feature-image

အခန်း (၁) - အိမ်ပြန်လမ်းဝေး (၂)

တစ်နှစ်ကိုတစ်နေရာနီးပါးပြောင်းနေရတဲ့ကျွန်တော်ဟာ ၁၉၈၉ မှာတော့ အဲဘီးဗီးလ်၊ နောက်တစ်နှစ်နီးပါးကျတော့ တော်ကူးရ်မြို့လေးကိုရောက်သွားပြန်ပါတယ်..။ တော်ကူးရ်က နေ့ရက်များဟာဘဝတစ်လျှောက်မှာ အခက်ခဲဆုံးနေ့ရက်များဖြစ်ခဲ့တာကြောင့် အခုထိ မှတ်မိနေပါ တယ်..။ တော်ကူးရ်ဟာလိုင်လီနားက မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်..။ ဒီကိုရောက်တော့ ထုံးစံအတိုင်း သူငယ်ချင်းရှာရတာခက်ပါတယ်..။ ဒါ့အပြင်ဘောလုံးကစားတိုင်း ကျွန်တော့်ရဲ့ အသား အရောင်အပေါ်မှာပဲ လာလာခလုတ်တိုက်နေကြတာကြောင့် အမြဲတမ်းနာကျင်ခဲ့ရတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း လူပျိုပေါက်ရောက်လာပြီမို့ အမူအကျင့်တွေပြောင်းလဲစပြုလာပါပြီ..။ သူငယ်ချင်းတစ်ချိုရခဲ့ပေမယ့် ကျောင်းဆင်းပြီးရင် သူတို့နဲ့ဆက်မတွဲဖြစ်တော့ပါဘူး။ သူတို့က လူပျိုပေါက်တို့ထုံးစံ ဆေးလိပ်သောက်မယ်..၊ ညဉ့်နက်ပိုင်းအထိလည်ပတ်ကြမယ်..၊ ဆိုင်ကယ်တစ်စီးနဲ့ အလေလိုက်မယ်.. စတာတွေကို အားသန်ပေမယ့် ကံကောင်းထောက်မစွာပဲ ဒါတွေကို ကျွန်တော်ရှောင်ရှားနိုင်ခဲ့ပါတယ်.။

ပုံမှန်အားဖြင့်ကျွန်တော်ရဲ့နေ့တိုင်းဟာ ကျောင်း၊ ပြီးရင်အိြမ်ပန်၊ ဘောလုံးလေ့ကျင့်၊ အိမ်ပြန်၊ အိပ်ယာဝင်.. ဒီအတိုင်းပဲလည်ပတ်နေတာမို့ တခြားအရာတွေ စမ်းသပ်ကြည့်ဖို့အချိန်မရတာလည်း ပါပါတယ်.။ ကျွန်တော့်မိဘတွေနဲ့ ဦးလေးတို့က ပတ်ဝန်းကျင်မှာ ဒီလိုအန္တရာယ်တွေ ရှိနေတာသိပါတယ်.။ သူတို့ဟာကျွန်တော့်လမ်းမှားမရောက်အောင် အထူးဂရုစိုက်ပြီး သွန်သင်ပေးကြပါတယ်..။ တော်ကူးရ်မှာသာမာန်လက်လုပ်လက်စားတွေ အနေများပြီး လူအများစုဟာ အနာဂတ်အတွက် ဘာမှအပူအပင်မရှိပဲ ဖြစ်သလိုနေထိုင်ကြတာကြောင့် ဦးလေးတို့ မိသားစုရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုဟာ ကျွန်တော့်ဘဝအတွက်အရေးပါခဲ့ပါတယ်..။

