6 Thiago Silva

ကစားသည့်နေရာ : Defenders

အသက် : 38 years (September 22, 1984)

မွေးဖွားရာဒေသ : Rio de Janeiro, Brazil

အရပ်အမြင့် : 1.81 m (5 feet 11in)

ကိုယ်ရေးအကျဉ်း
========

ချယ်လ်ဆီးအသင်းမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် ကမ္ဘာ့ဘောလုံးလောကမှ နာမည်ကြီးကစားသမား တစ်ယောက်ဖြစ်သော သီယာဂို ဆေးလ်ဗား ကို တစ်နှစ်သက်တမ်းစာချုပ်နှင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်ခွင့် အပါအဝင် ခေါ်ယူနိုင်ခဲ့သည်။ ဘရာဇီးလ် ဗဟိုနောက်ခံလူမှာ ပီအက်စ်ဂျီအသင်း ကစားသမားဘဝကို ၂၀၂၀ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲဖြင့် အဆုံးသတ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

သီယာဂို ဆေးလ်ဗား မှာ ဘရာဇီးလ်၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့တွင် အောင်မြင်မှုအများအပြားရရှိခဲ့ပြီး ပြီးပြည့်စုံသော ဗဟိုနောက်တန်းလူတစ်ယောက်အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။ လျှင်မြန်မှုကောင်းမွန်သည်၊ ကြံ့ခိုင်မှုကောင်းမွန်သလို အမြင့်ဘောများ ဖျက်ထုတ်ရာတွင် ပိုင်နိုင်သည်၊ ဘောလုံးပေးပို့မှုနှင့် ဘောလုံးပညာစွမ်း ကောင်းမွန်သူလည်းဖြစ်သည်။ သူ၏ကြမ်းတမ်းသော ကစားဟန်ကြောင့် ဘရာဇီးလ်နှင့် ပြင်သစ်သတင်းဌာနများက ‘The monster’ ဟု အမည်ပြောင်ပေးထားခဲ့သည်။ သီယာဂို မှာ ပီအက်စ်ဂျီ၊ အေစီ မီလန်နှင့် ဘရာဇီးလ်လက်ရွေးစင်အသင်းများတွင် အသင်းခေါင်းဆောင် တာဝန်ကို ယူခဲ့ရသည်။

ချန်ပီယံလိဂ် ဆုတံဆိပ်မရရှိခဲ့သော်လည်း သီယာဂို ဆေးလ်ဗား မှာ ပီအက်စ်ဂျီအသင်းကို အောင်မြင်မှုများဖြင့် စွန့်ခွာခဲ့ပြီး ပြင်သစ်အသင်းနှင့် (၈) နှစ်တာ ကာလအတွင်း ဆုဖလား (၂၃) ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သည်။ ထို့အပြင် ပြင်သစ်လီဂူး (၁) ချန်ပီယံဆုကို (၇) နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီး ပြင်သစ်အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိခဲ့သည့် ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့အပြင် တစ်နှစ်တာ အကောင်းဆုံးအသင်း (Team of the Year) တွင် (၇) ကြိမ်ဆက်တိုက်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးအသင်း (UEFA Team of the Year) တွင် (၂) ကြိမ် ရွေးချယ်ခံခဲ့ရသည်။

သီယာဂို ဆေးလ်ဗား မှာ ၂၀၂၀/၂၁ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် အဖွင့်ပွဲစဉ်ကို ဝက်စ်ဘရွန်အသင်းနှင့်ပွဲတွင် စတင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိသလို တစ်ဦးချင်းအမှားများကြောင့် ဂိုးများခွင့်ပြုခဲ့ရသည်..။ သို့သော် နောက်ပိုင်းပွဲစဉ်များတွင် ပြန်လည်ခြေစွမ်းပြခဲ့ပြီး (၉) ပွဲအတွင်း (၂) ဂိုးသာ ခွင့်ပြုခဲ့ရသည်..။ ထို့နောက် ရှက်ဖီးလ် ယူနိုက်တက်၊ ဝက်စ်ဟမ်းအသင်းများနှင့် ပွဲများတွင် ခေါင်းတိုက်သွင်းဂိုးများ ရယူပေးခဲ့သည်..။

