34 Josh Acheampong

ကစားသည့်နေရာ : Defender

အသက် : 18 years (5 May, 2006)

မွေးဖွားရာဒေသ : London, England

အရပ်အမြင့် : 1.90m (6ft 3in)

ကိုယ်ရေးအကျဉ်း
======

ဂျော့ရှ် အာချီယန်ပေါင်း မှာ ချယ်လ်ဆီးအသင်းသို့ အသက် (၈) နှစ်အောက် လူငယ်အကယ်ဒမီ အသင်းမှတဆင့် ရောက်ရှိလာခဲ့ပြီး လူငယ်အသင်းအဆင့်ဆင့်တွင် ပါဝင်ခဲ့ရသူဖြစ်သည်..။ ဂျော့ရှ် မှာ ခံစစ်ကြောင်းတွင် နေရာစုံ ကစားပေးနိုင်သူ တစ်ယောက်လည်း ဖြစ်ပါသည်။ ဗဟိုခံစစ်မှူးအပြင်၊ ဘယ်၊ ညာနောက်ခံလူ၊ wing back နေရာများတွင်လည်း ကစားခဲ့ပြီး သူ၏ခံယူချက်ကောင်းမွန်ခြင်းနှင့် စိတ်ဓါတ်ပိုင်း ခိုင်မာခြင်းတို့ကြောင့် တိုးတက်မှုများကို လျှင်လျှင်မြန်မြန် ရရှိလာခဲ့သည်..။

၂၀၂၂/၂၃ ရာသီတွင် အက် ဘရန်းဒ် နှင့် ဟာဆန် ဆူလီမာနီ တို့၏ ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းတွင် ပုံမှန်ကစားခွင့်ရသည့် အဓိကကစားသမား တစ်ယောက်အဖြစ် စတင်နေရာရခဲ့သည်။ တော့တင်ဟမ် လူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် လူငယ်ပရီးမီးယားလိဂ် (အသက် ၁၈ နှစ်အောက်) ပွဲစဉ်တွင် အံ့သြဖွယ် သွင်းဂိုးတစ်ဂိုးကို အဝေးမှကန်သွင်း ရယူပေးခဲ့သည်။

၂၀၂၃/၂၄ ရာသီတွင် သူသည် ချယ်လ်ဆီးအရန်အသင်း (အသက် ၂၁ နှစ်အောက်) တွင် ပါဝင်ကစားခဲ့ရသလို ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းအတွက်လည်း ဆက်လက်ကစားခဲ့ရသည်။ ချယ်လ်ဆီးလူငယ်အသင်းမှာ အဆိုပါဘောလုံးရာသီတွင် လူငယ်ပရီးမီးယားလိဂ် ချန်ပီယံဆု (South Division) ကို ရရှိခဲ့ရာတွင် အရေးပါသော ကစားသမားတစ်ဦး ဖြစ်ခဲ့သည်..။ ထို့အပြင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ကျင်းပခဲ့သော လူငယ်ပရီးမီးယားလိဂ် (အသက် ၁၈ နှစ်အောက်) ချန်ပီယံ ဗိုလ်လုပွဲတွင် မန်ချက်စတာ ယူနိုက်တက် အသင်းအား ၂ဂိုး-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ချယ်လ်ဆီးအသင်း၏ တစ်လုးတည်းသောဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

အာချီယန်ပေါင်း သည် အသက် (၁၈) နှစ်ပြည့် မွေးနေ့မတိုင်မီ (၃) ရက်အလိုတွင် ချယ်လ်ဆီးအသင်းကြီးနှင့် ပထမဆုံးအကြိမ် ကစားခွင့်ရရှိခဲ့သည်။ ၂၀၂၃/၂၄ ရာသီအဆုံးပိုင်းတွင် ဗဟိုခံစစ်မှူးနှင့် ညာနောက်ခံလူ နေရာများတွင် ပါဝင်ကစားခဲ့ရပြီး သူ၏ဘောလုံးကျွမ်းကျင်မှု၊ တစ်ဦးချင်း ကာကွယ်ဖျက်ထုတ် ရသည့် အခြေအနေများတွင် ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့သည်။ ထို့အပြင်သူသည် တိုက်စ်စ်ပိုင်း လိုက်ပါမှုများနှင့် တိုက်စစ်လမ်းကြောင်း ဖန်တီးမှုများကို စတင်ရာတွင်လည်း ပိုင်နိုင်ကြောင်း ပြသနိုင်ခဲ့သည်။ ၂၀၂၄/၂၅ ဘောလုံးရာသီ အလယ်ပိုင်းပိုင်းတွင် ချယ်လ်ဆီးအသင်းကြီး ကစားသမား တစ်ယောက်အဖြစ် အတည်ပြု၊ သတ်မှတ်ခံခဲ့ရသည်။



အာချီယန်ပေါင်း မှာ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အသင်းနှင့်ပထမဆုံးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၃/၂၄ ဘောလုံးရာသီ၏ နောက်ဆုံးလတွင် ထိုအချိန်ကနည်းပြ မော်ရစ္စစီယို ပိုချက်တီနို က တော့တင်ဟမ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်၊ နောက်ဆုံးမိနစ်များတွင် ပထမဆုံးပွဲကစားခွင့် ပေးအပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် နွေရာသီ၊ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ရာသီကြိုခရီးစဉ်တွင် ပါဝင်ခဲ့ရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ ဘားရိုးအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် Carabao ဖလားပွဲစဉ်၊ ဒုတိယပိုင်းတွင် ဝင်ရောက်ကစားခွင့် ရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းကြီးနှင့် ပထမဆုံးပွဲထွက်ခွင့်ကို ဒီဇင်ဘာလတွင် ယှဉ်ပြိုင်ခဲ့သော UEFA ကွန်ဖရင့်စ်လိဂ် ပြိုင်ပွဲတွင် ရရှိခဲ့သည်။ အက်စ်တာနာ အသင်းနှင့် ကာဇက်စ်တန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ဂျော့ရှ် ညာနောက်ခံလူနေရာတွင် ကစားပေးရန် ရွေးချယ်ခံခဲ့ရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျော့ရှ် အာချီယန်ပေါင်း မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၂၉ ခုနှစ်ထိ စာချုပ်သက်တမ်းသစ် ထပ်မံချုပ်ဆိုနိုင်ခဲ့သည့်အပြင် အသင်းကြီးကစားသမားအဖြစ်ပါ အတည်ပြု သတ်မှတ်ခံခဲ့ရသည်..။ ၂၀၂၅ ခုနှစ်၏ ပထမဆုံးပွဲစဉ်ဖြစ်သော ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် သရေကျခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် ပထမဆုံးပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဗဟိုခံစစ်မှူးအဖြစ် လီဗိုင်း ကိုဝဲလ် နှင့်အတူ တွဲဖက်၍ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့သည်။ ထို့အပြင်အဆိုပါပွဲ၏ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား အဖြစ်ပါ ရွေးချယ်ခြင်းခံခဲ့ရသည်..။