တော်ကူးရ်မှာနေတဲ့အချိန်မှာ ကျွန်တော့်ဘဝလေးဟာ အခြားရွယ်တူတွေနဲ့မတူပဲ သီးခြားကမ္ဘာလေးလို ဖြစ်နေခဲ့ပါတယ်..။ အဲဒီအချိန်ကခက်ခဲခဲ့ပေမယ့် အခုပြန်တွေးကြည့်လိုက် တော့ ငယ်ဘဝအတွေ့အကြုံများဟာ နောက်ပိုင်းမှာဘယ်နေရာကိုပဲသွားသွား အလွယ်တကူ အထိုင်ကျနိုင်အောင် သင်ကြားပေးလိုက်သလိုပါပဲ..။ အသင်းသစ်လား? နိုင်ငံသစ်လား? ကိစ္စမရှိပါဘူး..။ ဒါကကောင်းတဲ့ဘက်အခြမ်းပါ..။ ဒီလိုနေရာသစ်ကို ခဏခဏပြောင်းနေရခြင်းရဲ့ ဆိုးတဲ့ ဘက်မှာတော့ ကျွန်တော်ဟာခံစားချက်တွေကို လွယ်လွယ်ကူကူထုတ်မပြောတတ်တဲ့သူ၊ အလွန် ရှက်တတ်တဲ့သူတစ်ယောက် ဖြစ်လာတာပါ..။ ကျွန်တော့်ရဲ့ခံစားချက်အားလုံးကို ရင်ထဲမှာသိမ်း ဆည်းထားတာ များပါတယ်..။ တစ်ယောက်ယောက်ကမေးလာရင်လည်း တစ်ခွန်းစ၊ နှစ်ခွန်းစပဲ ဖြေတတ်ပါတယ်.။ အခုထိလည်းကျွန်တော်ဟာ အရှက်အကြောက်ကြီးသူတစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဒီလိုမြုံစိ၊ မြုံစိနေတတ်တဲ့အတွက်မာနကြီးတယ်လို့ ကျွန်တော့်ကိုအထင်မှားကြပါတယ်။



တော်ကူးရ်မှာတစ်နှစ်လောက်ပဲကြာပြီး ကျွန်တော်တို့ဗန်းန်ကို ပြောင်းရွှေ့ပြန်ပါတယ်။ အဲဒီမှာလည်း အခြေအနေက ထူးမလာပါဘူး.။ ပိုဆိုးလာတာက ကျောင်းစာပိုင်းမှာပါ စိတ်ဝင်စားမှု ကျဆင်းလာတာပါ..။ ဒါအပြင် ဦးလေးနဲ့အဒေါ်တို့ရဲ့ ကန့်သတ်ချက်တွေ၊ စည်းကမ်းတစ်ချို့တွေကို ကျွန်တော်ဆန့်ကျင်ချင်လာပါပြီ..။ အထူးသဖြင့်ကျွန်တော့်ရဲ့ဝမ်းကွဲတွေဖြစ်တဲ့ မာလင်းနဲ့ ကယ်ဗင် တို့က “အဖေ”..၊ ”အမေ” ခေါ်တဲ့အသံကြားတိုင်း သူတို့လိုလိုက်မခေါ်နိုင်တဲ့အတွက် နာကျင် ရတာပါပဲ..။ အခုလိုအိမ်မှာကော၊ ကျောင်းမှာပါ အခြေအနေဆိုးလာရခြင်းရဲ့ နောက်ထပ်အကြောင်းတစ်ရပ်ကတော့ ကျွန်တော့်မိဘတွေ၊ ညီလေး၊ ညီမလေးတွေ ပြင်သစ်ကိုရောက်လာ တာလည်း ပါဝင်ပါတယ်။ အခုဆိုရင်ကျွန်တော့်ရဲ့မိသားစုဟာ အိုင်ဗရီကို့စ်ကိုစွန့်ခွာလာခဲ့ပြီး ပါရီမြို့ စွန်တစ်နေရာကို ပြောင်းရွှေ့လာပါပြီ..။ သူတို့နဲ့တစ်နိုင်ငံစီ ရေမြေတွေခြားနေချိန်မှာ မသိသာ ပေမယ့် အခုလိုနီးစပ်တဲ့အခြေအနေကိုရောက်လာတဲ့အချိန်မှာ မိသားစုကို ကျွန်တော်ပိုပြီး သတိရ လာပါတယ်…။ သူတို့နဲ့အတူတကွ ပြန်လည်ဆုံစည်းချင်တဲ့စိတ်ဆိုတာ တားမရ၊ ဆီးမရအောင်ပါပဲ။ အထူးသဖြင့်အမေကို အရမ်းတွေ့ချင်ပါတယ်..။

