်အသင်းများဖြစ်သော စပိုးတင်း လစ္စဘွန်း၊ ပေါ်တို အသင်းများနှင့် ပွဲစဉ်များတွင် ဂိုးများသွင်းယူ ပေးနိုင်ခဲ့သည်..။ ထို့အပြင် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အိန့်ထရက် ဖရန့်ဖတ်အသင်းနှင့် ပွဲစဉ်တွင် သုံးဂိုးသွင်းပြီး hattrick ရယူနိုင်ခဲ့သည်..။
စပိန်လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တီကို မက်ဒရစ်အသင်းသို့ ရောက်ရှိချိန်တွင် အသက် (၁၉) နှစ်သာ ရှိနေသေးပြီး ပထမဆုံးရာသီတွင် (၃၆) ပွဲကစား၊ (၉) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီအစပိုင်းတွင် ဘင်ဖီကာအသင်းနှင့် အက်တလက်တီကို မက်ဒရစ်အသင်းမှ စွမ်းဆောင်ရည်များကြောင့် ဥရောပလူငယ် အကောင်းဆုံး ကစားသမားဆုဖြစ်သော Golden Boy ဆု ချီးမြှင့်ခံခဲ့ရသည်..။
၂၀၂၀/၂၁ ဘောလုံးရာသီတွင် အက်တလက်တီကို အသင်းနှင့် စပိန်လာလီဂါ ချန်ပီယံဆု ရရှိခဲ့သော်လည်း ခရစ်စ်မတ်ကာလနောက်ပိုင်းတွင် ဒဏ်ရာပြဿနာ၊ ကျန်းမာရေး ပြဿနာများကြောင့် ပုံမှန်ကစားခွင့် ပျောက်ဆုံးခဲ့သည်..။ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရသေးသော်လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၅၅) ပွဲကစား၊ (၁၅) ဂိုး သွင်းယူပေးခဲ့ကာ အက်တလက်တီကိုအသင်းပရိသတ်များက ချီးမြှင့်သည့် ၂၀၂၁/၂၂ ဘောလုံးရာသီ၏ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်..။
၂၀၂၂/၂၃ ဘောလုံးရာသီ၊ ပထမရာသီဝက်တွင် အက်တလက်တီကို မက်ဒရစ်အသင်းအတွက် ပွဲပေါင်း (၂၀) ကစားခွင့်ရခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းသို့ အဌားစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည်..။ သို့သော် ချယ်လ်ဆီးအသင်းနှင့် ပွဲဦးထွက်အဖြစ် ဖူးလ်ဟမ်းအသင်းနှင့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း တိုက်ရိုက်အနီကတ်ဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်..။
ချယ်လ်ဆီးအသင်းအတွက် သူ၏ပထမဆုံးဂိုးကို ဝက်စ်ဟမ်းအသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြဂရေဟမ် ပေါ်တာ၊ ယာယီနည်းပြ ဖရန့် လမ်းပတ် တို့ လက်ထက်တွင် လူစားဝင် ကစားသမားအဖြစ် (၆) ပွဲ အပါအဝင် (၁၄) ပွဲကစား၊ (၄) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။
၂၀၂၃/၂၄ ဘောလုံးရာသီတွင် စပိန်လာလီဂါ ပြိုင်ပွဲဝင် ဘာစီလိုနာအသင်းသို့ အဌားသွားရောက်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသွင်းဂိုး (၃) ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၁၀) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။
ဂျာအို ဖဲလစ် မှာ ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး ဆွစ်ဇာလန်အသင်းအား အနိုင်ရရှိခဲ့သည့် UEFA Nations League အကြိုဗိုလ်လုပွဲစဉ်တွင် ပထမဆုံး ကစားခွင့်ရခဲ့သည်..။ ထိုအချိန်မှစပြီး ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ပုံမှန်ရွေးချယ်ခံရသလို အင်္ဂလန်နိုင်ငံတွင် ကျင်းပသည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း ပါဝင်ခွင့်ရခဲ့သည်..။ သို့သော်ဒဏ်ရာ ပြဿနာကြောင့် ဘယ်လ်ဂျီယမ်အသင်းအား ရှုံးနိမ့်ခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် တစ်ပွဲသာ ကစားခွင့်ရခဲ့သည်..။
ကာတာ နိုင်ငံတွင် ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂါနာအသင်းနှင့် အုပ်စုအဆင့်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဆွစ်ဇာလန်အသင်းအား ၆ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။
ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ပေါ်တူဂီအသင်းနှင့် နှစ်ပွဲကစားခွင့်ရခဲ့ပြီး ပြင်သစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် အဆုံးအဖြတ် ပင်နယ်တီကန်ချက်အား လွဲချော်ခဲ့သည်..။