ကစားသည့်နေရာ : Midfielder
အသက် : 21 years (3 May, 2004)
မွေးဖွားရာဒေသ : Rio de Janeiro, Brazil
အရပ်အမြင့် : 1.80 m (5ft 11in)
ကိုယ်ရေးအကျဉ်း
=========
အင်ဒရေ ဆန်းတို့စ် မှာ ဘရာဇီးလ်လိဂ် ပြိုင်ပွဲဝင် ဗက်စ်ကို ဒါ ဂါးမားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရောက်ရှိလာခဲ့သည်..။ လူငယ်ကွင်းလယ် ကစားသမားမှာ box to box ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်သော်လည်း ခံစစ်ပိုင်း ကူညီပေးနိုင်မှုအပြင် ပြိုင်ဘက်အသင်း၏ ပင်နယ်တီဧရိယာအတွင်း နေရာယူ၊ အဆုံးသတ်ကောင်းမွန်သူ တစ်ယောက်လည်း ဖြစ်ပါသည်..။ ဘရာဇီးလ် လူငယ်ကစားသမားမှာ ဗက်စ်ကို ဒါ ဂါးမားအသင်းအား Series A ပြိုင်ပွဲသို့ ပြန်လည်တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည်..။ ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရီယို ဒီ ဂျီနီးရိုး အခြေစိုက်အသင်းဆီသို့ ပြန်လည်အဌားသွားရောက်ခဲ့ပြီး ဇူလိုင်လတွင် ချယ်လ်ဆီးအသင်းသို့ ပြန်လာခဲ့သည်..။
အင်ဒရေ ဆန်းတို့စ် မှာ ဗက်စ်ကို ဒါ ဂါးမားအသင်း၏ ငယ်မွေးခြံပေါက် ကစားသမားဖြစ်ပြီး လူငယ်အသင်းအဆင့်ဆင့်ကို ဖြတ်သန်းကာ ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ် Series A ပြိုင်ပွဲသို့ ပြန်လည်ရောက်ရှိလာအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့သည်..။ အဆိုပါဘောလုံးရာသီအတွင်း ဆန်းတို့စ် မှာ (၃၃) ပွဲကစား၊ (၈) ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ အသက် (၁၇) နှစ်အရွယ်တွင် အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ထိုအချိန်က လူငယ် (အသက် ၂၀ နှစ်အောက်) အသင်းတွင် ကစားနေရင်း သူ၏ခြေစွမ်းနှင့် ဂိုးသွင်းစွမ်းရည်ကြောင့် အသင်းကြီးသို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်..။
၂၀၂၁ ခုနှစ် ဘောလုံးရာသီ၊ နောက်ဆုံးပွဲစဉ်တွင် ဗက်စ်ကို အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အသင်း၏ကွင်းလယ်တွင် အဓိကကစားသမား တစ်ယောက်အဖြစ် ပုံမှန်ပါဝင်ခွင့်ရခဲ့သည်..။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် နော့တင်ဟမ် ဖောရက်စ်အသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် သွားရောက်ခဲ့သည်..။ သို့သော် Carabao ဖလားပြိုင်ပွဲတွင်သာ တစ်ပွဲပါဝင် ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ် ပွဲကစားခွင့်ကို အောက်တိုဘာလတွင် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်၌ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်..။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် စထရာ့ဘာ့ဂ် အသင်းသို့ အဌားသွားရောက်ခဲ့သည်..။ လိုးရီးယန့်တ် အသင်းနှင့်ပွဲစဉ်တွင် စတင်ကစားခွင့်ရခဲ့ပြီး နွန့်စ်အသင်းအား အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် မိနစ် (၉၀) အပြည့် စတင်ကစားခဲ့ရသည်..။ အင်ဒရေ ဆန်းတို့စ် မှာ စထရာ့ဘာ့ဂ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၏ မတ်လအတွက် အကောင်းဆုံး လူငယ် ကစားသမားဆု နှင့် စထရာ့ဘာ့ဂ်အသင်း၏ ဧပြီလ၏ အကောင်းဆုံး ကစားသမားဆုများ ရရှိခဲ့သည်..။
