feature-image

အခန်း (၁) - အိမ်ပြန်လမ်းဝေး

ငါးနှစ်သားအထိ ကျွန်တော့်ဘဝဟာ ပျော်စရာအတိလို့ ဆိုရပါမယ်..။ ကျွန်တော်တို့ အိမ်မှာ အိမ်သားများသလိုရယ်မောသံတွေနဲ့ အမြဲတမ်းတက်တက်ကြွကြွရှိပါတယ်.။ ကျွန်တော့် ရဲ့ဇာတိ အဘီဂျန်းမြို့တော်ဟာ အိုင်ဗရီကို့စ်နိုင်ငံ အရှေ့တောင်ကမ်းခြေမှာရှိပြီး တိုင်းပြည်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်..။ ကျွန်တော်တို့မိသားစုဟာ ချမ်းသာတဲ့အထဲက  မဟုတ်ပေမယ့် အလယ်အလတ်တန်းစားလို့ ဆိုနိုင်ပါမယ်..။ ဒါပေမယ့်ကျွန်တော့်အဖေအဲလ်ဘတ်ဟာ ငယ်စဉ်က အလွန်ဆင်းရဲပါတယ်...။ ငယ်ငယ်ရွယ်ရွယ်နဲ့အဖေဆုံးခဲ့တဲ့အပြင် အကြီးဆုံးသားလည်းဖြစ်တာ ကြောင့် သူ့အမေနဲ့ညီအစ်မနှစ်ယောက်ရဲ့ စားဝယ်နေရေးအတွက်ပါ ရုန်းကန်ရင်းအရမ်းပင်ပန်း ခဲ့ရတယ်..။ အခုတော့ အဖေဟာဘဏ်ဝန်ထမ်းဘဝနဲ့ အိန္ဒြေရရနေနိုင်ပါပြီ…။ ကျွန်တော့်ကို ၁၉၇၈၊ မတ်လ (၁၁) ရက်နေ့မှာမွေးပါတယ်.။

အာဖရိကသားတွေရဲ့ဓလေ့ထုံးစံအရအဖေဟာ မိသားစုတစ်ခုလုံးမှာပါ အိမ်ထောင် ဦးစီး ဖြစ်နေတာကြောင့် ကျန်မောင်နှမသားချင်းတွေကိုပါ တာဝန်ယူရပါတယ်..။ ဒါ့ကြောင့် ကျွန်တော့်ရဲ့အဒေါ်မိသားစုပါ ကျွန်တော်တို့နဲ့အတူတူနေထိုင်ပါတယ်.. ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဝမ်းကွဲညီအစ်ကိုတွေ၊ ဦးလေးတွေ၊ အဒေါ်တွေရဲ့ကြားထဲမှာကြီးပြင်းခဲ့ရပါတယ်..။ ကျွန်တော်တို့ ဓလေ့ထုံးစံအရ ကိုယ်ပိုင်ဆိုင်သမျှတွေကို အတူတူမျှဝေသုံးစွဲရတာမို့ တစ်ကိုယ်ကောင်းဆန် တယ်ဆိုတဲ့စကားလုံးဟာ  ကျွန်တော်တို့မိသားစုဝင်တွေထဲမှာ မရှိပါဘူး.။ ကိုယ့်လောက် ကံမ ကောင်းတဲ့သူတွေအပေါ် တတ်နိုင်သလောက်စောင့်ရှောက်ရမယ်ဆိုတဲ့ အဖေ့ရဲ့သွန်သင်မှုဟာ ဘဝတစ်လျှောက်လုံး ခေါင်းထဲအမြဲစွဲနေပါတော့တယ်..။



