ကစားသည့်နေရာ : Forward
အသက် : 22 years (8 August, 2004)
မွေးဖွားရာဒေသ : Reading, England
အရပ်အမြင့် : 1.78 m (5ft 10in)
ကိုယ်ရေးအကျဉ်း
==========
ဂျေမီ ဂစ်တန်စ် မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ဘိုရုရှား ဒေါ့မွန်အသင်းမှ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်..။ အင်္ဂလန်လူငယ် တောင်ပံ ကစားသမားမှာ ဘယ်တောင်ပံတွင် အများဆုံးကစားလေ့ရှိသော်လည်း ဘယ်၊ ညာတောင်ပံ နှစ်ဘက်စလုံးနှင့် ‘No. 10’ နေရာများတွင် ကစားပေးနိုင်သူဖြစ်သည်..။ ဘိုရုရှား ဒေါ့မွန်အသင်းတွင် ကွင်းလယ် ကစားသမားအဖြစ် ရံဖန်ရံခါ ကစားခဲ့သည်…။
ရက်ဒင်းအသင်းနှင့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီများတွင် ကြီးပြင်းလာခဲ့ပြီး အသက် (၁၄) နှစ်အရွယ်တွင် မန်ချက်စတာ စီးတီးအသင်း လူငယ်အကယ်ဒမီသို့ ရောက်ရှိခဲ့သည်..။ ၂၀၂၀ ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး ပထမအသင်းကြီးတွင် လျှင်လျှင်မြန်မြန် နေရာရခဲ့သည်..။ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် အသင်းအတွက် ပထမဆုံးဂိုးကို ဩဂုတ်လမှာပင် ရရှိခဲ့ပြီး တစ်ရာသီလုံး ပြိုင်ပွဲစုံ ကစားပွဲ (၂၀) အတွင်း (၃) ဂိုး သွင်းယူပေးနိုင်ခဲ့သည်..။ ၂၀၂၂/၂၃ ဘောလုံးရာသီတွင် (၃၄) ပွဲကစား၊ ဂိုးသွင်း+ ဂိုးဖန်တီးမှု (goal contribution) (၁၀) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ရီးရဲလ် မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်၊ ဗိုလ်လုပွဲတွင် လူစားဝင် ကစားခွင့်ရခဲ့သည်..။
၂၀၂၄/၂၅ ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းအတွက် goal contribution (၁၇) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဂျာမန်အသင်းနှင့်အတူ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည်..။ ဂစ်တန်စ် မှာ ၂၀၂၅/၂၆ ပရီးမီးယားလိဂ်ရာသီ ပထမဆုံး ပွဲစဉ်အဖြစ် ခရစ်စ်တယ် ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဂစ်တန်စ် သည် တိုက်စစ်ဘယ်ဘက်ခြမ်း၌ စတင်ပွဲထွက်ကစားကာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် စတင်ရရှိခဲ့သည်။ ပုံမှန်လူစားဝင် ပါဝင်မှုများအပြင် ဘရန့်တ်ဖို့ဒ်၊ လင်းကွန်းအသင်းတို့နှင့် Carabao ဖလားပွဲစဉ်တို့တွင်လည်း ပွဲထွက်ခွင့်ရခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အသက် (၂၁) နှစ်၊ (၇၅) ရက်အရွယ်၌ ဂစ်တန်စ် သည် ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲအတွင်း ဂိုးရရှိနိုင်သည့် အခွင့်အရေး (၅) ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သော (၂၀၀၃/၀၄ နောက်ပိုင်း) ချယ်လ်ဆီးအသင်း၏ အငယ်ဆုံး ကစားသမားအဖြစ် အီဒင် ဟာဇက် တင်ထားသည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်မှာ အိုင်းယက်စ်အသင်းနှင့်ပွဲစဉ်ဖြစ်ပြီး သူဖန်တီးပေးခဲ့သည့် အခွင့်အရေးမှတစ်ဆင့် မွိုက်စ် ကိုင်ဆီဒို က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းက ၅ဂိုး -၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂစ်တန်စ် သည် UEFA ၏ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု (Player of the Match) ဆွတ်ခူးနိုင်ခဲ့သည်။
ဝုလ်ဗ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော Carabao ဖလားပွဲစဉ်တွင်လည်း ဂစ်တန်စ် သည် အိမ်ရှင်အသင်း၏ခံစစ်ကို တစ်ပွဲလုံးဒုက္ခပေးခဲ့ပြီး ဂိုးဖန်တီးမှု (Assists) (၂) ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် အဝေးမှလှလှပပ ကန်သွင်းယူခဲ့သောဂိုးမှာ ၄ဂိုး -၃ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ အဆုံးအဖြတ်အနိုင်ဂိုး ဖြစ်ခဲ့သည်။
နောက်တစ်လတွင် ဂစ်တန်စ် သည် ဘန်လေ၊ လိဒ် အသင်းတို့နှင့် အဝေးကွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲဆက်တိုက် ဂိုးဖန်တီးမှုများ ဆက်တိုက် ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အတွင်း ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြန်လည်ပါဝင်နိုင်ရန် နီးကပ်လာချိန် ဧပြီလတွင် လေ့ကျင့်ရေးကွင်း၌ ဒဏ်ရာထပ်မံရရှိခဲ့ပြီး သူ၏ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးရာသီကို အဆုံးသတ်ခဲ့သည်။