ကစားသည့်နေရာ : Forward
အသက် : 19 years (24 April, 2007)
မွေးဖွားရာဒေသ : Franca, Brazil
အရပ်အမြင့် : 1.78 m (5ft 10in)
ကိုယ်ရေးအကျဉ်း
==========
အက်စ်တီဗာအို ဝီလီယံ မှာ လွန်ခဲ့သည့်တစ်နှစ်က ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ပါးလ်မီးရက်စ် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေငြာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နွေရာသီတွင် အသင်းသို့ ရောက်ရှိလာခဲ့သည်..။
ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ မရောက်ရှိလာမီ သူ၏ဘောလုံးပညာ ကျွမ်းကျင်မှုနှင့် လျှင်မြန်မှုတို့ကြောင့် တောင်အမေရိကတိုက်၏ ထွန်းတောက်မည့် ကြယ်ပွင့်သစ်အဖြစ် ရေပန်းစား၊ ထင်ကြေးပေးခံခဲ့ရသည်..။ အက်စ်တီဗာအို မှာ ပါးလ်မီးရက်စ် အသင်းအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ထိုစဉ်က အသက် (၁၆) နှစ်အရွယ်သာ ရှိသေးသည်..။ အဆိုပါဘောလုံးရာသီတွင် ဘရာဇီးလ် Series A ပြိုင်ပွဲ၌ (၃၁) ပွဲကစား၊ (၁၃) ဂိုးသွင်း၊ (၉) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်..။ ထို့အပြင် ကိုပါဘရာဇီးလ်ဖလား ဗိုလ်လုပွဲတွင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။
တောင်အမေရိကတိုက်၏ ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်သော ၂၀၂၅ ခုနှစ်၊ Copa Libertadores ပြိုင်ပွဲတွင် (၅) ပွဲကစား၊ (၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပါးလ်မီးရက်စ်အသင်းနှင့်အတူ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့် ရရှိခဲ့သည်…။ အဆိုပါပြိုင်ပွဲတွင် ပွဲစဉ်တိုင်းပါဝင် ကစားခွင့်ရခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် လှလှပပဂိုးသွင်းယူပေးခဲ့သည်..။
စတန်းဖို့ဒ် ဘရစ်ချ်ကွင်းသို့ ရောက်ရှိပြီး ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ရာသီအဖွင့်ပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင် ကစားခွင့်ရခဲ့သည်..။ ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် ကိုးလ် ပါးမား ဒဏ်ရာရခဲ့သောကြောင့် သူ၏အစား ပွဲထွက်ခဲ့ရပြီး အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သည်..။ သူ၏အမှားမှတဆင့် ဝက်စ်ဟမ်းအသင်းကို ဦးဆောင်ဂိုးပေးလိုက်ရသော်လည်း အင်ဇို ဖာနန်ဒက်စ် သွင်းယူခဲ့သော တတိယဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့သည်..။ အဆိုပါဂိုးဖန်တီးပေးမှုမှာ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးဖန်တီးရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

အက်စ်တီဗာအို သည် အသင်းအတွက် (၉) ပွဲမြောက် ပါဝင်ကစားချိန်တွင် ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီး၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့သည်။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ လီဗာပူးလ်နှင့်ပွဲတွင် လူစားဝင်ခဲ့ပြီး နာကျင်အချိန်ပို (၁) မိနစ်သာ ကျန်ရှိတော့သည့်အချိန်၌ မာ့ခ် ကူကူရယ်လာ ၏ ဖြတ်တင်ဘောကို အဝေးတိုင်မှ ပိတ်သွင်းယူကာ အနိုင်ဂိုး ရယူပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဥရောပဘောလုံးလောက၌ ခြေစွမ်းပြသနိုင်ခဲ့သည့် လူငယ်ကစားသမားများကို ရွေးချယ်၊ ချီးမြှင့်သော ‘၂၀၂၅ ခုနှစ်၏ Golden Boy ဆု’ အတွက် ဆန်ကာတင် ကစားသမားစာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။
ထို့နောက် အိုင်ယက်စ်အသင်းနှင့်ပွဲတွင် ကိုယ်တိုင်ပင်နယ်တီ ရယူနိုင်ခဲ့ရုံမက အဆိုပါပင်နယ်တီကိုပါ သွင်းယူနိုင်ခဲ့ပြီး မာ့ခ် ဂီယူ ကို ကျော်ဖြတ်ပြီး ချယ်လ်ဆီးအသင်း၏ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းသူအဖြစ် စံချိန်သစ်တစ်ခု ထပ်မံဖြည့်ဆည်းနိုင်ခဲ့သည်။ သူ၏နောက်ထပ်ဂိုးမှာ ဝုဗ်အသင်း၏ အမှားမှတစ်ဆင့် ဂိုးသမားအပေါ်မှ ပါးပါးနပ်နပ် သွင်းယူခဲ့သည့် ပြည်တွင်းဖလားပြိုင်ပွဲများတွင် ပထမဆုံး ရရှိခဲ့သောဂိုးဖြစ်သည်။ အဆိုပါသွင်းဂိုးမှာ ၄ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ တတိယမြောက်ဂိုးလည်း ဖြစ်သည်။
အက်စ်တီဗာအို မှာ နောက်ပိုင်းပွဲစဉ်များတွင်လည်း သွင်းဂိုးများ ဆက်တိုက်ရရှိခဲ့ပြီး ချန်ပီယံလိဂ် (၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ရာတွင် ဘာစီလိုနာခံစစ်မှူး (၂) ဦးကို ကျော်ဖြတ်ပြီး ဂိုးအပေါ်ထောင့်သို့ ပြင်းထန်စွာ ကန်သွင်းယူခဲ့သည့်ဂိုးမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်းကို ကန်သွင်းခဲ့သည့်ဂိုးနှင့် ဆင်တူခဲ့သည်။