ကျွန်တော်တို့အိမ်အပြင်ဘက်မှာ ကွင်းပြန့်ပြန့်လေးတစ်ခုရှိပါတယ်.။ အဲဒီမှာအတူတူ ကစားကြတယ်..၊ အတူတူစားကြတယ်..။ ဒီကွင်းပြင်လေးဟာ အနားကအခြားအိမ်တွေနဲ့လည်း ဆက်နေတာကြောင့် အများပိုင်ကွင်းတစ်ခုလိုဖြစ်သွားပါတယ်။ အခုလိုအသိုက်အမြုံအကြီးကြီးနဲ့ အတူတူ ပျော်ပါးခဲ့ကြတဲ့နေ့ရက်များဟာ ကျွန်တော်မှတ်မိသမျှဘဝအစပိုင်းကာလပါပဲ။ နောက်ထပ် မှတ်မိနေတာက တစ်နှစ်တစ်ခါအချိန်မှန်မှန်ရောက်လာတဲ့ ကျွန်တော့်ရဲ့ဦးလေး မစ်ချယ်လ် ဂိုးဘားပါ..။ သူဟာအဖေ့ရဲ့ညီဖြစ်ပြီး လက်ရှိပြင်သစ်မှာနေထိုင်ပါတယ်..။ ပြီးတော့ တစ်ကယ့် အဆင့်မှီဘောလုံးသမားတစ်ဦးလည်းဖြစ်ပါတယ်.။ ဦးလေးကိုစွဲစွဲထင်ထင်ဖြစ်နေခြင်းရဲ့ အဓိက အကြောင်းကတော့ ပြင်သစ်မှာနေတယ်ဆိုတာပါ။ ကျွန်တော်တို့တွေအတွက် နိုင်ငံခြားမှာနေတယ် ဆိုတာဟာ ဘုရားသခင်ရဲ့ဗိမာန်ကိုရောက်နေသလိုပါပဲ။ တစ်ခါတစ်ခါပြန်လာရင် လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့..။ ပါလာတဲ့လက်ဆောင်တွေဆိုတာ ကျွန်တော်တို့အတွက် တခြားကမ္ဘာလာ တဲ့ မျက်လှည့်ပစ္စည်းတွေလိုပါ..။ သူရဲ့လက်ဆောင်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ နာမည်ကျော်ဘောလုံးအသင်း ကစားသမားများရဲ့ဝတ်စုံတွေပါ..။

လူစုံရင်ပြင်သစ်မှာ ရှာဖွေရုန်းကန်နေရတဲ့အကြောင်းတွေကို မစ်ချယ်လ်ကပြောပြ ပါတယ်..၊ သူ့ရဲ့ဘောလုံးသမားဘဝအကြောင်းလည်း ပါတာပေါ့..။ ပြောပြချက်တွေအားလုံးကို လုံးစေ့ပတ်စေ့ နားမလည်ပေမယ့် ဘောလုံးနဲ့ပတ်သတ်တဲ့အပိုင်းရောက်လာပြီဆိုရင် အတင်းကို နားလည်အောင်ကျွန်တော်ကြိုးစားပါတယ်..။ ကျွန်တော်ဟာဘောလုံးနဲ့ ပတ်သက်လာရင် ငယ်ငယ် ကတည်းကအရူးအမူးပါပဲ..။ ကလေးဘဝမှာ ကစားစရာအရုပ်တွေ အများကြီးရှိနေပေမယ့် ဘောလုံးကန်ဖု့ိပဲပိုအာသီသရှိပါတယ်.။ ကျွန်တော့်ဦးလေးအလည်လာတိုင်း သူ့အမျိုးသမီး ဖရက် ဒရစ်ခ်လည်းပါလာတယ်..။ သူ့ကိုမှတ်မိနေတဲ့အကြောင်းက အလည်လာတဲ့အခါတိုင်း ကျွန်တော့် ကိုအဖော်လုပ်ပြီး နာရီပေါင်းများစွာကစားခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့တစ်ကြိမ်မှာတော့ သူတို့ပြန်ခါနီးမှာ ကျွန်တော်လိုက်သွားချင်တဲ့အကြောင်း ငိုယိုတောင်းပန်မိပါတယ်..။ ကျွန်တော့်မိဘတွေနဲ့ အချီအချ ပြောကြရင်းနောက်ဆုံး ကျွန်တော့်ဦးလေးက သူတို့နဲ့အတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ “ကျွန်တော့်ကို သူ့သားအရင်းလိုစောင့်ရှောက်ပါမယ်” လို့ ကတိပေးခဲ့တယ်..။