ဒီဇာတ်ကြောင်းကိုပြန်ပြောရမယ်ဆိုရင် အိုင်ဗရီကို့စ်မှာ စီးပွားပျက်ကပ်ဆိုက်ခဲ့တာ ကြောင့် ကျွန်တော့်အဖေဟာ ဘဏ်ဝန်ထမ်းဘဝက စုတေခဲ့ရပါတယ်.။ အဖေ့ခမျာ ပြင်သစ်ကို အလုပ်လာရှာဖို့ကလွဲပြီး တခြားရွေးစရာမရှိတော့ပါဘူး.။ အစပိုင်းမှာ အဖေတစ်ယောက်တည်း ပြင်သစ်ကိုလာရောက်ရုန်းကန်ခဲ့ပြီး နောက်ပိုင်းမှအမေနဲ့ကျန်တဲ့ကလေးတွေကို တဖြည်းဖြည်း ခေါ်လာနိုင်ခဲ့ပါတယ်..။ အဲဒီလို ဘဝပျက်မတတ် ခက်ခဲ၊ ကြမ်းတမ်းခဲ့ပေမယ့် အဖေ့ရဲ့စိတ်ဓါတ်၊ ကြံ့ခိုင်မှု၊ လောကဓံကို မတုန်မလှုပ်ရင်ဆိုင်နိုင်မှုတွေဟာ ကျွန်တော့်အတွက်စံပြုစရာများပဲ ဖြစ်ခဲ့ပါတယ်..။ အဖေဟာကိုယ့်တိုင်းပြည်မှာ မန်နေဂျာတစ်ယောက်အဖြစ် အဆင့််အတန်းရှိရှိ နေခဲ့ရ ပေမယ့် ပြင်သစ်ကိုရောက်လာတဲ့အခါ သန့်ရှင်းရေးလုပ်သား၊ ညစောင့်၊ ကုန်တင်၊ ကုန်ချလုပ်သား စသဖြင့် ရရာအလုပ်လုပ်ကိုင်ပြီး မိသားစုကို ထောက်ပံ့ခဲ့ရပါတယ်။ ပါရီမြို့မှာကျွန်တော်တို့ မိသားစု ဌားနေတဲ့နေရာဟာ လီဗယ်လ်လွားဆိုတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးပဲဖြစ်ပြီး ဌားနေတဲ့အခန်းကျဉ်း လေးဟာ ကုတင်တစ်လုံးထည့်လိုက်တာနဲ့ အကုန်ပြည့်သွားပါတယ်.။

ဒါ့ကြောင့်အဖေ၊ အမေတို့ဟာ ဒီထက်ပိုအခြေကျတဲ့အထိစောင့်ဖို့ သူတို့ဆီ ကျွန်တော့် ကိုမခေါ်သေးပဲ ဦးလေး၊ အဒေါ်တို့နဲ့ဲအတူဗန်းန်မှာပဲဆက်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်.။ ဒီလိုနဲ့ နှစ်လည်းကုန်ရော ကျွန်တော့်တို့ကိုကျောင်းကခေါ်ပြောပါတယ်..။ ရမှတ်တွေအရမ်းနည်းနေတဲ့ အတွက် အတန်းတက်ဖို့ခွင့်မပြုနိုင်ပါဘူးတဲ့။ စာမေးပွဲကျပါပြီ..။ ကျွန်တော့်အခြေအနေနဲ့ ပတ်သက်ပြီး ဦးလေးနဲ့အဒေါ်တို့ဟာဘာလုပ်ရင်ကောင်းမလဲလို့ အဖေတို့နဲ့ပြန်တိုင်ပင်ကြပါတယ်။ နောက်ဆုံး အပြောင်းအလဲတစ်ခုအဖြစ် ကျွန်တော့်ကိုအခြားတစ်နေရာ ခဏပြောင်းထားကြည့်ဖို့ ဆုံးဖြတ်လိုက် ပါတယ်..။ ဒီတစ်ခါကျွန်တော်သွားရမယ့်နေရာက ပြင်သစ်အနောက်ခြမ်းမှာရှိတဲ့ ပွိုင်အားတီးစ် ဆိုတဲ့မြို့လေးပါ။ အဲဒီမှာတက္ကသိုလ်တက်နေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်နဲ့ အတူနေရပါမယ်…။

အဲဒီအချိန် ကျွန်တော်အသက် (၁၄) နှစ်ရှိပါပြီ..။ အတန်းဟောင်းကိုအစက ပြန်တက် ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျောင်းတွင်း၊ ကျောင်းပြင် အခြေအနေတိုးတက်လာပါတယ်.။ အတူ နေ ကျွန်တော့်အစ်ကိုနဲ့လည်း အဆင်ပြေပါတယ်.။ ဒါပေမယ့်သူက ကျောင်းမှာအတန်းတက်လိုက်၊ အလုပ်ထွက်လုပ်လိုက်၊ အပေါင်းအသင်းနဲ့အပြင်ထွက်လိုက်နဲ့မို့ ကျွန်တော်တစ်ယောက်တည်း နေနေရသလိုပါပဲ။ စာကိုသဲသဲမဲမဲ ပြန်ဂရုစိုက်လိုက်တဲ့အတွက် ရမှတ်တွေပြန်ကောင်းလာပါတယ်။ သိပ်တော်တဲ့ကျောင်းသားအဖြစ် ချီးမွမ်းခံရတဲ့အကြိမ်တွေတောင်ရှိလာပါတယ်..။ တစ်ခုတည်းသောအဆင်မပြေမှုက အဖေ့ကိုကတိပေးထားတဲ့အတိုင်း ဘောလုံးမကစားရတာပါပဲ..။ အဖေက ကျွန်တော်အသည်းအသန် ဘောလုံးကစားတာကိုမကြိုက်ပါဘူး။ ဘောလုံးကိုအရူးအမူးဖြစ်လွန်းလို့ ကျောင်းစာကိုထိခိုက်တာလို့ အဖေယူဆပါတယ်..။ ဒါ့ကြောင့်အဖေ့ကိုလေးစားသောအားဖြင့် ဒီနှစ် တစ်နှစ်လုံးဘောလုံးကစားခြင်းကို ဝေရာမဏိ၊ စွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်..။



ဒီလိုနေရင်းနဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲဟာဘွဲ့ရသွားပြီဖြစ်တာကြောင့် အိုင်ဗရီကို့စ် ကို ပြန်ရပါတော့မယ်..။ ကျွန်တော်လည်း အဖေ၊ အမေတို့ရှိရာ လီဗယ်လ်လွားက အခန်းကျဉ်းလေးကို ပြန်ခဲ့ရပါပြီ..။ ကျွန်တော်တို့အခန်းလေးဟာ နဂိုကမှကျဉ်းရတဲ့အထဲ ညီအငယ်ဆုံး ဖရက်ဒီကို ထပ်ပြီးမွေးဖွားခဲ့ပြန်ပါတယ်..။ မွေးကင်းစညီငယ်လေးနဲ့ သူအထက်ကယန်းနစ်တို့ဟာ အဖေ၊ အမေတို့နဲ့အတူူတူအိပ်ကြရတာကြောင့် ကျန်မောင်နှမတွေဖြစ်တဲ့ ဒယ်နီရယ်လ်၊ နာဒီယား၊ ဂျိုးလ်နဲ့ ကျွန်တော်တို့က ကုတင်ရှေ့ကြမ်းပြင်ပေါ်ဖျာခင်းပြီး ကျပ်ညှပ်သပ်၊ တိုးဝှေ့အိပ်ကြရပါတယ်..။ အခန်းကျဉ်းလေးထဲမှာ လူရှစ်ယောက်တိုးဝှေ့အိပ်ရတဲ့ဘဝကို ခင်ဗျားတို့ မြင်ယောင်ကြည့်စေချင်ပါ တယ်..။