နည်းပြ သောမတ်စ် တူခယ်လ် ရောက်ရှိလာချိန်တွင် ပုံမှန်ကစားခွင့် ရရှိခဲ့သော်လည်း စပါးအသင်းအား ၁- ၀ ဖြင့် အနိုင်ခဲ့သည့် ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာကြောင့် ဧပြီလအထိ အနားယူခဲ့ရသည်..။ ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် အဝါကတ်ဒ် နှစ်ကြိမ်ပြပြီး ထုတ်ပယ်ခံခဲ့ရသည့် ဝက်စ်ဘရွန်းအသင်းနှင့်ပွဲမှလွဲ၍ အခြားပွဲစဉ်များတွင် အမှားအယွင်းမရှိ ကစားနိုင်ခဲ့သည်..။

မန်ချက်စတာ စီးတီးအသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲထွက်ခွင့် ရခဲ့သော်လည်း ကိုင် ဟာဗာ့ဇ် ၏ ဦးဆောင်ဂိုး ရရှိပြီး မကြာခင်မှာပင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်..။ သို့သော် သူ၏ပထမဆုံး ချန်ပီယံလိဂ် အောင်မြင်မှုအတွက် အထူးကျေနပ်ခဲ့သည့် ဘရာဇီးလ် နောက်ခံလူမှာ ချယ်လ်ဆီးအသင်းနှင့် နောက်ထပ်တစ်နှစ်သက်တမ်း စာချုပ်ထပ်မံ ချုပ်ဆိုခဲ့သည်..။

သီယာဂို ဆေးလ်ဗား မှာ ၂၀၂၁/၂၂ ဘောလုံးရာသီကြို ကာလကို Copa America ဖလားပြိုင်ပွဲကြောင့် လွဲချော်ခဲ့ရသည်..။ သူ၏ပထမဆုံးပွဲစဉ်ကို အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီအတွက် ပထမဆုံး သွင်းဂိုးကို တော့တင်ဟမ်အသင်းအား ၃ဂိုး- ဂိုးမရှိဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့သည်..။

၂၀၂၁/၂၂ ဘောလုံးရာသီတွင် သီယာဂို ဆေးလ်ဗား မှာ သောမတ်စ် တူခယ်လ် ၏ back three ခံစစ်ကြောင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ကမ္ဘာ့ကလပ် ချန်ပီယံဖလား ပြိုင်ပွဲတွင် ‘ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမား’ အဖြစ် ရွေးချယ်ခံခဲ့ရသည်..။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တော့တင်ဟမ်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အသက်အကြီးဆုံး သွင်းဂိုးရှင်အဖြစ် (အသက် (၃၇) နှစ်၊ (၁၂၃) ရက်) စံချိန်တင်နိုင်ခဲ့သည်..။ အချက်အလက်များအရ သီယာဂို ဆေးလ်ဗား မှာ အဆိုပါဘောလုံးရာသီအတွင်း ဘောလုံးရှင်းထုတ်မှု (clearances) (၉၅) ကြိမ် ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘောလုံးရှင်းထုတ်မှု အများဆုံး ပြုလုပ်နိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။ ထို့အပြင် ဘရာဇီးလ်ဝါရင့် နောက်ခံလူမှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် အသင်းအတွက် (၄၈) ပွဲ ပါဝင်ကစားပေးခဲ့သည်..။

၂၀၂၂/၂၃ ဘောလုံးရာသီတွင် အသင်းရလဒ်များ မတည်မငြိမ်ခဲ့သော်လည်း သီယာဂို ဆေးလ်ဗား မှာ သူ၏ခြေစွမ်းနှင့်ပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့သည်..။ ထို့အပြင်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်..။ အချက်အလက်အနေဖြင့် သီယာဂို ဆေးလ်ဗား မှာ ချယ်လ်ဆီးအသင်း ကစားသမားများအနက် ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု၊ ပိတ်ဆို့နိုင်မှုနှင့် ဘောလုံးရှင်းထုတ်မှုများ အများဆုံး ပြုလုပ်နိုင်ခဲ့သည်..။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အသင်းဟောင်း အေစီ မီလန်အသင်း၏ ဆန်ဆီရိုကွင်းသို့ ပြန်လည်ခြေချခဲ့ရာတွင် ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲမှာ သူ၏ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည့်ပွဲလည်း ဖြစ်ခဲ့သည်..။

