လီဗယ်လ်လွားမှာ ကစားလာရင်း တစ်ဆင့်ပြီးတစ်ဆင့်နဲ့ လူငယ်အသင်းကြီး (အသက် ၁၇ နှစ်အောက်) ကို ကျွန်တော်ရောက်လာပါတယ်…။ နည်းပြက ယူဂိုဆလားဗီယားနိုင်ငံ၊ ရက်ဒ်စတား ဘဲလ်ဂရိတ် (ဘဲလ်ဂရိတ် ကြယ်နီ) အသင်း တိုက်စစ်မှူးဟောင်းဘရန်ကို ရက်ပ်စစ်ဖြစ်ပါတယ်..။ သူ့ကိုအမှတ်ရမိတဲ့အချက်က သူ့ရဲ့လေ့ကျင့်ခန်းတွေ အလွန်ပြင်းထန်ခြင်းပါပဲ။ ဒါပေမယ့် ဂျူနီယာအသင်းနည်းးပြ ခရစ္ခတီယန် ပေါ်နင်နည်းတူ ကျွန်တော့်အပေါ်မှာ ကျေးဇူးတွေရှိပါတယ်.။ သူ့ဆီကနေ ဂိုးရှေ့ရောက်ရင်ဘယ်လိုလှုပ်ရှားမှုတွေလုပ်ရသလဲ၊ ဘယ်လိုကြိုးကြိုးစားစား လေ့ကျင့်ရသလဲ၊ နာမည်ကျော် ကစားသမားတွေဆီကနေ ဘယ်လိုအတုယူရသလဲဆိုတဲ့ သင်ခန်း စာတွေ (ကျွန်တော်တို့ကို ဗွီဒီယို သင်ခန်းစာတွေ နေ့တိုင်း ပြပါတယ်) ရပါတယ်..။ နောက်ပြီး လူငယ်ကစားသမားလေးတွေကို ရည်မှန်းချက်ကြီးကြီးထားဖို့ အမြဲတမ်းသွန်သင်ပါတယ်..။ ဘဝမှာ အခွင့်အရေးဆိုတာ များများစားစားမရတတ်ကြောင်း၊ ရတဲ့အခွင့်အရေးကို ကိုယ့်ဘဝတက်လမ်း အတွက် မလွတ်တမ်းအသုံးချရမှာဖြစ်ကြောင်းစသဖြင့် ဆုံးမတတ်ပါတယ်.။ သူနဲ့ခရစ္ခတီယန် ပေါ်နင်တို့ကို ဆုံစည်းခွင့်ရခဲ့တာ ကျွန်တော့်အတွက် အင်မတန်ကံကောင်းခဲ့တယ်လို့ဆိုရမှာပါ..။
ဒီလိုနဲ့ကျွန်တော်ဟာ အခုလက်ရှိအနေအထားထက်ပိုပြီး အဆင်မြင့်တဲ့နေရာတွေရောက်အောင် တက်လှမ်းနိုင်ဖို့အခွင့်အရေး ရှာဖွေလိုစိတ်တွေ ဖြစ်ပေါ်လာပါတယ်..။ လီဗယ်လ်လွားမှာ အဆင်ပြေနေပေမယ့် အသင်းဟာအချိန်ပိုင်းကစားတဲ့ အပျော်တမ်းကစားသမားအများစုနဲ့ ဖွဲ့ထားတာဖြစ်တဲ့အပြင် ကစားနေတဲ့ပြိုင်ပွဲကလည်း ပြင်သစ်မှာအဆင့်အနိမ့်ဆုံး..၊ National 2 ဆိုတော့ စတုတ္တတန်းလို့ပဲခေါ်ရမယ်ထင်ပါတယ်..။ အဲဒီအချိန်မှာ နောင်တစ်ချိန်ကျွန်တော့်ဇနီး ဖြစ်လာမယ့် လယ်လာနဲ့လည်းတွေ့နေပါပြီ်…။ ဘောလုံးလောကမှာ ဒီထက်ပိုပြီးအဆင့်မြင့်မြင့် ထွန်းပေါက်ဖို့ဆိုတဲ့ ကျွန်တော့်ရဲ့စိတ်ဆန္ဒတွေကို သူလည်းအရမ်းအားပေးပါတယ်..။ ကျွန်တော့်ရဲ့ဘဝတစ်လျှောက်လုံးမှာ သူမရဲ့ပံ့ပိုးမှုဟာ အင်မတန်အရးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။ သူမရဲ့အဆုံးမရှိတဲ့မေတ္ကာတွေ၊ ကူညီပံ့ပိုးမှုုတွေမပါပဲနဲ့ ကျွန်တော် အခုရနေတဲ့ အရာတွေကိုရရှိမှာ မဟုတ်ပါဘူး..။
