23 Trevoh Chalobah

ကစားသည့်နေရာ : Centre-back

အသက် : 26 years (11 August, 2021)

မွေးဖွားရာဒေသ : Freetown, Sierra Leone

အရပ်အမြင့် : 1.92 m (6 ft 3 in)

ကိုယ်ရေးအကျဉ်း
========

ထရေဗာ ချာလိုဘာ မှာ ချယ်လ်ဆီးအသင်း ငယ်မွေးခြံပေါက် ကစားသမားဟောင်း နေသန်နီယယ် ချာလိုဘာ ၏ ညီဖြစ်ပြီး အသင်းအကယ်ဒမီသို့ အသက် (၉) နှစ်အရွယ်ကပင် စတင်ရောက်ရှိလာခဲ့သည်..။ ထို့နောက်ချယ်လ်ဆီးအသင်းကြီးအတွက် ၂၀၁၈ ခုနှစ်တွင် စတင်ကစားခွင့် ရရှိခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် အစ်ပ်ဝစ်ခ်ျ တောင်းအသင်း၊ ဟာဒက်စ်ဖီးလ် တောင်းအသင်းများသို့ အဌားသွားရောက်ခဲ့သည်..။

ထရေဗာ မှာ လူငယ်ကစားသမားဘဝက ညာနောက်ခံလူနှင့် ဗဟိုခံစစ်နေရာများတွင် အများဆုံး ကစားခဲ့သော်လည်း ကွင်းလယ်အဖျက် ကစားသမားအဖြစ် ရံဖန်ရံခါ ကစားခဲ့သည်..။

၂၀၁၅/၁၆ ဘောလုံးရာသီတွင် လူငယ်အကယ်ဒမီ အသင်းများနှင့်အတူ UEFA လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲကို လူငယ် (အသက် ၁၉ နှစ်အောက်) အသင်း၊ FA လူငယ်ဖလားပြိုင်ပွဲကို လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းများနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်..။ ထရေဗာ ချာလိုဘာ မှာ FA လူငယ်ဖလား အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများတွင် အသင်းအတွက် အနိုင်ဂိုးများကို သွင်းယူပေးခဲ့သည်..။ ထို့နောက် ၂၀၁၇/၁၈ ဘောလုံးရာသီတွင် အသင်းကြီးနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့ပြီး မန်ချက်စတာ ယူနိက်တက် အသင်းကို အနိုင်ရခဲ့သည့် FA ဖလား၊ ဗိုလ်လုပွဲတွင် အသင်း၏ အရန်လူစာရင်းတွင် ပါဝင်ခဲ့သည်..။

၂၀၁၈/၁၉ ဘောလုံးရာသီတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် အစ်ပ်ဝစ်ခ်ျ အသင်းသို့ အဌားသွားရောက်ခဲ့ပြီး (၄၄) ပွဲကစား၊ (၂) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ထိုနေ့ာက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်းအသင်းသို့ အဌားသွားရောက်ခဲ့သည်..။ ထိုသို့ အဌားမသွားရောက်မီ ထရေဗာ မှာ ချယ်လ်ဆီးအသင်းနှင့် ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့သည်..။ ဟာဒက်စ်ဖီးလ် တောင်း အသင်းတွင် (၃၇) ပွဲ ကစားခွင့်ရခဲ့ပြီး တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့သည်..။



၂၀၂၀ ခုနှစ်တွင် ချာလိုဘာ မှာ ပြင်သစ်လီဂူး (၁) တန်းတက်အသင်း လိုရီးယန့် အသင်းသို့ အဌားထွက်ခဲ့ပြီး အသင်း၏ ဗဟိုခံစစ်ကြောင်းနှင့် ကွင်းလယ်အဖျက် နေရာများတွင် ပုံမှန်ကစားခွင့်ရရှိပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်..။ ထရေဗာ ချာလိုဘာ မှာ လိုရီးယန့် အသင်းနှင့် ပွဲပေါင်း (၃၀) ကစားခွင့်ရခဲ့ပြီး (၂) ဂိုးသွင်းနိုင်ခဲ့သည့်အပြင် အသင်းအား တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် သောမတ်စ် တူခယ်လ် မှာ ထရေဗာ အား ရာသီကြိုအစီအစဉ်များတွင် ပါဝင်စေခဲ့ပြီး ဗီလာရီးရဲလ် အသင်းနှင့် စူပါဖလားပွဲတွင် ပွဲချိန်မိနစ် (၁၂၀) အပြည့် ကစားစေခဲ့သည်..။ ထို့အပြင် လူငယ်အကယ်ဒမီ ကစားသမားလေးမှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် အသင်းအတွက် တတိယဂိုးကို အဝေးကန်ချက်ဖြင့် လှလှပပ သွင်းယူပေးနိုင်ခဲ့သည်..။

ထို့နောက် ဆောက်ပ်သမ်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နောက်ထပ်သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးရရှိခဲ့ပြန်သည်..။ ထရေဗာ ချာလိုဘာ မှာ ချယ်လ်ဆီးအသင်း ဒဏ်ရာနှင့်ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရမှုတို့ကြောင့် အခက်အခဲတွေ့ခဲ့ရချိန်တွင်လည်း ကွင်းလယ်မှအားဖြည့် ကစားပေးခဲ့ရသည်..။ သို့သော်အများအပြားအားဖြင့် ဗဟိုခံစစ်ကြောင်း၏ ညာနောက်ခံလူအဖြစ် ဝါရင့်အသင်းခေါင်းဆောင်ကြီး ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် အလဲအလှယ် ကစားခဲ့ရသည်…။