အဆိုပါ ဘောလုံးရာသီတွင် စထရာ့ဘာ့ဂ်အသင်းအတွက် ပွဲထွက်ခွင့် (၉) ပွဲနှင့် လူစားဝင် ကစားသမားအဖြစ် (၂) ပွဲကစားခဲ့ရပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။
၂၀၂၄/၂၅ ဘောလုံးရာသီတွင် စထရာ့ဘာ့ဂ်အသင်းသို့ ပြန်လည်သွားရောက်ခဲ့ပြီး ရန်းန်အသင်းအား အနိုင်ရခဲ့သော ပွဲစဉ်၌ အဖွင့်ဂိုးစတင်ရရှိခဲ့သည်..။ ဆန်းတို့စ် မှာ ခြေစွမ်းဆက်လက်ပြသနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် နိစ်အသင်းနှင့်ပွဲစဉ်၌ အသင်းခေါင်းဆောင်အဖြစ် စတင်၊ တာဝန်ယူခဲ့ရသည်..။
အဆိုပါဘောလုံးရာသီတွင် သူ၏ (၁၀) ဂိုးမြောက်သွင်းဂိုးကို လိုင်ယွန်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့သည်..။ စထရာ့ဘာ့ဂ်အသင်းမှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲတွင် အဆင့် (၇) နေရာရရှိခဲ့ပြီး ကွန်ဖရင့်လိဂ်ပြိုင်ပွဲ play-off ပွဲစဉ်အဆင့် ဝင်ခွင့်ရရှိခဲ့သည်..။ ဆန်းတို့စ် မှာ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၃၄) ပွဲကစား၊ (၁၁) ဂိုးသွင်း၊ (၅) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့အပြင် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၏ အဆိုပါဘောလုံးရာသီအတွင်း သွင်းဂိုးအများဆုံး ရရှိခဲ့သော ကွင်းလယ် ကစားသမား ဖြစ်လာခဲ့သည်..။
ထို့နောက် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ပူးပေါင်းခဲ့ပြီး ES Tunis အသင်းနှင့် အုပ်စုအဆင့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ကစားခွင့်ရရှိခဲ့သည်.။
အင်ဒရေ ဆန်းတို့စ် မှာ ဘရာဇီးလ်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်း၊ (အသက် ၂၀ နှစ်အောက်) အသင်းများတွင် အဆင့်ဆင့်ပါဝင်ခွင့်ရခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော တောင်အမေရိကဇုန်၊ လူငယ်ချန်ပီယံရှစ် (အသက် ၂၀ နှစ်အောက်) ပြိုင်ပွဲတွင် ဘရာဇီးလ် လူငယ်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ခွင့်ရရှိခဲ့သည်..။ ဘရာဇီးလ် လူငယ်အသင်းမှာ အဆိုပါပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သလို ဆန်းတို့စ် မှာ အသင်းဖော် ဗစ်တာ ရော်ကွေး နှင့်အတူ ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးခဲ့သော ကစားသမားအဖြစ် (၆) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။
၂၀၂၃ ခုနှစ်၊ မတ်လတွင် မော်ရိုကိုအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ဘရာဇီးလ်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိခဲ့သည်..။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အိုလံပစ်ပြိုင်ပွဲ၊ ခြေစစ်ပွဲဝင် ဘရာဇီးလ် လူငယ် (အသက် ၂၃ နှစ်အောက်) အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်..။ သို့သော် ဘရာဇီးလ်လူငယ်အသင်းမှာ အိုလံပစ်ပြိုင်ပွဲ၊ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ..။
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်တွင် ဘရာဇီးလ်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် စတင်၊ ပါဝင်ခွင့်ရခဲ့သည်..။