ကျွန်တော့်ဘဝရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေထဲမှာ ချယ်လ်ဆီးအသင်းနဲ့နောက်ဆုံးပွဲစဉ်ကို စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်ရှေ့မှောက်မှာ အဆုံးသတ်ချင်တာလည်း ပါဝင်ပါတယ်..။ ဒီအကြောင်းပရိသတ်အားလုံးကို ကြိုပြီးတော့သိစေချင်ပါတယ်..၊ ဒါ့ကြောင့်နောက်ဆုံးပွဲစဉ်မတိုင်ခင် နာရီပိုင်းလောက်အလိုမှာ ကြိုတင်ကြေငြာမှုတစ်ခုကို အချိန်ကိုက်ကပ်ပြီးပြုလုပ်လိုက်ပါတယ်..။ အစီအစဉ်အရ ကျွန်တော်တို့ကို ပရီးမီးယားလိဂ်သရဖူပေးအပ်မယ်…၊ နောက်ဆုံး နှုတ်ဆက်ခွဲခွာချိန်ကို ကျွန်တော့်စိတ်ကြိုက်ပြုလုပ်ကြမယ်.။ ဒီကြေငြာချက်ဟာ ကျွန်တော့်အတွက်အများကြီး အဓိပ္ပါယ်ရှိပါတယ်..၊ အထူးသဖြင့်ကျွန်တော့်အကြောင်း သေချာသိထားတဲ့သူတွေကတော့ အခုလိုနှုတ်ဆက်စကားပြောကြားဖို့ အခွင့်အရေးရလိုက်ခြင်းဟာ ကျွန်တော့်အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ နားလည်ကြပါလိမ့်မယ်..။
ကျွန်တော့်ဘဝဟာ ခရီးသည်တစ်ယောက်လိုပါပဲ..၊ တစ်နေရာပြီးတစ်နေရာ.. နှုတ်ဆက်၊ ခွဲခွာ.. တစ်ခါတစ်လေ အသိပေးပြီးခွဲခွာကြရတာမျိုးရှိသလို တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး သွားရတဲ့ခရီးတွေပါသေးရဲ့ …။ ချစ်တဲ့သူတွေန့ခဲ ွဲခွာခဲ့ဖူးသလို မုန်းသူတွေနဲ့ ဝေးရာကို သွားခဲ့ရတာလည်းရှိခဲ့ပါတယ်..။ ဒါပေမယ့်ဒီတစ်ကြိမ်ဟာ အားလုံးနဲ့ခြားနားပါတယ်..။ အဲဒီခြားနားချက်က ဒီတစ်ကြိမ် လမ်းခွဲဖို့ စတင်ဆုံးဖြတ်ခဲ့သူဟာ ကျွန်တော်ဖြစ်နေလို့ပါ.။ ပြင်သစ်စကားနဲ့ပြောရရင် “au revoir” လို့ နှုတ်ဖျားက ရေရွတ်ရမယ့်သူဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ..။
ဒီစကားရဲ့ အဓိပ္ပါယ်က “ပြန်လည်ဆုံစည်းကြပါဦးမှာပါ..”..။
တနင်္ဂနွေနေ့ညနေပွဲမစခင် ကွင်းထဲဝင်တော့ မန်နေဂျာနဲ့ ဂျွန် တယ်ရီတို့ တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတယ်၊ ပြီးတော့ဒီနေ့ပွဲရဲ့အသင်းခေါင်းဆောင်လက်ပတ် ကျွန်တော့်ကိုပေးမယ်ဆိုတာ လာပြောတယ်..၊ ကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားပါတယ်..၊ ဒီလောက်အထိလုပ်ပေးဖို့ မလိုအပ်ပါဘူး။ ဒါ့အပြင်ပင်နယ်တီရခဲ့ရင် ကျွန်တော့်ကိုပေးကန်ပါဦးမယ်.။ နောက်ထပ်အစီအစဉ်တစ်ခုရှိသေးတယ်တဲ့.. ကစားသမားတွေအားလုံးရဲ့ရှေ့မှာ ဟိုဆေး မော်ရင်ဟိုနဲ့ ဆန်းဒါးလန်းမန်နေဂျာ ဒစ်ခ် အက်ဒ်ဗိုကိတ်တို့ တီးတိုးတိုင်ပင်နေကြတယ်..။ ကျွန်တော့်ကိုသူတို့နားမလာခိုင်းပါဘူး..၊ ဘာများပါလိမ့်..?
ဒီလိုအစီအစဉ်တွေရှိနေပေမယ့် တစ်ကယ်ပွဲစတော့ ကျွန်တော့်ရဲ့ နှုတ်ဆက်ပွဲနဲ့လည်း မတူသလို ချစ်ကြည်ရေးပွဲစဉ်တစ်ခုလည်းမဟုတ်ခဲ့ပါဘူး…။ နှစ်ဘက်စလုံး ရေကုန်ရေခမ်း ကစားနေရင်း နာရီဝက်လောက်မှာ ကျွန်တော်ဒူးဒဏ်ရာရပါတော့တယ်..၊ လူစားလဲခံရပါတော့မယ်..။ ကွင်းထဲကထွက်ရတော့မယ့်အချိန် ကျွန်တော့်အနားကို တစ်သင်းလုံး ရုတ်တရက်ရောက်လာတယ်၊ ကျွန်တော်မြောက်တက်သွားတယ်..။ မှတ်မိသလောက်ဆိုရင် မီခေးလ်နဲ့ အိုင်ဗန် နိုဗစ်တို့ တစ်ဖက်ဆီကဆွဲမပြီး သူတို့ပခုံးပေါ်တင်လိုက်ကြတယ်.။ ကွင်းထဲက ထွက်ကြတော့မယ်..။ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်လိုက်ပါတယ်..။ အံ့လည်းအံ့သြမိတယ်..။ သူတို့လုပ်ရပ်ဟာ ကျွန်တော့်အတွက် အဆင်မပြေပါဘူး…။ ဒါ့ကြောင့်အစပိုင်းမှာကန့်ကွက်ဖို့ ကြိုးစားကြည့်ပေမယ့် မထူးခြားနိုင်မှန်း သိလိုက်တာကြောင့် ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတယ်..။ နောက်မှပြန်စဉ်းစားမိတာက ကျွန်တော်ဟာ စိတ်လှုပ်ရှားလွယ်မှန်း သူတို့တွေသိထားတယ်…၊ ဒါ့ကြောင့်ကျွန်တော့်ကိုမငိုငိုအောင် တမင်သက်သက် လုပ်ကြတာပဲ ဖြစ်လိမ့်မယ်...။ ဒါပေမယ့်ကျွန်တော်မျက်ရည်မကျပါဘူး..။
စတန်းဖို့ဒ် ဘရစ်ချ် တစ်ကွင်းလုံး လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ သောင်းသောင်းဖျဖျအားပေးကြပါတယ်.။ ကျွန်တော့်ကိုသယ်လာရင်း ကွင်းဘေးကိုနီးလာလေလေ အော်သံတေ၊ွ လက်ခုတ်သံတွေပိုပြီး ကျယ်လာလေလေပါပဲ..။ ဘာလ့ိုကျွန်တောမျက်ရည်ကျရမှာလဲ..? ဒီအခမ်းအနားဟာ ကျွန်တော့်အတွက် ပျော်စရာပါ..၊ ဝမ်းနည်းစရာမဟုတ်ပါဘူး..။
ကျွန်တော်တို့ ဆန်းဒါးလန်းကို အလွယ်တကူပဲနိုင်လိုက်ပါတယ်။ ပထမအစီအစဉ်အတိုင်း ပရီးမီးယားလိဂ် ဆုဖလားကိုပေးတယ်..။ ဘယ်ဆုဖလားကိုမှ အလွယ်တကူမရဖူးတာမို့ ဆုဖလားတိုင်းကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်..။ ဆုဖလားတင်မကပါဘူး.. ကျွန်တော်ရဲ့ ဘဝတစ်လျှောက် ဖြတ်သန်းမှုတိုင်းမှာ ဘာအရာကိုမှ အလွယ်တကူမရခဲ့ပါဘူး..။ ဒါ့ကြောင့်ရခဲ့တဲ့ အောင်မြင်မှုတိုင်းအပေါ် လေးလေးနက်နက်ထားပြီး အောင်ပွဲခံရမယ်..၊ ပွဲစဉ်တိုင်း၊ ဆုဖလားတိုင်း..။
Video ရီကော်ဒါလေးတစ်ခုနဲ့ ရနိုင်သမျှ ကျွန်တော်မှတ်တမ်းတင် လိုက်တင်ပါတယ်..။ ဒီနေ့တစ်နေ့လုံး ကျွန်တော့်မျက်ဝန်းအောက်က ဖြစ်ပျက်သမျှတိုင်းဟာ ခေါင်းထဲမှာစွဲမြဲထင်ကျန်နေဖို့အတွက်ပါ..။ ဒါ့အပြင် တခြားသူတွေကိုလည်း ပြန်ပြီးဝေမျှချင်သေးတယ်..၊ ကျွန်တော့်မိသားစုအတွက်.. ကျွန်တော့်ကလေးတွေအတွက်.။ ဒီလိုအပျော်မျက်ဝန်း၊ အပြုံးမျက်နှာတွေဟာ ထာဝရ မှတ်တမ်းဝင်နေသင့်ပါတယ်.. မဟုတ်ပါလား..။ အဲဒီနေ့အခမ်းအနားဟာ ကျွန်တော့်အတွက် အမှတ်ရစရာတွေ အတော်များပါတယ်..။ ခေါင်းပေါ်ကို မန်နေဂျာက “King of Stamford Bridge” အဖြစ် သရဖူဆောင်းပေးလိုက်တဲ့ အခိုက်အတန့်၊ ဆုဖလားကိုင်ပြီး ပရိသတ်အားလုံးကိုတစ်ကွင်းလုံးပတ်နှုတ်ဆက်တဲ့ အခိုက်အတန့်.. အများကြီးပါပဲ..။ ကျွန်တော့်အတွက် ဒီလိုဆုဖလားတွေကို ပရိသတ်နဲ့အတူ မျှဝေရတာ.. ပရိသတ်ကိုပြန်လည်ပြသပေးဆပ၊် နှုတ်ဆက်ရတာ အဓိပ္ပါယ်အရမ်းရှိပါတယ်..။ သူတို့တွေမရှိပဲနဲ့ ကျွန်တော်တို့ဘာမှမဖြစ်လာနိုင်ပါဘူး..။ အမှတ်အရဆုံးကတော့ ပရိသတ်တွေပြည့်နေတဲ့ စတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းစိမ်းထက်မှာ နှုတ်ဆက်စကား ပြောရတဲ့အချိန်လေးပါပဲ.. ။
ဒီအခိုက်အတန့်ဟာ အင်မတန်မှတန်ဖိုးရှိပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို ဒီလိုအခြေအနေ ရောက်လာအောင် သိုင်းဝိုင်း၊ စောင့်ရှောက်ခဲ့ကြတဲ့သူတွေကို တရားဝင်ကျေးဇူးတင်စကား ပြောကြားခွင့် ရခဲ့တာကြောင့်ဖြစ်ပါတယ်..။ ပထမဆုံးအနေနဲ့ ဒီအသင်းအတွက် အဆုံးစွန်ပေးဆပ်ခဲ့တဲ့ မစ္စတာ အေဘရာမိုဗစ်ချ် ကို ကျေးဇူးတင်ပါတယ်..။ ကျွန်တော်တို့ အသင်းသားတွေကလည်း ဆွတ်ခူးနိုင်သမျှဆုဖလားတွေကိုအကုန်ရအောင် ယူပေးနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ရက်ရောမှု၊ ပေးဆပ်မှုတွေ အဟောသိကံမဖြစ်ခဲ့ပါဘူး..။ သူပြီးရင် ကျေးဇူးတင်ထိုက်သူ
နောက်တစ်ဦးက ဟိုဆေး မော်ရင်ဟိုပါ..။ သူဟာကျွန်တော့်အတွက် အမှန်တကယ် “Special One” ပါ.. ဒီအသင်းကိုရောက်လာဖို့ သူလက်ကမ်းခေါ်ခဲ့တယ်..၊ နောက်တစ်ကြိမ်ထပ်ပြီး ပြန်ခေါ်ခဲ့တယ်..။ သူတို့ပြီးရင် ကျေးဇူးတင်ရမှာက ကျွန်တော့်ရဲ့ အသင်းဖော်ဟောင်းတွေ.. အထူးသဖြင့် ဖရန့် လမ်းပတ်ပါ..၊ သူ့ရဲ့ပေးပို့မှုတွေ၊ ဖန်တီးပေးမှုတွေမပါဝင်ပဲ အခုလိုသွင်းဂိုးတွေ၊ ဆုဖလားတွေ ကျွန်တော်ရခဲ့မှာမဟုတ်ပါဘူး..။
ဒီနေ့ဟာအင်္ဂလန်မှာသူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးရက် ဖြစ်နေပေမယ့် မနက်စောစောကတည်းက အသင်းဖော်ဟောင်း “ညီအစ်ကို” တွေကို ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဂုဏ်ယူကြောင်း မက်ဆေ့ချ် ပို့ခဲ့ပါတယ်…။ အဝတ်လဲခန်းထဲပြန်ရောက်ချိန်မှာတော့ ဆိုကြတယ်..၊ ကကြတယ်..၊ ဆက်ပြီး ရှန်ပိန်ရည်ချောင်းစီး အောင်ပွဲတွေခြံကပါတယ်..။ လူတကာကို ကျွန်တော်ကပဲ လိုက်လောင်းနေတာကြည့်မရတော့တဲ့ အသင်းပိုင်ရှင်ဟာ ရှန်ပိန်ပုလင်းသစ်ကို ကျွန်တော့်တည့်တည့်တည်ပြီး ဖောက်ချလိုက်ပါတော့တယ်..။
အားလုံးပြီးဆုံးသွားချိန်အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ကျန်ပါတော့တယ်..။ ဒီကနေထလိုက်တဲ့အချိန် ပျော်ရွှင်မှုတွေကျန်ရစ်ခဲ့မှာစိုးတဲ့အတွက် ဆက်ပြီးထိုင်နေပါတယ်..။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ အဲဒီလိုပျော်ရွှင်မှုတွေဆက်ပြီးခံစားနေချင်လို့ပါ..။ ထိုင်နေရင်းစတန်းဖို့ဒ် ဘရစ်ချ်နဲ့ ပတ်သက်သမျှ အသေးစိတ်ကအစ ပြန်စဉ်းစားပါတယ်.။ ဆံချည်တစ်မျှင်တောင်မှ မမေ့လျော့ချင်ခဲ့ပါ… အခုလိုခမ်းနားတဲ့သမိုင်းကြောင်းမှာ ပါဝင်ထုဆစ်ခွင့် ရခဲ့တာတွေ.. မျှဝေခဲ့တာတွေ တစ်ခုမှ မကျန်ရစ်ခဲ့ချင်ပါဘူး..။
အံ့သြဖို့ကောင်းတာက ဒီတစ်ခါကျွန်တော် မျက်ရည်လုံးဝမကျခဲ့တာပါ..။ ၂၀၁၂ ပထမအကြိမ် အသင်းကို စွန့်ခွာခဲ့စဉ်က အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်.။ အဲဒီအချိန်က ချန်ပီယံလိဂ်ရပြီးခါစပူပူနွေးနွေးပဲ ရှိပါသေးတယ်..။ အသင်းကိုစွန့်ခွာချင်စိတ်လည်း ကျွန်တော့်မှာမရှိခဲ့ပါဘူး.. ဒါကြောင့်အရမ်းဝမ်းနည်းခဲ့ရတယ်..၊ ချယ်လ်ဆီးကို နောက်တစ်ခါ ဘယ်တော့မှပြန်မရောက်တော့ဘူးလို့ တွေးမိတာလည်းပါနိုင်ပါတယ်.။
အခုတစ်ကြိမ်ခွဲခွာခြင်းက ခြားနားပါတယ်..။ တစ်နေ့နေ့ဒီကိုပြန်ရောက်ဦးမယ်ဆိုတာ သိနေတယ်..။ ပြန်မဆုံနိုင်မယ့်လမ်းခွဲမဟုတ်ဘူးဆိုတာ နှစ်ဘက်စလုံးက သိထားပြီးသားပါ..။ မကြာသေးခင်ကပဲ ကစားသမားဘဝက အနားယူပြီးတာနဲ့ ဒီကိုပြန်လာဖို့ အသင်းဖက်က ဖိတ်ကြားခဲ့တယ် မဟုတ်ပါလား..။ ကျွန်တော်လိုချင်တာ အဲဒါပါ..၊ သူတို့လိုချင်တာလည်းဒါပါပဲ..။
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ “ကျွီ”ကနဲ တံခါးဖွင့်သံကြောင့် ကျွန်တော်မော့ကြည့်လိုက်တယ်. “ဟိုဆေး..”။ သူနဲ့ကျွန်တော်နှစ်ယောက်တည်းပါ.. ဘာစကားမှတော့ မဆိုဖြစ်ကြ..
စကားလုံးတွေလည်း မလိုအပ်တော့ပါ.။
နှစ်ယောက်စလုံးကလည်း ခံစားလွယ်တဲ့သူတွေကြီးပါပဲ..။
နောက်သူကျွန်တော့်ကို အသာဖက်ပါတယ်..၊ နွေးထွေးတဲ့အပြုံးနဲ့ နောက်ဆုံးစကားကို ရိုးရိုးလေးပဲဆိုခဲ့တယ်..
“သွား… ပြီးရင် ပြန်လာခဲ့..”။