စီးပွားရေးကျပ်တည်းနေချိန်မို့ အပူပေးစက်လည်း မတတ်ဆင်နိုင်ပါဘူး..။ ဒါ့ကြောင့်ဆောင်းတွင်းဆို အရမ်းအေးပါတယ်..။ ဒီလိုချမ်းချမ်းစီးစီးကြားမှာ မနက်စောစော (၅) နာရီ လောက်ထပြီး အဖေနဲ့အတူ သတင်းစာ၊ စာရွက်တွေလိုက်ဝေတာ၊ ဒါမှမဟုတ်အားကစားရုံတစ်ခုမှာ သန့်ရှင်းရေးဝင်မယ့် အမေ့ကိုလိုက်ကူရတာစသဖြင့် မိဘတွေကို လိုက်ကူရလေ့ရှိပါတယ်..။ ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရပေမယ့် မိသားစုနဲ့အတူတူနေထိုင်ရတာမို့ ကျွန်တော့်အတွက် အဆင်ပြေ ပါတယ်..။ ကျောင်းမှာလည်းစာလိုက်နိုင်လာပါတယ်..။ တစ်နေ့မှာတော့ အဖေ့ကို ကျွန်တော် အခုလို ပြောပါတယ်..။


“အဖေ..၊ ကျွန်တော်အားကစား တစ်ခုခု ပြန်လုပ်ချင်လို့.. အဲဒါ…. အဆင်ပြေပါ့မလား? အဖေ့ကို တိုင်ပင်ကြည့်တာ..” ကျွန်တော်အတော်လေး သတိထားပြီး မေးကြည့်တယ်.။
“ကောင်းတာပေါ့ကွာ.. ငါ့သားက ဘယ်ကစားနည်းကိုစိတ်ဝင်စားလို့လဲ??”
“အင်း.. မပြောတတ်သေးဘူး.. အဖေ..ကရာတေး.. ဒါမှမဟုတ်..”
“ဟားဟား… ဘောလုံးလို့ပြောမလို့မလား.. ဟားဟား..”
“ဟား. ဟုတ်တာပေါ့အဖေရယ်..။ ဘောလုံးလည်းကောင်းမှာပါနော..”
အရမ်းကိုပြန်ကစားချင် နေမှန်းမသိသာအောင် အသံကိုထိန်းပြီးပြောပါတယ်..။ တစ်ကယ်တော့ ကျွန်တော်ဘောလုံး အရမ်းပြန်ကစားချင်နေမှန်း အဖေရိပ်မိပါတယ်..။
“အိုကေလေ..။ ပြန်ကစားပေါ့သားရယ်..။”


ကျွန်တော်ပျော်ပြီလေ..



အဖေကကျွန်တော့်ကို ဘောလုံးကန်ဖိနပ်တစ်ရံဝယ်ခွင့်ပေးပါတယ်…။ ဘောလုံး ကန်ဖိနပ်ရပြီဆိုတာနဲ့ လီဗယ်လ်လွားအသင်းကို အပြေးအသွားပြီးလေ့ကျင့်ဖို့စာရင်းပေးပါတယ်.။ လီဗယ်လ်လွားအသင်းဟာ အပျော်တမ်းအသင်းတွေထဲမှာ အတော်လေးအဆင့်အတန်းမြင့်တဲ့ အသင်းပါ..။ ပထမအကြိမ်လေ့ကျင့်ခန်းအပြီး “ကောင်လေး မင်းကစားတာကောင်းတယ်.၊ နောက်တစ်ပါတ်လည်း အဆင်ပြေရင်လာကစားပါဦး” လို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်မှာလေထဲ မြောက်တက်သွားသလို ခံစားလိုက်ရပါတယ်..။ အသင်းကိုရောက်ရောက်ချင်း အသက် (၁၆) နှစ်အောက် လူငယ်အသင်းမှာ ကျွန်တော်ကစားရတယ်..။ သိပ်မကြာပါဘူး.. ပထမအသင်းကြီးကို ကျွန်တော်ရောက်သွားပါတယ်.။ လီဗယ်လ်လွားမှာ ကျွန်တော် လေးနှစ်တိတိ ကစားခဲ့ပါတယ်..။