အဲဒါနဲ့ပြင်သစ်မှာရှိတဲ့ လီဂူး ၁၊ အဆင့်မြင့်တန်းအသင်းတိုင်းဆီကို ကျွန်တော့်ရဲ့ ကိုယ်ရေးအလုပ်လျှောက်လွှာတွေ လှမ်းပို့ပါတယ်..။ တစ်သင်းသင်းကများ စမ်းသပ်ကစားခွင့် ပေးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါ..။ အများစုကစာပြန်ဖို့တောင် စိတ်မဝင်စားကြပါဘူး..။ တစ်ချို့အသင်းကတော့ “No” လို့ အကြောင်းပြန်ပါတယ်..။ ဒီလိုအနေအထားမျိုးကို တော်ရုံလူ စိတ်ပျက်သွားနိုင်ပါပေမယ့် ကျွန်တော်ကတော့ လက်လျော့လိုက်ဖို့ လုံးဝစိတ်ကူးမရှိပါဘူး..။
(၁၈) နှစ်ပြည့်ပြီး မကြာခင်.. တစ်နှေ့မှာ ဦးလေးက သတင်းတစ်ခုလာပေးပါတယ်..။ သူ့ရဲ့အဆက်အသွယ်တွေကနေတဆင့် ရန်းန်အသင်းက စမ်းသပ်ကစားခွင့်ပေးမယ်တဲ့..။ ရန်းန်အသင်းဟာ ပြင်သစ်ရဲ့ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး နာမည်ကျော်ကစားသမားတစ်ချို့ မွေး ထုတ်ပေးခဲ့သလို သူတို့ရဲ့လူငယ်အကယ်ဒမီကလည်း နာမည်ကျော်ပါတယ်..။ အဲဒီအခွင့်အရေးအတွက် ကျွန်တော်စိတ်အရမ်း လှုပ်ရှားခဲ့ရပါတယ်.။ နည်းပြ ဂျပ်ကေး လွန်ကာ အပါအဝင် ဘယ်သူ့ကိုမှ ကြိုတင်မပြောပဲ တိတ်တိတ်လေးသွားလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…။ လေ့ကျင့်ခန်း ဒုတိယနေ့မှာ ခြေစမ်းလေ့ကျင့်နေတဲ့ (၂၃) ယောက်ထဲက ကျွန်တော်နဲ့နောက်တစ်ယောက်ကို နောက်ဆုံးဆန်ကာတင်နှစ်ယောက်အဖြစ် သူတို့ရွေးထုတ်လိုက်ပါတယ်.။ ကျွန်တော့်အိပ်မက်နဲ့ လက်တစ်ကမ်းအကွာ ရောက်လာခဲ့ပါပြီ.။ တတိယနေ့မှာဆိုရင် သူတို့အသင်းကြီးနဲ့အတူ လေ့ကျင့် ခွင့်တောင်ရခဲ့ပါပြီ..။ အဲဒီအထဲမှာ ရန်းန်အသင်း အကယ်ဒမီခြံပေါက် နာမည်ကျော်ကစားသမား ဆီလ်ဗီယန် ဝီးလ်တော့ဒ်လည်းပါပါတယ်..။ သူဘေးနားမှာလေ့ကျင့်ရင်း အပျော်လွန်နေခဲ့တာ အခုထိမှတ်မိ နေပါသေးတယ်..။
ဒါပေမယ့်ကျွန်တော်ရဲ့ပီတိတွေဟာ သိပ်ကြာကြာမခံလိုက်ပါဘူး..။ ရန်းန်အသင်း တာဝန်ရှိသူတစ်ဦးက လီဗယ်လ်လွားကို အကြောင်းလှမ်းကြားပြီး ကျွန်တော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မေးပါတယ်..။ လေ့ကျင့်ခန်းပြီးလို့ အိမ်လည်းပြန်ရောက်ရော ကျွန်တော့်ရဲ့မဟာလျို့ဝှက်ချက်ကြီး ပေါက်ကြားသွားပြီဖြစ်လို့ အိပ်မက်တွေဟာလည်း မြောင်းထဲရောက်သွားရပါပြီ…။ သူတို့ဆက်သွယ်လာချိန်မှာ နည်းပြလွန်ကာက ကျွန်တော့်ကို ဘယ်မှပေးမသွားဘူးဆိုပြီး ငြင်းဆန်လိုက်တာဖြစ်ပါတယ်..။ ဒီထက်ဆိုးတာက နောက်ရက်သူနဲ့ပြန်တွေ့တဲ့အချိန်မှာ အဲဒီလို ခိုးကြောင်ခိုးဝှက်လုပ်သွားတဲ့ ကျွန်တော့်ရဲ့လုပ်ရပ်ကို သဘောမကျကြောင်း ပြောပါတယ်။ ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး နားလည်အောင်ရှင်းပြဖို့ကလွဲပြီး ဘာမှမတတ်နိုင်ဘူး..။ အသက် (၁၉) နှစ်ရှိနေပြီ ဖြစ်တဲ့ကျွန်တော် ပြင်သစ်ရဲ့အနိမ့်ဆုံးစတုတ္တတန်းအဆင့်မှာ ရုန်းကန်နေရချိန် ကျွန်တော်နဲ့ ခေတ်ပြိုင်ဒေးဗစ် ထရာဇီဂေး၊ သီယာရီ အွန်နရီတို့က အများကြီးရှေ့မှာ ပြေးနှင့်နေပါပြီ..။
နောက်ဆုံးတော့ နည်းပြဆရာလွန်ကာ စိတ်ပြေသွားပြီး နောက်ထပ်အသင်း တစ်သင်း နဲ့ ခြေစမ်းခွင့်ရအောင် သူကူညီမယ်လို့ပြောပါတယ်..။ ဆရာဟာသူပြောထားတဲ့ ကတိအတိုင်း ဘရစ်တ္ကနီက ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဂွမ်အောင်းန်မှာစမ်းသပ်လေ့ကျင့်မှုခံဖို့ စေလွှတ် ပေးပါတယ်..။ ပထမနေ့လေ့ကျင့်ရာမှာ အစစ၊အရာရာ အဆင်ပြေပါတယ်..။ ဒါပေမယ့် ဒုတိယနေ့ ပထမအသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းချိန်မှာ ကံဆိုးစွာနဲ့ပဲ ခြေချောင်းအဆစ်ရိုးထိခိုက်မိပြီး ဆက်မကစားနိုင်တော့ပါဘူး..။ ကိုယ့်ရဲ့ကံတရားကို မယုံနိုင်အောင်ဖြစ်မိပြီး စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ခဲ့ရပါတော့တယ်..။ ထော့နင်း.. ထော့နင်းနဲ့ လမ်းလျှောက်နေရင်း ဒီလိုအခွင့်အရေးကြီးကို လက်လွှတ်ခဲ့ရလို့ ကံတရားက နောက်ထပ်တစ်ကြိမ် ကိုယ့်ဘက်ကို ဖေးမဦးပါ့မလားလို့ တွေးတောရင်း စိတ်ဓါတ်ပါကျနေခဲ့ပါတယ်…။
အဲဒီလိုနှစ်ကြိမ်တိုင်တိုင်ကျရှုံးခဲ့တာကြောင့် စိတ်ဓါတ်ကျပေမယ့် တစ်နေ့နေ့ကျ ဖြစ်ကို ဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက် တစ်စက်မှလျော့ပါး မသွားတာ ထူးခြားတယ်ဆိုရမှာပါ..။ အဲဒီယုံကြည်ချက်ကြောင့်ပဲလား..၊ ဘုရားသခင်ကမစတာပဲလား မပြောတတ်ပါဘူး… မမျှော်လင့်ထားပဲ ပါရီ စိန့်ဂျာမိန်း ဂျူနီယာအသင်းနည်းပြ ဒေါမနစ်ခ် လီကလဲရားဆီက ဖုန်းရပါတယ်..။ သူတို့ရဲ့ ဒီလော့ဂျ် လေ့ကျင့်ကွင်းကိုလာကြည့်ဖို့ စိတ်ဝင်စားလားဆိုပြီး ဖိတ်တာပါ။ ဒါဟာအတော်ကြီးကျယ်တဲ့ အခွင့်အရေးပါ..။ အခုအချိန်မှာ ခြေချောင်းအဆစ်ရိုးကျိုးဒဏ်ရာ ရထားတဲ့အကြောင်း သူ့ကိုရှင်းပြပါတယ်..။ ဒါပေမယ့်သူတို့နောက်မဆုတ်ပါဘူး..။ သူတို့ဘက်က ဆေးစစ်တာကိုလည်း ဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်း၊ တစ်ကယ်လို့ဆေးစစ်အောင်မြင်ပြီး နှစ်လအတွင်း ပြန်ကစားနိုင်ဖို့ သေချာမယ်ဆိုရင် စာချုပ်ချုပ်ဖို့အသင့်ပဲ ဆိုတဲ့အကြောင်း ဖြေကြားပါတယ်..။ ဒီလိုနဲ့ ပါရီ မြို့တော်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒီလော့ဂျ် လေ့ကျင့်ရေးကွင်းကို ရောက်သွားပါတယ်..။
ကျွန်တော့်အတွက် တခြားကမ္ဘာကိုရောက်သွားတဲ့အတိုင်းထင်မိပါတယ်..။ ဒီလိုကြီးမားတဲ့ကွင်း၊ ခမ်းနားလှတဲ့ လေ့ကျင့်ရေးပစ္စည်းကိရိယာတွေ၊ ပြန်ပြူးညီညာနေတဲ့ အဆင့်မြင့် မြက်ခင်းစိမ်းတွေ.. ဒါတွေအပေါ်ကျွန်တော်လေ့ကျင့်ကစားခွင့်ရတော့မှာလား?? တစ်ကယ်တော့ ကျွန်တော်ဟာ ပီအက်စ်ဂျီနဲ့ ကမ္ဘာ့ရန် မာဆေးလ်အသင်းကို အမာခံ အားပေးနေတဲ့သူတစ်ယောက်ပါ..။ ဒါပေမယ့် အခုလိုသမိုင်းလည်းရှိ.. ပြင်သစ်ရဲ့တစ်ကယ့် အဆင့်အမြင့်ဆုံး အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တော့မယ်ဆိုတဲ့အခါ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး..။
သူတို့အစည်းအဝေးခန်းမထဲ ကျွန်တော့်ကိုခေါ်သွားပါတယ်..။ တစ်ဘက်စားပွဲထိပ်မှာ အသင်းတာဝန်ရှိပုဂ္ဂိုလ်တစ်ချို့ ထိုင်နေတယ်..။ “ရော့.. ဒီမှာ.. ငါတို့အသင်းက ကမ်းလှမ်းမယ့် စာချုပ်..၊ ဖတ်ကြည့်ပါဦး..။” ဒီကို ကျွန်တော်တစ်ယောက်တည်း လာခဲ့တာကြောင့် တိုင်ပင်စရာ ဘယ်သူမှ ပါမလာပါဘူး..။ အဲဒီအချိန်က ကျွန်တော့်ကိုအကြံပေးနိုင်မယ့် ဘောလုံးအေးဂျင့်လည်း မထားနိုင်သေးပါ..။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ဒီလိုစာချုပ်မျိုးကို အခုမှပထမဆုံး မြင်ဖူးတာမို့ သူတို့ရှင်းပြတဲ့ အသေးစိတ်အချက်အလက်၊ ကမ်းလှမ်းမှုတစ်ချို့ကိုကြားရတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်ရပါတယ်..။
ဘာပြန်ပြောရမှန်းမသိခင်မှာပဲ စာချုပ်ကိုစားပွဲတစ်လျှောက် လျှောပေးလိုက်ပြီး “ဒါက ငါတို့အသင်းဘက်က ကမ်းလှမ်းမှုတွေပဲ” လို့ သူတို့ထဲကတစ်ယောက် က ခပ်တိုတိုပြောပါတယ်..။ ကျွန်တော်ဟာ ပညာသင်ကစားသမားအဖြစ်ပဲ ရှိနေဦးမှာပါ..။ ဒါပေမယ့် တစ်လကို ပြင်သစ်ငွေ(၇,၀၀၀) (ပေါင် ၇၀၀) ဆိုတာ အဲဒီအချိန်က ကျွန်တော့်အတွက် အရမ်းများတဲ့ ပမာဏပါပဲ..။ ဘုရားရေ.. ၇၀၀၀!!!။ ဒါ့အပြင် အကောင်းစားနိုက်ကီ ဘောလုံးကန် ဖိနပ်တစ်စုံ..!!! ကျွန်တော့်အတွက် သိပ်ကိုကောင်းနေပြီ..။ “မင်းအတွက် ကိုယ်ပိုင်ကားတစ်စင်း လည်း အသင်းက ပေးထားဦးမယ်.. အိုပယ်လ် တီဂရာ ဆလွန်းကားပါ။ ဒါကစာချုပ်ရဲ့ အထူးအခွင့်အရေးပေါ့..။ သေချာစဉ်းစားပါ.. ငါတို့ဒီနှစ်မှာ ပညာသင်ကစားသမားနှစ်ယောက်ပဲရွေးဖို့ ဆုံးဖြတ် ထားတယ်။”.. လို့ ဆက်ပြီးပြောပါတယ်.။ WoW!!! အိပ်မက်များမက်နေသလားထင်မိပါတယ်..။ မယုံနိုင်စရာပါပဲ။
စာချုပ်မှာ ကျွန်တော်လက်မှတ်ထိုးတော့ပါမယ်..။ အဲဒီအချိန်လေးမှာပဲ သူတို့ထဲက တစ်ယောက်က “တစ်ခုတော့ စောစောစီးစီးရှင်းအောင် ပြောထားဦးမယ်..။ စာချုပ်ကတစ်နှစ်စာ ချုပ်ပဲ..။ ဒီကာလအတွင်း ကစားပုံကောင်းရင် မင်းကိုအသင်းမှာဆက်ထားမယ်..၊ ငါတို့စိတ်တိုင်းမကျရင်တော့ ရာသီကုန်မှာထွက်တော့..။ ကစားနေရင်းနဲ့ ဒဏ်ရာရခဲ့မယ်ဆိုရင် အသင်းမှာ ဆက်ရှိ၊ မရှိ အာမမခံနိုင်ဘူး..။ ငါးမိနစ်လောက်မင်းစဉ်းစားပါဦး..။ ခဏနေငါတို့ပြန်လာခဲ့မယ်..။” ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ပြီး သူတို့အကုန်ထွက်သွားပါတယ်။
ရုတ်ခြည်းဆိုသလို ကျွန်တော့်မှာ ဆုံးဖြတ်ရအရမ်းခက်သွားပါတယ်။ ဒီလိုအနေအထားတွေရှိတယ်ဆိုတာ သိလည်းမသိ၊ ကြားလည်း မကြားထားဖူးပါဘူး။ စတုတ္တတန်းက အပျော်တမ်းဘောလုံးသမားလေးအတွက် ဒါဟာတစ်ကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲပါပဲ..။ တစ်နှစ်အတွင်းသူတို့မှန်းထားသလောက် ခြေစွမ်းမပြနိုင်ရင် ကျွန်တော်ခွေးဖြစ်ပါမယ်..။ အားလုံးသုညက ပြန်စရလိမ့်မယ်..။ ဘာအာမခံချက်မှမရှိပါဘူး..။ ဒါကိုတွေးမိတော့ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိတော့ပါ..။