အဖေတို့ကလည်း မီချယ်လ်၊ ဖရက်ဒရစ်ခ်တို့နဲ့အတူ ပြင်သစ်ပို့လိုက်ခြင်းဟာ ကျွန်တော့်ဘဝရှေ့ရေးအတွက်ပိုကောင်းမယ်မှန်း နားလည်ပါတယ်..။ ဒါ့ကြောင့်အခြားအာဖရိက တိုက်ကမိဘများနည်းတူ အခွင့်အရေးရတုန်းအမိအရယူလိုက်ဖို့ သဘောတူလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ကိုဥရောပလွှတ်ဖို့ဆုံးဖြတ်လိုက်ရတာ သူတို့အတွက်သိပ်ကိုနာကျင်ရမှာပါ.။ ဒါပေမယ့် အိုင်ဗရီကို့စ်မှာထက် ပိုကောင်းတဲ့ပညာရေး၊ ပိုပြီးကောင်းမွန်တဲ့ပတ်ဝန်းကျင်၊ ကျွန်တော့်အပေါ် နွေးနွေးထွေးထွေးဆက်ဆံမယ့် ဦးလေးတို့မိသားစု… စတာတွေဟာ ကျွန်တော့်အတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းမယ်ဆိုတာ သူတို့နားလည်ပါတယ်..။

တစ်ကယ်သွားရတော့မယ်ဆိုတော့ ကျွန်တော်လည်းအရမ်းစိတ်လှုပ်ရှားရပါတယ်..။ ဒီလိုနဲ့တစ်နေ့မနက်စောစောအာရုံတက်ချိန်မှာ ကျွန်တော်တို့လေဆိပ်ကိုထွက်ခွာကြပါပြီ.။ ကားပေါ် မှာထိုင်နေရင်း စဉ်းစားမိနေတာကအမေ့ကို ကျွန်တော်တစ်ကယ်ခွဲနိုင်ပါ့မလား? ဒီမိသားစုနဲ့ နောက် တစ်ကြိမ် ပြန်ဆုံခွင့်ကောရနိုင်ဦးပါ့မလား? စတာတွေပါ..။ တစ်ကယ်တမ်းခွဲရဖို့ ကြုံတဲ့အခါ အရမ်း စိတ်ထိခိုက်ရပါတယ်..။ အမေ့ကိုနှုတ်ဆက်စကားပြောရမှာစိုးတဲ့အတွက် လေဆိပ်ကိုရောက်မှာ တောင် ကြောက်နေမိတယ်။ ဒီခရီးဟာ ကျွန်တော့်အတွက် တစ်ကယ့်ကိုခက်ခဲတဲ့ခရီးတစ်ခုပါပဲ..။

မိသားစုမှာ သားအကြီးဆုံးဖြစ်တဲ့ကျွန်တော်ဟာ အမေနဲ့အရမ်းတည့်ပါတယ်..။ အမေ ဟာ ကျွန်တော့်အပေါ်အနွေးထွေးဆုံး၊ အနူးညံ့ဆုံး ဆက်ဆံသူတစ်ဦးပါ..။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ကို “တီးတိုး” လို့ ချစ်စနိုးခေါ်ပါတယ်.။ သူအင်မတန်အားကျတဲ့ နာမည်ကျော်ယူဂို ဆလပ်ဗ်နိုင်ငံခေါင်းဆောင်ကြီးရဲ့  နာမည်ကိုပေးထားသလို ကျွန်တော့်အပေါ်အလွန်အားကိုး ပါတယ်..။ တစ်ခါတစ်လေကျွန်တော့်ကို သားတစ်ယောက်လိုတောင်မဟုတ်ပဲ ရဲဘော်ရဲဘက် တစ်ဦးလိုပါ ဆက်ဆံလေ့ရှိပါတယ်။ အဲဒီနေ့ကအကြောင်း ပြန်မှတ်မိနေတာက တရှုံ့ရှုံ့ ငိုကြွေးနေ ရင်း ကျွန်တော်နောက်ပြန်လှည့်ကြည့်လိုက်ချိန်မှာ ညီငယ်ဒယ်နီရယ်လ်ကိုချီထားပြီး ဝမ်းနည်းနေ တဲ့ အမေ့ရဲ့ပုံရိပ်ပါပဲ..။ သူတို့ကိုတစ်ကယ်ခွဲခွာရပါပြီ.။ လေယာဉ်ခရီးစဉ်က (၆) နာရီလောက် ကြာပါတယ်..။ လေယာဉ်စတက်ကတည်းက တစ်လမ်းလုံးတောက်လျှောက်ငိုနေတာမို့ လေယာဉ် မယ်တွေ ကျွန်တော့်ကို မကြာမကြာလာကြည့်ပြီး အားပေးစကားပြောပေးကြပါတယ်။ ပြင်သစ်ကို တစ်ယောက်တည်းသွားရတာဖြစ်သလို ပထမဆုံးတစ်ကိုယ်ရည်ခရီးလည်း ဖြစ်တာကြောင့် အားငယ်၊ သိမ်ငယ်နေတဲ့အပြင် ဘာမှရေရေရာရာမရှိသလို ခံစားနေရပါတယ်..။ နောက်ဆုံး ဘော်ဒိုးကိုလေယာဉ်ဆိုက်ပြီး ကျွန်တော့်ဦးလေးတွေနဲ့ပြန်ဆုံတော့မှ ဒီအားငယ်စိတ်တွေ၊ မရေရာ မှုတွေ ပျောက်ကွယ်သွားပါတော့တယ်..။