ငယ်စဉ်ဘဝမှာ ကျွန်တော်ဟာဦးလေးနဲ့အတူ တစ်မြို့ပြီးတစ်မြို့ လိုက်ပြောင်းနေရ တယ်...၊ သူနဲ့အတူလိုက်ရင်း ဂျူနီယာအသင်းတွေ၊ မြို့ခံအသင်းလေးတွေ အများကြီးမှာကစားခဲ့ရပေမယ့် တခြားခေတ်ပြိုင်ကစားသမားတွေလို ဘောလုံးအကယ်ဒမီတစ်ခုခုမှာ စနစ်တကျလေ့ကျင့်မှု၊ သင်ကြားမှုခံယူရတာမျိုးမရရှိခဲ့ပါဘူး..။ အဲဒီအချက်ဟာ ကျွန်တော့်ရဲ့အားနည်းချက်များ ဖြစ်နေမလားလို့ တွေးမိပါတယ်..။ ဘာလို့လဲဆိုတော့ ဥပမာဗျာ.. ကျွန်တော်ရဲ့ခေတ်ပြိုင် အွန်နရီနဲ့ ယှဉ်မယ်ဆိုရင် ကျွန်တော်ဟာသူ့လောက် နည်းစနစ်ပိုင်းမကောင်းပါဘူး..။ အွန်နရီဟာ ကျွန်တော့် ထက် လပိုင်းပဲကြီးပါတယ်..။ ဒါပေမယ့်သူဟာ တခြားဘောလုံးသမားတွေသွားတဲ့ လမ်းကြောင်း အတိုင်း ဘောလုံးအကယ်ဒမီ (ကလဲယားရ် ဖွန်းတိမ်း အကယ်ဒမီ) မှာ စနစ်တကျ သင်ယူခဲ့ရတာ ကြောင့် သူ့ရဲ့တိုးတက်မှု၊ နေရာရလာမှုဟာ ကျွန်တော့်ထက်မြန်ဆန်ပါတယ်.။ ကျွန်တော်လေ့လာ၊ မှတ်သားခဲ့ရသမျှအများစုဟာ ကိုယ်တိုင်လေ့ကျင့်ခဲ့ရတာ၊ ဦးလေးဆီကကူးချတာ၊ ဒါမှမဟုတ် သူပြောပြတာတွေကိုနားထောင်ပြီး ပြန်အသုံးချရတာတွေများပါတယ်.။ တစ်ကယ်တမ်း အရေး ကြီးဆုံးက မခိုမကပ်ကြိုးစားဖို့ပဲလို့ ကျွန်တော်ထင်ပါတယ်..။ အားနည်းချက်တွေဘယ်လိုရှိရှိ ကြိုးစားလေ့ကျင့်ခြင်းအားဖြင့် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိနိုင်ပါတယ်..။

ဘောလုံးစပြီးကစားတုန်းက ကျွန်တော်ဟာနောက်တန်းမှာပါ.။ ညာအစွန်နောက်ခံလူ အဖြစ် ကစားရတာများပါတယ်..။ နောက်တန်းကစားရတာလည်း အဆင်ပြေပါတယ်..။ ပြစ်ဒဏ်ဘောတွေဆို ကျွန်တော်ကန်ရတာများတယ်.။ ဒါ့အပြင်တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေ မှာ ရှေ့ကိုတက်ပြီး ပြိုင်ဘက်နောက်တန်းလူတွေနဲ့ တွန်းတွန်းတိုက်တိုက် ရင်ဆိုင်ရတာကိုလည်း သဘောကျပါတယ်..။ ဒါပေမယ့်မကြာခင်မှာ ရှေ့တန်းကျွန်တော်ပြောင်းကစားပါတယ်..။ ဒါလည်း ဦးလေးရဲ့တိုက်တွန်းမှုပါ..။ ကျွန်တော့်ရဲ့ခန္ခာကိုယ်ဖွဲ့စည်းပုံ၊ ကစားပုံဟာ တိုက်စစ်မှူးနဲ့ပဲ ကိုက်ညီတယ်လို့ သူကယူဆပါတယ်.။ “မင်းနောက်တန်းမှာ ဘာလုပ်နေတာလဲ?.”. “ရှေ့တန်းကို တက်ကစားစမ်းပါ..။ ဘောလုံးမှာ နောက်ဆုံးကျတိုက်စစ်မှူးတွေကိုပဲ လူတွေမှတ်မိတာ..” ဒါက တော့ ဦးလေးရဲ့ ပြောစကား..။



လီဗယ်လ်လွားမှာကစားနေရင်း ကျောင်းမှာလည်းအရေးကြီးတဲ့အတန်းကို ရောက် လာပါပြီ..။ ကျောင်းကကျွန်တော့်ကိုခေါ်ပြောပါတယ်..။ ဘောလုံးမှာ အရမ်းအာရုံစိုက်နေရင် အမှတ်ကောင်းကောင်းရဖို့ ခက်လိမ့်မယ်တဲ့..။ အခုအတန်းကပြင်သစ်လို “လီးဆီး” လို့ ခေါ်ပြီး အရေးကြီးပါတယ်..။ ရှေ့လျှောက်ဘဝလမ်းမှာ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့အလုပ်စတာ တွေကို လျှောက်လွှာတစ်ခုနဲ့ဲဖြည့်ပြီး ကျောင်းကိုပြန်တင်ရပါတယ်.။ အဲဒီလိုပြန်တင်တဲ့လျှောက် လွှာမှာ ကိုယ့်မိဘရဲ့သဘောတူလက်မှတ်ပါရတယ်..။ အဲဒီမှာဖော်ပြထာတဲ့ ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ၊ ဖြစ်နိုင်မယ့်လမ်းကြောင်းပေါ်ကြည့်ပြီး ဘယ်လိုဘာသာရပ်တွေကို ဆက်လက် လေ့လာသင့် လဲစတာတွေကို ကျောင်းကအကြံဉာဏ်ပေး၊ လမ်းကြောင်းပေး၊ ရွေးချယ်ပေးပါတယ်…။ ကျွန်တော် ကတော့ လျှောက်လွှာဖြည့်တာခပ်တိုတိုပါပဲ “ဘောလုံးသမား” လို့ဖြည့်ပြီး အဖေ့ကိုလက်မှတ်ထိုးဖို့ ပေးလိုက်တယ်..။ အဖေကကျွန်တော်ဖြည့်ထားတာ တစ်ချက်ကြည့်ပါတယ်..။ ဘာမှဆက်မပြောပဲ စာရွက်ကိုဆုတ်ဖြဲပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်..။

ခဏလေးနေမှ “အဲဒီလိုဖြည့်ထားရင် ငါလက်မှတ်မထိုးပေးနိုင်ဘူး”..။ ကျွန်တော် ဆက်မငြင်း တော့ပါဘူး။ “မင်းတစ်ကယ်ဘာဖြစ်ချင်လဲဆိုတာ သေသေချာချာ ပြန်စဉ်းစားပြီးမှ ငါ့ဆီ ပြန်လာခဲ့..  အဲတော့မှ ငါလက်မှတ်ထိုးပေးမယ်..။”

နောက်တစ်နေ့ ကျွန်တော်စာရွက်တစ်ရွက်ထပ်ဖြည့်ပြီး သူ့ကိုပြတယ်..”မုန့်ဖုတ်သမား (Boulanger)”

“ဟေ့ကောင်.. ဒါနောက်စရာ မဟုတ်ဘူးကွ..” အဖေက ခပ်ထန်ထန်ပြောပါတယ်..။

နောက်ဆုံးအဖေနဲ့လည်း အဆင်ပြေနိုင်မယ့်အလုပ်တစ်ခုကို ကျွန်တော်ရွေးပြီးဖြည့်ပေးလိုက်ပါ တယ်..။ ဘယ်လိုရေးပေးလိုက်လဲ ပြန်စဉ်းစားကြည့်တာ ဒီနေ့ထိ မမှတ်မိပါဘူး။ အဖေ လက်မှတ်တော့ ထိုးပေးလိုက်ပါတယ်…။ ဒါပေမယ့်ကိုယ့်ရင်ထဲမှာဘာရှိလဲဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ သေသေချာချာသိပါတယ်..။ သူတို့ဘယ်လိုပဲတားတား ကျွန်တော်အဖြစ်ချင်ဆုံးက “ဘောလုံး သမား” ပါ.. ဘယ်တော့မှမပြောင်းလဲပါဘူး..။

  

ဒါပေမယ့်အဖေစိတ်ချမ်းသာစေဖို့အတွက် ကျွန်တော်ကျောင်းဆက်တက် ရပါဦး မယ်။ စာရင်းကိုင်သင်တန်းတစ်ခုကို ဝင်ခွင့်လျှောက်လိုက်ပါတယ်။ ဘာလို့စာရင်းကိုင် သင်တန်းကို လျှောက်လိုက်သလဲဆိုတာ အခုထိအဖေ့ကိုမပြောပြပါဘူး..။ ဒါပေမယ့် ဒီသင်တန်းကိုအောင်မြင် လိုက်ခြင်းဟာ နောင်တစ်ချိန်မှာကျွန်တော့်အတွက်အကျိုးရှိလာတာကြောင့် အဖေရဲ့တွန်းအား ပေးမှုဟာ မှန်ကန်တယ်ဆိုရမှာပါပဲ..။

လီဗယ်လ်လွားမှာကစားနေရင်း နောက်ထပ်အခက်အခဲကြုံရလာတာက ကျွန်တော်တို့ မိသားစုပါရီမြို့တောင်ဘက်အခြမ်းမှာရှိတဲ့ “အန်တွန်နီ” အရပ်ကို ပြောင်းတဲ့အချိန်မှာပါ..။ ဒီတစ်ခါဌားတဲ့အခန်းက အရင်ထက်ပိုကျယ်ပါတယ်..။ နေရ၊ ထိုင်ရတာ ပိုအဆင်ပြေလာပေမယ့် ကျွန်တော့်အတွက်တော့လေ့ကျင့်ခန်းဆင်းဖို့ ပါရီမြို့ကြီးကိုဖြတ်ပြီး အကြာကြီးခရီးသွားရမယ့် အခက်အခဲရှိလာပါတယ်…။ ဒါ့ကြောင့်ကျွန်တော့်မှာ တစ်ပါတ်တစ်ခါတောင် အတော်လေးကြိုးစား ပမ်းစားသွားရပါတယ်..။ ဒီလို ဘောလုံးလေ့ကျင့်ခန်းဆင်းတဲ့နေ့ဆိုရင် အိမ်ကိုပြန်ရောက်တဲ့ အစောဆုံးအချိန်ဟာ မနက် (၂) နာရီပါ..၊ ခဏအိပ်.. ပြီးရင် မနက်စောစော ပြန်ထ.. (၆း၃၀) အမှီ ကျောင်းသွားဖို့ ပြင်ရပါပြီ..။

တစ်ခါတစ်လေ စာတွေအရမ်းများတဲ့အချိန်၊ စာမေးပွဲရလဒ်တွေ မကောင်းတဲ့အချိန်မျိုးဆိုရင် ဘောလုံးတောင်သွားပြီးမကန်နိုင်တော့ပါဘူး..။ ဒါပေမယ့် တစ်ခုကံ ကောင်းတာက ဂျူနီယာအသင်းနည်းပြ ခရစ္စတီယန် ပေါ်နင်ဟာ ကျွန်တော့်ရဲ့ အခက်အခဲတွေကို နားလည်ပေးပြီး ဖေးမကူညီပေးတာပါပဲ..။ တစ်ခါတစ်လေ သူနေတဲ့အဝေးကြီးကလာ..၊ ဘူတာမှာ စောင့်ပြီး ကားနဲ့ကျွန်တော့်ကိုလာခေါ်ပါတယ်။ လေ့ကျင့်ခန်းပြီးရင်လည်း နောက်ဆုံးရထားမမှီမှာ စိုးလို့ သူ့ကားနဲ့ပဲဘူတာအထိ ပြန်ပို့ပေးပါတယ်..။ ကျွန်တော့်ကိုသူအတော်လေး မျှော်လင့်ထားပုံ ရပါတယ်..။ ကျွန်တော့်ရဲ့အခက်အခဲတွေ ကူညီဖို့သူဘယ်လိုဒုက္ခခံခဲ့တာတွေကို အမြဲတမ်း သတိရနေမှာပါ…။