ထရေဗာ ချာလိုဘာ မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပေါင်တွင်းကြော ဒဏ်ရာရရှိခဲ့သောကြောင့် ချယ်လ်ဆီးအသင်း၏ ကမ္ဘာ့ကလပ် ချန်ပီယံဖလား ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ..။ ဒဏ်ရာမှပြန်လည် ကောင်းမွန်လာချိန်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး နောဝစ်ခ်ျအသင်းအား အဝေးကွင်းတွင် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် သွင်းဂိုးထပ်မံ ရရှိခဲ့သည်..။


 
၂၀၂၂/၂၃ ဘောလုံးရာသီ အစောပိုင်းနှစ်လအတွင်း တစ်ပွဲသာ ပါဝင်ခွင့်ရခဲ့သော်လည်း ဝက်စ်လေ ဖိုဖားနား ဒဏ်ရာရရှိသွားခဲ့သောကြောင့် ထရေဗာ ချာလိုဘာ မှာ အေစီ မီလန်အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြန်လည်ပါဝင်ခွင့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အနားပေးခဲ့ရသည့် နိုဝင်ဘာလလယ် ကာလအထိ ကစားခဲ့ရသည်..။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ကစားခွင့်သိပ်မရခဲ့သော်လည်း နည်းပြဖရန့် လမ်းပတ် တာဝန်ယူခဲ့ပြီး နောက်ဆုံး (၈) ပွဲတွင် (၇) ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့သည်..။

၂၀၂၃/၂၄ ဘောလုံးရာသီတွင် ကာလရှည်ဒဏ်ရာ ရနေခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန်ချက်စတာ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်မှသာ လူစားဝင် ကစားခွင့် စတင်ပါဝင်နိုင်ခဲ့သည်..။ လီဗာပူးလ် အသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် Carabao ဖလား၊ ဗိုလ်လုပွဲစဉ်တွင်လည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်..။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ပွဲထွက်ကစားသမားအဖြစ် ပြန်လည်နေရာရခဲ့ပြီး တော့တင်ဟမ်အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ အဆိုပါပွဲစဉ်နောက်ပိုင်း နိုင်ပွဲများဆက်တိုက် ရရှိခဲ့ပြီး ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် ရရှိခဲ့သည်..။

  
၂၀၂၄/၂၅ ဘောလုံးရာသီအစပိုင်းတွင် ခရစ္စတယ် ပဲလေ့စ်အသင်းသို့ အဌားစေလွှတ်ခဲ့သည်..။ အောက်တိုဘာလတွင် ပဲလေ့စ်အသင်းနှင့် စတင်ကစားခွင့်ရခဲ့ပြီး ဝုလ်ဖ်အသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် ပွဲချိန်ပြည့်ကစားခဲ့ရသလို အဖွင့်ဂိုးကိုပါ သွင်းယူပေးခဲ့သည်..။

ချာလိုဘာ မှာ ၂၀၂၄ ခုနှစ်အကုန်ထိ ပဲလေ့စ်အသင်း၏ (၁၄) ပွဲတွင် (၁၃) ပွဲ ပါဝင်ကစားခဲ့ရပြီး အာဆင်နယ်အသင်းအား ၅ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တစ်ပွဲသာ လွဲချော်ခဲ့သည်..။ ဆောက်ပ်သမ်တန်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် လန်ဒန်အသင်းအတွက် ချေပဂိုးကို ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်းသို့ ပြန်မလာခင် ပဲလေ့စ်အသင်းနှင့် (၁၄) ပွဲကစား၊ (၃) ဂိုး သွင်းယူပေးခဲ့သည်..။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းသို့ ပြန်လာပြီး ဝုလ်ဖ်အသင်းနှင့်ပွဲတွင် စတင်ပွဲထွက်ခွင့် ရခဲ့သည်..။ ချာလိုဘာ မှာ ပရီးမီးယားလိဂ် ပွဲစဉ်များအပြင် FA ဖလား၊ ကွန်ဖရင့်စ်လိဂ် ပွဲစဉ်များတွင်ပါ ပါဝင်ကစားခွင့်ရခဲ့သည်..။ ရီးရဲလ် ဘက်တစ်အသင်းအား အနိုင်ရရှိခဲ့သည့် ဗိုလ်လုပွဲတွင်လည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရသည်..။ 

ချာလိုဘာ မှာ ၂၀၂၄/၂၅ ဘောလုံးရာသီ၊ ဒုတိယပိုင်းတွင် ပွဲထွက် (၁၁) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၂) ပွဲ ကစားခွင့်ရခဲ့သည်..။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖလာမင်ဂိုအသင်းနှင့် ယှဉ်ပြိုင်သော ပွဲစဉ်၌ ချယ်လ်ဆီးအသင်းနှင့် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။ ထရေဗာ ချာလိုဘာ မှာ ကလပ်အသင်းများ ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များတွင်လည်း ပါဝင်ကစားခွင့်ရခဲ့သည်..။



၂၀၂၅/၂၆ ဘောလုံးရာသီတွင် တွဲဖက်နောက်ခံလူ လီဗိုင်း ကိုဝဲလ် ဒဏ်ရာရနေခဲ့သောကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနေခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲတွင် (၂) ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်..။

ထရေဗာ ချာလိုဘာ မှာ အင်္ဂလန်လူငယ်အသင်း အဆင့်ဆင့်တွင် ကစားခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ဥရောပလူငယ် (အသက် ၁၇ နှစ်အောက်) ချန်ပီယံဆုကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ဆွတ်ခူးနိုင်ခဲ့သည်..။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အင်္ဂလန်နည်းပြ သောမတ်စ် တူခယ်လ် က ဆီနီဂေါအသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် ခေါ်ယူခဲ့သည်..။