အခု “မိဘသစ်” တွေနဲ့ ပြင်သစ်ကပထမဆုံးအိမ်ဟာ ဘရက်စ်မြို့မှာပါ.။ ဦးလေးနဲ့ အဒေါ်တို့နေတဲ့အရပ်ဟာ သာယာတဲ့နေရာလေးပါ..။ ဒါပေမယ့်အဘီဂျန်းကနေ ရုတ်တရက် ရောက်လာခဲ့တဲ့ကျွန်တော့်အတွက်  ချက်ချင်းအသားကျဖို့ခက်နေပါတယ်..။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လွန်းနေပြီး ဘာမှစိတ်ဝင်စားစရာမကောင်းသလိုပါပဲ..။ ဒီထက်ဆိုးတာကအတန်းထဲမှာ အသားမည်းတဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်တည်းရှိနေတာပါ..။ ဒါ့ကြောင့်ကျောင်းကို စရောက်တဲ့နေ့ကစပြီး ကျွန်တော်ဟာအတန်းထဲမှာ တစိမ်းတစ်ယောက်လိုဖြစ်နေပါတယ်..။ အိမ်မှာတော့ အမေဟာပြင်သစ်လိုပဲပြောလေ့ရှိတာကြောင့် ကျွန်တော့်အတွက်ဘာသာစကား အခက်အခဲမရှိပေမယ့် ကျန်တာတွေအားလုံးဟာ အသစ်အဆန်းတွေပါပဲ..။ ကျွန်တော့်မှာ သူငယ် ချင်းအသစ်ရှာရတယ်..၊ အစားအစာအသစ်တွေကိုကြိုးစားရတယ်.. ခြုံပြောရမယ်ဆိုရင် ပတ်ဝန်း ကျင်အသစ်မှာ အမြန်ဆုံးအခြေကျအောင်ရုန်းကန်ရပါတယ်။

ဒီလိုနဲ့အသားကျမယ်တောင် မကြံသေးဘူး.. တစ်နှစ်ပြည့်ခါနီးမှာ ဘရက်စ်မှာ ကစား နေတဲ့ ဦးလေးဟာအသင်းပြောင်းရပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့လည်း ဦးလေးနဲ့အတူ အန်းဂူးလေးမ်ကို လိုက်ပြောင်းရပါတော့တယ်.။ ဒီမြို့လေးဟာ ဘော်ဒိုးမြို့ရဲ့အရှေ့မြောက်ဘက် ကီလိုမီတာ (၁၂၀) လောက်မှာရှိပြီး သာယာလှပတဲ့ကျေးလက်မြို့လေးတစ်မြို့ပါ..။ ဒီနေရာ ရောက်ပြန်တော့လည်း နောက်တစ်ကြိမ်အသစ်က ပြန်စရပါတော့တယ်။ သူငယ်ချင်းအသစ်တွေ ပြန်ရှာရတယ်.၊ နေရာအသစ်.. ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေအောင်ထပ်ပြီး ကြိုးစားရပါ တော့တယ်..။

