21 Jorrel Hato

ကစားသည့်နေရာ : Defender

အသက် : 20 years (7 March, 2006)

မွေးဖွားရာဒေသ : Rotterdam, Netherlands

အရပ်အမြင့် : 1.82 m (6ft)

ကိုယ်ရေးအကျဉ်း
========

ဂျိုရယ်လ် ဟာတို မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ချယ်လ်ဆီးအသင်းသို့ ၂၀၂၃၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းဖြင့် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်..။ အိုင်းယက်စ် အသင်းတွင် ဗဟိုနောက်ခံလူ နေရာအပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားပေးနိုင်သူဖြစ်သည်..။ ဟာတို မှာ ဘောလုံးဖျက်ထုတ်ရာတွင် သပ်ရပ်၊ ကောင်းမွန်ပြီး ဘောလုံးနှင့်အတူ တိုက်စစ်ကို လိုက်ပါနိုင်စွမ်းရှိသူလည်း ဖြစ်သည်..။ 

အသက် (၁၇) နှစ်အရွယ်မှာပင် အိုင်းယက်စ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူ ဟော်လန်နောက်ခံလူမှာ စပါတာ ရော့တာဒမ်အသင်းမှ အိုင်းယက်စ်အသင်း လူငယ်အကယ်ဒမီသို့ ၂၀၁၈ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်..။ အသက် (၁၆) နှစ်အရွယ်မှာပင် အိုင်းယက်စ်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အိုင်းယက်စ်အသင်းနှင့်အတူ ဟော်လန်လိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည်..။

ဟာတို မှာ အိုင်းယက်စ်အသင်း၏ သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံး အသင်းကြီးကစားခွင့် ရခဲ့သူဖြစ်ပြီး အဆိုပါဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော ဒတ်ချ်ဖလား၊ ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့်ရခဲ့သည်..။၂၀၂၃/၂၄ ဘောလုံးရာသီမှစတင်ပြီး အိုင်းယက်စ်အသင်းတွင် ပုံမှန်ကစားခွင့်ရရှိခဲ့သည်..။

ဟာတို မှာ ချယ်လ်ဆီး  ပထမဆုံး ပွဲထွက်ခွင့်ကို ရာသီ၏ဒုတိယမြောက် လိဂ်ပွဲစဉ်ဖြစ်သော ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် ၅ဂိုး -၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ် ဒုတိယပိုင်း၌ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။ နောက်တစ်ပွဲဖြစ်သော အဝေးကွင်းပွဲစဉ်တွင် ပထမဆုံးပွဲထွက်ခွင့် စတင်ရရှိခဲ့ပြီး ဘရန့်တ်ဖို့ဒ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ပထမပိုင်း၌ ပါဝင်ကစားခဲ့သည်။



အဆိုပါပွဲတွင် ဘယ်အစွန် နောက်ခံလူ ကစားခဲ့ရသလို လင်ကွန်းအသင်းနှင့် Carabao ဖလားပွဲစဉ်တွင်လည်း ထိုနေရာမှပင် ပွဲထွက်ခွင့်ရခဲ့သည်။ သို့သော် နောက်တစ်ပွဲဖြစ်သော ဘရိုက်တန်အသင်းအား စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ဧည့်ခံကစားရသည့် ပွဲစဉ်၌ဗဟိုခံစစ်မှူးများ ဒဏ်ရာရရှိနေသောကြောင့် ဗဟိုခံစစ် (Centre of defence) တွင် ဝင်ရောက်ကစားရန် တောင်းဆိုခံခဲ့ရသည်။ ထို့အပြင် အသင်းဟောင်း အိုင်းယက်စ်အသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ အနိုင်ပွဲကြီးတွင်လည်း ပွဲထွက်လူစာရင်း၌ ပါဝင်ခဲ့သည်။

ဟာတို မှာ အောက်တိုဘာလအတွင်း၌ ဥရောပတခွင်မှ ထူးချွန်သည့် လူငယ်ဘောလုံးသမားများကို ဂုဏ်ပြုသည့် ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆု ဆန်ကာတင် စာရင်း၌ ရွေးချယ်ခြင်း ခံခဲ့ရသည်။

ဟာတို မှာ ဖလားပြိုင်ပွဲများတွင် ပွဲထွက်ခွင့်များ ဆက်လက် ရှိနေခဲ့ပြီး ၂၀၂၆ ဇန်နဝါရီလတွင် ချာလ်တန်အသင်းနှင့် FA ဖလားအနိုင်၌ သူ၏ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုးကို အလှပဆုံးကန်ချက်ဖြင့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ 

ဂျိုရယ်လ် ဟာတို မှာ ဥရောပလူငယ် (အသက် ၂၁ နှစ်အောက်) ပြိုင်ပွဲဝင် ဟော်လန်လူငယ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသလို ဟော်လန်လက်ရွေးစင် အသင်းကြီးအတွက် အသက် (၁၇) နှစ်အရွယ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့သည်..။

ထို့အပြင် ဟာတို သည် ၂၀၂၅ နွေရာသီတွင် ကျင်းပခဲ့သော UEFA အသက် (၂၁) နှစ်အောက် ဥရောပလူငယ် တံခွန်စိုက်ပြိုင်ပွဲ၌ ဟော်လန်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်။

၂၀၂၆ ခုနှစ်တွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ခြေစမ်းပွဲတွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဟော်လန်အသင်းလူစာရင်း၌ ရွေးချယ် ခေါ်ယူခြင်း ခံခဲ့ရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မော်ရိုကိုအသင်းနှင့် ပင်နယ်တီ အဆုံးအဖြတ် ရောက်ရှိခဲ့သည့် (၃၂) သင်း အဆင့် ရှုံးထွက်ပွဲစဉ်၌ ၎င်းသည် လူစားဝင် ကစားသမားအဖြစ် တစ်ပွဲပါဝင်ကစားခဲ့သည်။ ထိုပွဲတွင် နယ်သာလန် အသင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။