လူငယ်တိုက်စစ်မှူးလေးသည် နောက်ထပ်ဂိုးဖန်တီးမှုကို ချာလ်တန်အသင်းနှင့် FA ဖလားပွဲစဉ်တွင် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက်ခရစ်စတယ် ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း နောက်ထပ် ဂိုးဖန်တီးမှုတစ်ကြိမ် ထပ်မံပြုလုပ်နိုင်ခဲ့သည့်အပြင် တစ်ကိုယ်တော်အစွမ်းပြပြီး သွင်းဂိုးရယူနိုင်ခဲ့သည်။
နောက်တစ်ဆင့်ဖြစ်သည့် ဟူးလ် စီးတီးအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် အက်စတီဗာအို သည် ထိုရာသီချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၇) ဂိုးအထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်အတွင်း တစ်ရာသီအတွင်း အသင်းအတွက် ဂိုးအများဆုံးသွင်းယူနိုင်သည့် အသက် (၂၀) နှစ်အောက် လူငယ်ကစားသမား (Teenager) ဖြစ်လာခဲ့သည်။
ထို့နောက်ပေါင်ကြွက်သားဒဏ်ရာကြောင့် ခေတ္တအနားယူခဲ့ရပြီး ပို့တ် ဗေးလ်အသင်းနှင့်ပွဲတွင်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည်။ သို့သော် ဧပြီလလယ် မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့ပြီး သူ၏ဘောလုံးရာသီကို အဆုံးသတ်ခဲ့ရသည်။ အက်စ်တီဗာအို မှာ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဆုံးရာသီတွင် ပွဲထွက် (၂၀) ပွဲ၊ လူစားဝင် (၁၆) ပွဲ ပါဝင်ခွင့်ရခဲ့ပြီး သွင်းဂိုး (၈) ဂိုး သွင်းယူနိုင်ခဲ့သည်။
အက်စ်တီဗာအို မှာ ဘရာဇီးလ်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းမှတဆင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်မည့် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရသည်..။ အဆိုပါကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ကစားခွင့် ရရှိခဲ့ပြီး အီကွေဒေါအသင်းနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရသည့်ပွဲစဉ်တွင် ဘရာဇီးလ် အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာချိန်တွင် ဘရာဇီးလ်အသင်းအတွက် (၅) ပွဲ ကစားပေးခဲ့ပြီးဖြစ်သည်..။
ဘရာဇီးလ်အသင်းအတွက် သူ၏ပထမဆုံးသွင်းဂိုးကို ချီလီအသင်းအား အနိုင်ရရှိခဲ့သည့် ၂၀၂၆ ခုနှစ်၊ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် နောက်ပြန်ကန်ချက်ဖြင့် သွင်းယူပေးခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဂန္ထဝင်ကစားသမားကြီး ပီလီနောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပြိုင်ပွဲကြီးများတွင် အသက်အငယ်ဆုံး ဂိုးသွင်းပေးနိုင်ခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်..။

အက်စ်တီဗာအို မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ပွဲ၌ ဘရာဇီးလ်အသင်းက တောင်ကိုရီးယားကို ၅ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ခြေစမ်းပွဲတွင် ခြေစွမ်းပြပြီး (၂) ဂိုး သွင်းယူနိုင်ခဲ့သည်။
နောက်တစ်လတွင် အာဆင်နယ်အသင်း၏ အင်းမရိတ်ကွင်း၌ ကျင်းပခဲ့သော ဆီနီဂေါအသင်းကို ၂ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲ၌ (၁) ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ ထို့နောက် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သော တူနီးရှားအသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သောပွဲစဉ်တွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။