ပြင်သစ်ကိုရောက်စကာလများမှာ အမှတ်ရမိတာက ကျောင်းမှာဆိုရင် ကျွန်တော်ဟာ ဆရာတွေနဲ့ ကစားရတာပိုများပါတယ်.။ ဘာလို့လဲဆိုတော့ အခြားအတန်းဖော်သူငယ်ချင်း အများ စုက ကျွန်တော်နဲ့အတူတူ မကစားချင်ကြလို့ပါ..။ လူမျိုးရေးခွဲခြားတာမျိုးမဟုတ်ပေမယ့် သူတို့ဟာ ကျွန်တော်နဲ့သူငယ်ချင်းဖြစ်ဖို့ သိပ်ပြီးအရေးတယူမရှိလှပါဘူး..။ တစ်ကယ်တမ်းသူတို့နဲ့ ကျွန်တော့် ကြားကွာခြားတာဆိုလို့ အရေပြားတစ်ထောက်စာ အသားအရောင်လေးပဲရှိပါတယ်.။ ဆေးဆိုးထား တာထင်ပြီး လက်နဲ့လာပွတ်တိုက်ကြည့်ကြတဲ့ အတန်းဖော်တစ်ချိူ့တောင်ရှိပါသေးတယ်။ သူတို့ကို ကျွန်တော်မမုန်းသလို အပြစ်လည်းမတင်မိပါဘူး..။ ဒါပေမယ့်ကျောင်းအသစ်ကိုပြောင်းတိုင်း၊ ပြောင်းတိုင်း အမြဲတမ်းဒီလိုဖြစ်နေတာပါပဲ..။ ကျွန်တော်ကလည်းတစ်နှစ်တစ်ခါဆိုသလို ဦးလေးနဲ့ အတူ နေရာသစ်ကိုမကြာမကြာပြောင်းနေရတာမို့ ကျောင်းအသစ်ရောက်ပြီဆိုရင် အားလုံးရဲ့ ရှေ့မှာထွက်ပြီး အမြဲမိတ်ဆက်ရတယ်၊ ကြာလာတော့ ဒီလိုမိတ်ဆက်ဆက်ပြရတာကို နာကျင်လာ၊ မုန်းတီးလာခဲ့ပါတယ်…။



အဲဒီလိုနေရာသစ်ကို ခဏခဏပြောင်းနေရတာကြောင့် သူငယ်ချင်းများများစားစား မရှိသလို ရပြီးသားသူငယ်ချင်းတွေနဲ့လည်း ကြာကြာမတွဲနိုင်ပါဘူး.။ ကျောင်းဖွင့်ချိန်ဆိုရင် ငါတော့ အားလုံးအသစ်ကပြန်စရတော့မယ်ဆိုတဲ့အတွေးဟာ ခံစားရတော်တော်ခက်ပါတယ်..။ တဖြည်း ဖြည်းနဲ့ အသက်ကြီးလာလေလေ ပိုပြီးသိလာရတာက ပတ်ဝန်းကျင်ရဲ့ “စပ်စုမှု” ပါ...။ ကျွန်တော် တို့လမ်းပေါ်မှာသွားနေပြီဆို အိမ်ပြတင်းပေါက်လိုက်ကာများဟာ အသာလေးလှုပ်ရမ်းသွားလေ့ ရှိပါ တယ်..။ ဆိုလိုတာကသူတို့အိမ်ရှေ့ကနေဖြတ်သွားတဲ့ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ လိုက်ပြီး ကြည့်နေကြတာပါ..။ ဒါပေမယ့်အဲဒီလိုကြည့်နေတာကို ရိပ်မိသွားပြီဆိုရင် ချက်ချင်း မျက်နှာလွဲ တာတို့၊ ချက်ချင်းတံခါးပိတ်ချလိုက်တာတို့ လုပ်တတ်ကြပါတယ်..။ အသားအရောင်ကွဲပြားနေတဲ့ ကျွန်တော်တို့မိသားစုဟာ အိမ်နီးချင်းတွေကြားမှာ အတင်းပြောစရာအကြောင်းအရာတစ်ခု ဖြစ်ချင် ဖြစ်နေခဲ့မှာပါ..။ အခုအချိန် ဒီအကြောင်းတွေကို ရယ်ရယ်မောမော ပြောပြနိုင်ပေမယ့် အဲဒီအချိန်က ခံစားရတာ သိပ်မလွယ်လှပါဘူး…။

ပြင်သစ်ကိုကျွန်တော်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဦးလေးနဲ့အဒေါ်တို့က တရားဝင် အုပ်ထိန်းခွင့်ရဖို့အတွက် ရုံးတော်ကိုလျှောက်ထားပါတယ်။ ဒါပေမယ့် စာရွက်စာတမ်းတွေ အများ အပြားတင်သွင်းရသလို ပြင်သစ်ကရုံးလုပ်ထုံးလုပ်နည်းတွေဟာ အင်မတန်ရှုပ်ထွေးလှပါတယ်.။ ဒါ့ကြောင့်အချိန်မီမပြီးစီးနိုင်တော့ပဲ အိုင်ဗရီကို့စ်ကိုကျွန်တော်ပြန်ရပါတော့မယ်..။ ဒီလိုနဲ့ ၁၉၈၅ ခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလမှာ မိဘများရှိတဲ့အိုင်ဗရီကို့စ်ကို ကျွန်တော်ပြန်ခဲ့ရပါတယ်။ အချိန်အတော်ကြာခွဲခွာခဲ့ရတာမို့ အိမ်နဲ့အတူတူပြန်လည်နေထိုင်ခွင့်ရခဲ့တဲ့အချိန်လေးဟာ အင်မ တန်မှပျော်ရွှင်ဖို့ကောင်းလှပါတယ်..။ အထူးသဖြင့်ပြင်သစ်မှာနေခဲ့တဲ့ကာလအတွင်းမှာ တစ်ခါ တစ်လေ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ အရမ်းဝမ်းနည်းရသလို အထီးကျန်တဲ့ခံစားမှုလည်း ကျွန်တော်မကြာမကြာခံစားခဲ့ရပါတယ်..။ တစ်ကယ်တော့မိဘတွေနဲ့ကြာကြာမှတစ်ခါ ပြောခွင့်ရတဲ့ တယ်လီဖုန်းစကားပြောခွင့်လေးများဟာ ပြင်သစ်မှာဆက်နေနိုင်ဖို့ ကျွန်တော့်အတွက် ခွန်အားများ ပါပဲ..။ ဒါပေမယ့် ဖုန်းချလိုက်တာနဲ့စိတ်တိုသလိုလို၊ အလိုမကျသလိုလိုအမြဲခံစားရပါတယ်..။ အထူး သဖြင့် အမေနဲ့ဖုန်းပြောပြီးတိုင်းမှာ ပိုဆိုးပါတယ်..။ \

ဒီတစ်ကြိမ် အိုင်ဗရီကို့စ်ပြန်ရောက်တော့ အဖေဟာမြို့တော်အဘီဂျန်းမှာ မဟုတ် တော့ပါဘူး..။ လုပ်ငန်းသဘောအရ အဖေဟာကုန်းတွင်းပိုင်း ကီလိုမီတာ (၁၀၀) လောက်ဝေးတဲ့ ယာမိုဆူကရို အုပ်ချုပ်ရေးမြို့ကိုပြောင်းရွှေ့နေထိုင်နေပါပြီ..။ လူဦးရေ နှစ်သိန်း ကျော်ကျော်လေးပဲ ရှိတဲ့ ဒီမြို့လေးဟာအဘီဂျန်နဲ့ဆို တစ်ခြားစီ ဖြစ်နေပေမယ့် ညီအစ်ကို၊ မောင်နှမတွေ သိုက်သိုက် ဝန်းဝန်းနဲ့ အမြဲတမ်းကစားနေရလို့ ကျွန်တော်အလွန်ပျော်ပါတယ်..။ အိမ်ကိုပြန်ခွင့်ရခဲ့တဲ့ အဲဒီ နွေရာသီဟာ ကျွန်တော့်ကလေးဘဝရဲ့အပျော်ဆုံးနေ့ရက်တွေထဲ ပါဝင်ခဲ့ပါတယ်..။ ကျွန်တော်တို့ တစ်တွေလမ်းပေါ်ထွက်ပြီး ခြေဗလာနဲ့ဘောလုံးကန်ကြတယ်..။ တစ်ခါတစ်လေညီအစ်ကို ဝမ်းကွဲ တွေစုပေါင်းပြီး ဘောလုံးပြိုင်ပွဲတွေလုပ်ကြတယ်..။ ပြိုင်ပွဲဆိုတော့ အစွမ်းကုန်ကန်ကြတာမို့ ဒဏ်ရာ အနာတရ ဖြစ်တဲ့အခါတွေလည်းရှိပါတယ်။ ဒီလိုအနာတရတွေဖြစ်ပြီဆိုရင်ဖိနပ်မစီးပဲ ကစားကြတဲ့ အတွက် အဖေအရမ်းစိတ်ဆိုးပါတယ်..။ တစ်နေ့တစ်နေ့ကျွန်တော်တို့ နာရီပေါင်းများစွာ ဘောလုံး ကစားကြ..၊ ပလပ်စတစ်ပုလင်းတွေကိုဖြတ်၊ အထဲမှာချိုချဉ်တွေဖြည့်၊ ဆုဖလားတွေအဖြစ် အောင်ပွဲခံခဲ့ကြတယ်…။ ကျွန်တော့်ရဲ့ငယ်ဘဝသူရဲကောင်းက အာဂျင်တီးနား ဂန္တဝင် အသင်းခေါင်း ဆောင် ‘ဒီယေဂို မာရာဒိုနာ’ ပါ..။

ဒီတစ်ခါအိမ်ပြန်ခရီးမှာ စိတ်ညစ်စရာနောက်တစ်ခုကတော့ အဖေဟာကျွန်တော့်ရဲ့ အောင်စာရင်းရလဒ်တွေကို သေသေချာချာအလေးထားလာခြင်းပါပဲ..။ ပညာရေးနဲ့ပတ်သက်ရင် အဖေဟာမျှော်လင့်ချက်အရမ်းကြီးသလို စည်းကမ်းလည်းအလွန်တင်းကျပ်ပါတယ်..။ လပတ် အောင်စာရင်းမှာ အဆင့်ငါးအောက်ကျပြီဆိုလို့က အိမ်ပြန်ရောက်ရင်ဒုတ်စာမိပါပြီ..။ အမေက ဆန့်ကျင်ဘက်ပါ..။ အဖေအပြစ်ပေးမယ်ကြံတိုင်း အမေဟာကျွန်တော်တို့ရှေ့ကနေအမြဲ အကာအ ကွယ်ပေးပါတယ်..။ အဲဒီလို အဖေ့ဆီကတင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမေ့ဆီကနှုးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေကို တစ်ပြိုင်တည်းရရှိခဲ့ခြင်းဟာ ကျွန်တော့်ဘဝအတွက်  အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ၊ သင်ယူမှုတွေပါပဲ..။

အိုင်ဗရီကို့စ်မှာတစ်နှစ်လောက်ကြာပြီးချိန် ဦးလေးနဲ့အဒေါ်တို့ဆီက အကြောင်းကြား စာ ရောက်လာပါတယ်..။ တရားဝင်အုပ်ထိန်းခွင့် စာရွက်စာတမ်းတွေပြီးစီးသွားပြီဖြစ်တာကြောင့် ပြင်သစ်ကိုကျွန်တော်ပြန်ရပါတော့မယ်.။ ဒါပေမယ့်ကျွန်တော်မပြန်ချင်တော့ပါဘူး..။ ပြင်သစ်ကို ပထမအကြိမ်ထွက်ခဲ့တုန်းကငယ်သေးတာကြောင့် သေသေချာချာမသိသေးပေမယ့် အခုအချိန်မှာ တော့ ဒီလိုခွဲခွာပြီးရင် ဘာတွေဆက်ဖြစ်မယ်ဆိုတာနားလည်နေပါပြီ..။ အထူးသဖြင့် မိသားစုနဲ့ ပြန်ဆုံနိုင်ခွင့်ရတော့မှာမဟုတ်ဘူးလို့တွေးနေမိတာကို မှတ်မိနေပါသေးတယ်..။

ဒီတစ်ခါပြင်သစ်ကိုပြန်တော့ တိုင်းပြည်မြောက်ဘက်အခြမ်းကို ရောက်သွားပါပြီ..။ ဒန်းကတ်မြို့ဖြစ်ပါတယ်..။ ဒန်းကတ်မြို့မှာအမှတ်ရစရာကတော့ ကိုးနှစ်သားကျွန်တော့်အတွက် ပထမဦးဆုံးဘောလုံးသမားလိုင်စင်ရရှိခြင်းနဲ့ တူတူတန်တန်အသင်းတစ်သင်းမှာ ပထမဆုံး ကစား ခွင့်ရခဲ့ခြင်းပါ..။ အဲဒီအချိန်က ကိုယ့်ကိုယ်ကို တစ်ကယ့်ဝါရင့်ဘောလုံးသမားကြီးတစ်ယောက်လို မြင်နေပြီး ဘဝင်လည်းခိုက်နေပါတယ်..။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာ စီနီယာ ကစားသမား ကြီးတွေဖြစ်တဲ့ ဦးလေးတို့နဲ့ဝတ်စုံအတူတူဝတ်ဆင် ကစားခဲ့ရတာကြောင့်ပါ..။



ကျွန်တော့်ဦးလေးဟာ ရှေ့တန်းကစားသမားတစ်ဦးပါ။ တိုက်စစ်မှူးအဖြစ် ကစားတာ များပြီး ကျွန်တော်ကြီးလာတဲ့အချိန် သူ့ဆီကအများကြီးသင်ယူခဲ့ရပါတယ်။ ဦးလေးနဲ့အတူနေခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ပြီဆိုရင် သူနဲ့အတူဆော့ကစားခဲ့ရတဲ့ ဒန်းကတ်မြို့ကမ်းခြေက တနင်္ဂနွေနေ့တွေအတွေးထဲ အရင်ဆုံးရောက်လာပါတယ်..။ အဲဒီအချိန်တွေမှာကျွန်တော့်ကို ဘယ်လိုကစားရတယ်..၊ ဘယ်လိုလှည့်စားရတယ်ဆိုတဲ့နည်းစနစ်တွေ သင်ပေးလေ့ရှိပါတယ်…။

ဥပမာဆိုရင် နောက်ခံလူတွေကို ဘယ်လိုတားရမယ်၊ ခေါင်းတိုက်ဖို့ ခုန်တဲ့အခါ ထိချက်၊ တိုက်ချက် မှန်အောင် ဘယ်လိုချိန်ဆရတယ်၊ အဲဒါတွေပါပါတယ်။ အထူးသဖြင့် ခေါင်းတိုက်ဖို့ခုန်ပြီးအားယူတဲ့ ဦးလေးရဲ့ပုံစံကို ကျွန်တော်အရမ်းသဘောကျခဲ့ပါတယ်။ သူ့ရဲ့ကစားပုံကို အတုယူခဲ့တာကြောင့် ကျွန်တော်လည်းသူ့လိုတိုက်စစ်မှူး ဖြစ်သွားသလားမပြောတတ်ပါဘူး.။ နောက်တန်းတွေနဲ့ ရင်ဆိုင် ရာမှာ ကျွန်တော့်ရဲ့ကစားပုံ၊ အမြင့်ဘောအထိန်းအသိမ်း၊ ခေါင်းတိုက်ဟန်တွေဟာ ဦးလေးနဲ့ တစ်ထပ်တည်းလိုပါပဲ..။ ခြုပြီးပြောရရင် ဦးလေးဟာကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပါ…။ သူမရှိပဲနဲ့ အခု ကျွန်တော်ရောက်နေတဲ့နေရာကို ဘယ်လိုမှမရောက်လာနိုင်ပါဘူး..။