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လာပြီးနောက် ချယ်လ်ဆီးအသင်းနှင့် ရှစ်ပွဲဆက်တိုက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့သည်..။ တော့တင်ဟမ်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် ခြောက်ပါတ်ခန့် အနားယူခဲ့ရသော်လည်း ရီးရဲလ် မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ပြန်လည်ပါဝင်နိုင်ခဲ့သည်..။

၂၀၂၂/၂၃ ရာသီ၊ ပြီးဆုံးခါနီးတွင် သူ၏ခြေစွမ်းမှာ အကောင်းဆုံးမဟုတ်ခဲ့သော်လည်း တစ်ရာသီလုံးအတွင်း ချယ်လ်ဆီးအသင်း၏ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သည်..။ ထို့ကြောင့် ၂၀၂၂/၂၃ ဘောလုံးရာသီ၏ ပရိသတ်များက ရွေးချယ်ချီးမြှင့်သော ‘တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု’ နှင့် ချယ်လ်ဆီးအသင်းဖော်များက ရွေးချယ်ပေးသော ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ များ ချီးမြှင့်ခံခဲ့ရသည်..။

သီယာဂို ဆေးလ်ဗား မှာ ကစားသမားဘဝကို ဘရာဇီးလ် တတိယတန်းပြိုင်ပွဲဝင် RS Futebol အသင်းနှင့် စတင်ခဲ့သည်။ ကွင်းလယ်ကစားသမားအဖြစ် စတင်ခြေစွမ်းပြခဲ့သည့် သီယာဂို မှာ အသက် (၂၀) နှစ်အရွယ်တွင် Juventude အသင်းသို့ ပြောင်းရွှေ့ရာတွင် ဗဟိုခံစစ်မှူးအဖြစ် စတင်ကစားခဲ့ရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် ပေါ်တူဂီလိဂ် ပြိုင်ပွဲဝင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း အရန်အသင်း (B Team) တွင်သာ ပါဝင်ခွင့်ရခဲ့သည်။ ထို့နောက်ရုရှလိဂ် ပြိုင်ပွဲဝင် ဒိုင်နမို မော်စကို အသင်းသို့ရောက်ရှိခဲ့သည်။ သို့သော်ပြင်းထန်သည့် အဖျားဝေဒနာကြောင့် ဘောလုံးရာသီတစ်ခုလုံးနီးပါး လွဲချော်ခဲ့ပြီး ဘရာဇီးလ် လိဂ်ပြိုင်ပွဲဝင် Fluminese အသင်းသို့ ပြန်လည်ရောက်ရှိခါ စမ်းသပ်လေ့ကျင့်ခဲ့သည်။ အဆိုပါအသင်းတွင် ပြသခဲ့သည့်ခြေစွမ်းကြောင်း ၂၀၀၉ ခုနှစ်တွင် အီတလီ စီးရီးအေပြိုင်ပွဲဝင် အေစီ မီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည်။

သီယာဂို မှာ အေစီ မီလန်အသင်းတွင် ခြေစွမ်းပြခဲ့ပြီး အသင်းဂန္တဝင်ကစားသမားများဖြစ်သော ပေါ်လို မာလ်ဒီနီ၊ ဖရန်ကို ဘာရက်စီ တို့ကို ဆက်ခံမည့်သူအဖြစ် အများကသတ်မှတ်ခဲ့ကြသည်။ ထို့အပြင်နှစ်ပေါင်း (၅၀) အတွင်း အေစီ မီလန်အသင်းခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူခဲ့ရသည့် နိုင်ငံခြားသား ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည့်အပြင် ၂၀၁၁ ခုနှစ်တွင် စီးရီးအေ ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မီလန်အသင်းတွင် ရောက်ရှိနေစဉ် ကာလအတွင်း ဘရာဇီးလ်လက်ရွေးစင် အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလားကို ဆွတ်ခူူးခဲ့သည့် ဘရာဇီးလ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသည်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူခဲ့ရသည်။ သို့သော်ကိုလံဘီယာအသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဂျာမနီအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေ။