feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (Chelsea Verdict)

တနင်္လာနေ့က Sky sports ရုပ်သံတွင် တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်အတွင်း လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က လက်ရှိချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပြောင်းလဲရန် လိုအပ်သည့် အခြေအနေများအပေါ် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။


(၁)

#ဒေးဗစ်_ဂျုံးစ် - ဂယ်ရီ ရေ… ချယ်လ်ဆီးအသင်းဟာ ဖရန့် လမ်းပတ် ရဲ့လက်ထဲ ရောက်လာတာ အခုဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲ ရှိသွားပြီပေါ့..၊ ဂယ်ရီ ရေ.. အခုလက်ရှိ ဖရန့် ကိုင်တွယ်နေတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အသင်းဟာ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲနေလား..? ဒါမှမဟုတ် အဆိုးဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရသလား..? ခင်ဗျားဘယ်လို မြင်မိလဲ..?


#ဂယ်ရီ_နဗီးလ် - အခုအချိန်က သိပ်ကိုစောလွန်းနေပါသေးတယ်..။ ပြီးတော့ မန် ယူနိုက်တက်..၊ စူပါဖလားမှာ လီဗာပူးလ်နဲ့.. လက်စ်တာ ကလည်း မာကျောတဲ့ အသင်းတစ်သင်းပါ..၊ ဒါ့ကြောင့်ခက်ခဲတဲ့ အဖွင့်ရက်သတ္တပါတ်လို့ ပြောရမှာပါပဲ..။ အခုကန်သွားတဲ့ ပွဲစဉ်နှစ်ပွဲကို ကြည့်လိုက်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းတွေမှာ ကစားပုံပိုပြီးကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်.။ တကယ်တော့ ဖရန့် ဟာ အရင်နည်းပြတွေ သွတ်သွင်းခဲ့တဲ့ပုံစံနဲ့ လုံးဝကွဲပြားခြားနားတဲ့ ပုံစံတစ်ခုကို သွတ်သွင်းနေတာပါ..။


ဖရန့် မတိုင်ခင် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်သွားခဲ့တဲ့ နည်းပြသုံးယောက်ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို၊ ကွန်တီ နဲ့ ဆာရီ တို့ဟာ အသင်းကို သူတို့လိုချင်တဲ့ပုံစံ တစ်ခုထဲကို ရိုက်သွင်းခဲ့တာ… တစ်လမ်းသွား.. (rigid approach) ဆန်တယ်ပေါ့..။ ကွန်တီ ဆိုရင် အသင်းရဲ့တိုက်စစ်၊ ခံစစ်ဆင်တဲ့ အနေအထားတွေဟာ ပွဲတိုင်းလိုလို တစ်ပုံစံထဲပါပဲ..၊ ဆာရီ ဆိုရင်လည်း လူစားလဲတာကအစ ပုံစံတစ်မျိုးတည်းပဲ အသားသေအောင် ရိုက်သွင်းခဲ့တာကြောင့် အားလုံးက ဝိုင်းပြီးဝေဖန်ခဲ့ကြတာပဲလေ..။ ဟိုဆေး ကတော့ အမြဲတမ်းမာကျော ကျစ်လစ်တဲ့ (compact) အသင်းတစ်သင်း ဖြစ်လာအောင် ပုံသွင်းလေ့ရှိပါတယ်…။ အရင်တစ်ပါတ်က ကျွန်တော်တို့ စတူဒီယိုထဲမှာတောင် ‘compact’ ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါထပ်ခါ ပြောသွားခဲ့တာ သတိပြုမိကြမှာပါ…။




အခုဖရန့် သွားချင်နေတဲ့ပုံစံက တိုက်စစ်အသားပေးမယ်..၊ ပြောင်းလွယ်ပြင်လွယ်ရှိမယ်..၊ ညက်ညောမယ်..၊ အခုထိတော့ ကျွန်တော်မြင်ဖူးသမျှ ချယ်လ်ဆီးအသင်းတွေထဲ တစ်ဖက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ ဖိအားပေး ကစားမှု အပြုလုပ်ဆုံး အသင်းလို့ ပြောလို့ရပါတယ်..။ မနေ့ကပွဲမှာ မေဆန် မောင့် သွင်းယူသွားခဲ့တဲ့ အဖွင့်ဂိုးဟာလည်း အဲဒီလို high press ဖိအားပေး ကစားပုံကြောင့် ရရှိခဲ့တာပါ..။ ဒါပေမယ့် သူ့ရဲ့ကစားဟန်မှာ စဉ်းစားရမယ့် အချက်တွေ ရှိနေပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ - ၁) မှာ ကန်သွားခဲ့တဲ့ နှစ်ပွဲရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် ကွာခြားချက်ကို ပြသထားပါတယ်..။ သွင်းဂိုးတစ်ဂိုးသာ ရရှိထားပေမယ့် တကယ်တမ်း နှစ်ပွဲစလုံးမှာ ပထမပိုင်းမှာတင် သုံးဂိုးစီလောက် ရနိုင်ခြေရှိခဲ့ပါတယ်.။ ပေးဂိုးအနေနဲ့ ပထမပိုင်းမှာ (၁) ဂိုးသာ ပေးထားရပေမယ့် ဒုတိယပိုင်းမှာ ပေးဂိုးလေးဂိုး ခွင့်ပြုခဲ့ရပါတယ်..။


သတိထားရမယ့် အချက်အလက်တွေထဲမှာ ဖျက်ထုတ်မှု (tackles) အရေအတွက် စုစုပေါင်းပေါ့..၊ နှစ်ပွဲပေါင်း ပထမပိုင်းမှာ (၂၈) ကြိမ် ဖျက်ထုတ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ (၁၈) ကြိမ်အထိ ကျဆင်းခဲ့ပါတယ်..။ ဒါဟာကြံ့ခိုင်မှုပိုင်း ကျဆင်းသွားခြင်းကြောင့် ဖြစ်ရတယ်လို့ ယူဆနိုင်ပေမယ့် ဒုတိယပိုင်းမှာ ပထမပိုင်းထက် (၄၀%) ရာခိုင်နှုန်းလောက် ဖျက်ထုတ်နိုင်မှု လျော့ကျသွားခဲ့ခြင်းဟာ အားနည်းချက် တစ်ခုခု ရှိနေပါပြီလို့ ညွှန်ပြနေခြင်းပါ..။ ဂိုးကန်သွင်းခံရနှုန်း (shot faced) ပထမပိုင်းမှာ (၆) ကြိမ်သာ ခွင့်ပြုခဲ့ရပေမယ့် ဒုတိယပိုင်းမှာ (၁၇) ကြိမ်..၊ သုံးဆလောက် ပိုပြီးခွင့်ပြုလိုက်ရတယ်..၊ ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်တည့်တဲ့ ကန်ချက် (shot on target faced) မှာလည်း ပထမပိုင်းမှာ (၂) ကြိမ်ကနေ ဒုတိယပိုင်း (၆) ကြိမ်ဆိုတော့ သုံးဆပါပဲ..။ နောက်ပြီးဒုတိယပိုင်းတွေမှာ ပထမပိုင်းကလောက် သူများကွင်းဘက်မှာ ဘောလုံးအရမယူနိုင်တော့ဘူးဗျ..။

့လက်ရှိအချိန်ှမှာ ဖရန့် အနေနဲ့ သူ့ရဲ့အသင်းကို ဘယ်လိုပုံစံမျိုး ကစားစေချင်တယ်ဆိုတာ ပေါ်လွင်နေပါပြီ..။ သူကအဲဒီကစားပုံအတိုင်း မိနစ် (၉၀) အပြည့် ကစားချင်နေပါတယ်..။ ဒါပေမယ့် အခုလောလောဆယ်မှာ ကစားသမားတွေဟာ သူလိုချင်တဲ့အတိုင်း စွမ်းဆောင်မပြနိုင်ခဲ့သေးဘူးဗျ..။ ပထမပိုင်းမှာ သူလိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းတွေကျရင် ကစားပုံ သိသိသာသာကြီး ကျဆင်းသွားပါတယ်..။ အခုအချိန်က စောပါသေးတယ်..။ ဒါပေမယ့် ဖရန့် အနေနဲ့ သူ့ရဲ့အသင်း အခြေအနေကို ပြန်ပြီးသုံးသပ်တဲ့အခါ အဲဒီအချက်တွေကို သေသေချာချာ ထည့်သွင်းစဉ်းစားဖို့တော့ လိုအပ်ပါလိမ့်မယ်..။



(၂)

#ဒေးဗစ်_ဂျုံးစ် - ဟုတ်ကဲ့ပါ.. ခင်ဗျားပြောတဲ့အချက်တွေကို ဖရန့် လည်း သတိထားမိလိမ့်မယ်လို့ ထင်ပါတယ်..။ ဂျေမီ ရေ… အခုပြီးခဲ့တဲ့နှစ်ပွဲမှာ ဒုတိယပိုင်း ကစားပုံတွေကိုကြည့်ပြီး ဖရန့် အနေနဲ့ ဘယ်အရာတွေက သတိထားပြီး ပြင်ဆင်ဖို့ လိုအပ်မယ်လို့ ထင်မိလဲဗျ..?




#ဂျေမီ_ကာရေဂါ - မနေ့ကပွဲကိုကြည့်ရင်း ‘ဘတ်စ်ကတ်ဘောပွဲနဲ့များ မှားပြီးကြည့်မိနေသလား’ ဆိုပြီး ကျွန်တော်ပြောမိလိုက်ပါသေးတယ်..။ ဖရန့် သွတ်သွင်းချင်တဲ့ ကစားဟန်နဲ့ ပတ်သက်လို့ကတော့ ခုနက ဂယ်ရီ လည်း ပြောသွားပြီးပါပြီ..။ ကျွန်တော်ကတော့ တစ်ဖက်အသင်းက တန်ပြန်တိုက်စစ်ဆင်ရင် လွယ်လွယ်ကူကူနဲ့ ပေါက်ထွက်သွားတဲ့အချက်ကို ပထမဆုံး ပြောချင်ပါတယ်..။ ဘာကြောင့် အဲဒီလိုဖြစ်ရလဲ..? အသင်းလိုက် စုစည်းမှု (organization) လုံးဝမရှိလို့ဗျ..။ ပြီးခဲ့တဲ့ ဒီနှစ်ပွဲစလုံးကိုကြည့်လိုက်မယ်ဆိုရင် အရမ်းကိုထင်ရှားတဲ့ လစ်ဟာချက်က အခုပုံ (ပုံ - ၂) မှာ ပြထားတဲ့ ကွင်းလယ်က ကိုက် (၄၀) ပတ်လည်လောက် ရှိနေတဲ့ ကွက်လပ်ကြီးတွေ (spaces) ပေါ်နေခြင်းပါပဲ..။


နောက်ပြီးဖရန့် က နောက်ခံအစွန်လူတွေ (full backs) ကို တိုက်စစ်မှာ အစွမ်းကုန် လိုက်ပါစေချင်တယ်..၊ အဲဒီမှာ အက်ဇ်ပီလီကွဲတား ရဲ့ နေရာယူပုံနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းမှာ သူဟာ အတွေ့အကြုံအများဆုံး ကစားသမား တစ်ယောက်ပါ..။ ဖရန့် က သူ့ကိုတိုက်စစ်မှာ အစွမ်းကုန် လိုက်ပါခိုင်းတယ်..၊ ပြသနာမရှိပါဘူး..။ ဒါပေမယ့် သူအနေနဲ့ တိုက်စစ်ဆင်တိုင်း ဟိုးထိပ်ဆုံးကို အမြဲတမ်း ပြေးတက်နေစရာ မလိုဘူးလေဗျာ..။ အဲဒါနဲ့ပဲ သူ့ရဲ့နောက်ကနေပဲ တန်ပြန်တိုက်စစ် တောက်လျှောက် ပြန်ပြီး အဖောက်ခံနေရတာ ပွဲတိုင်းပါပဲ..။



မနေ့ကပွဲမှာလည်း သူတို့ဟာ တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကြောင့် အတော်လေး အခက်တွေ့ခဲ့ရပါတယ်..။ ဒါကလည်း ခုနကလို ကွင်းလယ်မှာ နေရာလွတ်တွေ ပေးနေရတဲ့အပြင် အသင်းဟာ တိုက်စစ်ရော၊ ခံစစ်ပိုင်းမှာပါ စုစည်းမှု မကောင်းဘူးဗျ..။ ဒါ့ကြောင့်လည်း မနားတမ်း တိုက်စစ်ဆင် ဖိအားပေး မကစားနိုင်တာ ဖြစ်ပါတယ်..။ အခုပြထားတဲ့ (ပုံ - ၃) မှာဆိုရင် မနေ့က လက်စ်တာနဲ့ပွဲ ချယ်လ်ဆီးအသင်း ၁ဂိုးအသာနဲ့ ဦးဆောင်နေတဲ့အချိန်မှာ ဘယ်တောင်ပံကနေ ထိုးဖောက်ခွင့် ရလာတယ်..။ သူ့နဲ့အတူ လိုက်ပါပြီး အသင့်နေရာယူပေးမယ့်သူတွေ (runners) လည်း ကပ်ပြီးပါလာတယ်..၊ အက်ဇ်ပီလီကွဲတား က ဟိုညာဘက် အဝေးကြီးကနေ အတင်းလိုက်ပြီး ပြေးတက်လာတယ်..။ အခုအနေအထားမှာ သူ့အနေနဲ့ အဲဒီလို ဇွတ်အတင်းလိုက်ပါလာစရာ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်..။ အိုကေ… ဖရန့် က တိုက်စစ်ဆင်တိုင်း full backs တွေ လိုက်ပါရမယ်လို့ မှာကြားထားပေမယ့် သူ့ရဲ့မှာကြားချက်ကို ဥပဒေတစ်ရပ်လို မဖြစ်မနေ လိုက်နာစရာမှ မလိုတာ…။






နောက်တော့ အဲဒီဘောလုံးက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်..၊ သူကဂိုးဧရိယာထဲ ခုတ်တင်လိုက်တယ်..၊ နောက်တန်းကဖျက်ထုတ်တယ်..၊ လက်စတာ နောက်တန်းက ဘောလုံးရသွားခဲ့တယ်..၊ အဲဒီမှာ ကိုယ့်ရဲ့ခြေထဲ အမြန်ဆုံးဘောလုံးပြန်ရအောင် press လုပ်ကြမယ်..။ ဒီနေရာမှာလည်း မန်နေဂျာ ပြောတဲ့အတိုင်း တစ်သွေမတိမ်း လိုက်လုပ်စရာ မလိုပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ကစားသမားတွေက အဲဒီလို မဟုတ်ဘူးဗျ..။ အခုဒီပုံ (ပုံ - ၄) မှာဆိုရင် ပထမဆုံး first press တာဝန်ယူတဲ့ တောင်ပံက ကစားသမား ပူလီဆစ် ပေါ့.. သူကအတင်းလိုက်ပြီး press လုပ်တယ်..၊ လွတ်သွားတယ်..၊ တကယ်တော့ ပြန်ပြီးလုနိုင်မှာ မဟုတ်မှန်းသိနေရင် နောက်ကိုအသာလေးဆုတ်ပြီး ဘောလုံးထွက်လာမယ့်လမ်းကြောင်း ပိတ်နိုင်အောင်ပဲ ကြိုးစားသင့်ပါတယ်..။ နောက်ပြီး ဂျော်ဂင်ဟို ပေါ့..၊ သူလည်း ကိုယ့်အသင်း ကစားသမားတွေရဲ့အနေအထားကိုမကြည့်ပဲ ဇွတ်ဝင်ပစ်လိုက်တယ်.. (ပုံ - ၅)။




အဲဒါနဲ့ပဲ လက်စ်တာ အသင်းကစားသမားက သူ့ကိုကျော်ပြီး တစ်ချက်ပေးလိုက်တာ ကွင်းလယ်မှာ မြင်တဲ့အတိုင်းပဲ..။ ကွက်လပ်ကြီးက နည်းတာမဟုတ်ဘူး..(ပုံ - ၆)။ အခုလို တစ်ဖက်အသင်းကို မနားတမ်း ဖိအားပေးတဲ့ နေရာမှာ မန်ချက်စတာ စီးတီးအသင်းကို နမူနာ ယူရပါမယ်..။ သူတို့ရဲ့ နေရာပုံ၊ ဖိအားပေး ကစားပုံတွေက စုစည်းမှု အရမ်းကိုကောင်းမွန်တာကြောင့် ပြိုင်ဘက်အသင်းဟာ ခံစစ်ဇုန်ထဲကနေ ရုန်းထွက်လို့ကို မရတော့ဘူးဗျ…။ ဒါ့ကြောင့်လည်း မနေ့က ချယ်လ်ဆီးအသင်းကို ဘတ်စ်ဘော ကစားနေတာလို့ ကျွန်တော်ပြောရတာပါ..။ လက်စ်တာနဲ့ပွဲမှာလည်း ခုနကတန်ပြန်တိုက်စစ်ကတစ်ဆင့် ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကနေပဲ ချေပဂိုး ရသွားခဲ့တာဆိုတော့ ပေးဆပ်ရတာ ပိုများသွားတာပေါ့ဗျာ..။




တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်းဟာ ရှုံးသွားနိုင်ပါတယ်..။ ပွဲပြီးခါနီးမှာဆိုရင် အခုပြထားတဲ့ (ပုံ - ၇) မှာဆိုရင် ညာတောင်ပံက ကန်တေး နဲ့ အက်ဇ်ပီလီကွဲတား တို့ အပေးအယူလုပ်ပြီး ဘောလုံးဖြန့်မယ့်အချိန်မှာ ကွင်းလယ်မှာ ကွက်လပ်ကြီးက အကြီးကြီးပါပဲ..။ ဘယ်သူမှဆင်းပြီး တွဲမယ့်သူ မရှိဘူးဗျ..။ ဝီလီယံ ဆိုရင် လူစားဝင်လာပြီး အတော်ဆိုးဆိုးရွားရွားပါပဲ..၊ ဖရန့် ဆီမှာသာ လူစားလဲဖို့ နောက်တစ်ယောက် ကျန်နေသေးမယ်ဆိုရင် သူ့ကိုပြန်ပြီး ထုတ်လိုက်မှာ သေချာလောက်ပါတယ်..။ သူဆိုရင် တောင်ပံမှာ ရပ်နေမယ့်အစား အတွင်းကိုဝင်ပြီး ဘောလုံးပေးပို့နိုင်အောင် နေရာယူသင့်ပါတယ်..။ အဲဒါနဲ့ပဲ ဘောလုံးဟာ လက်စ်တာ အသင်းရဲ့ခြေထဲ ပြန်ပါသွားပြီး တန်ပြန်တိုက်စစ် အဖောက်ခံရတယ်..၊ ဗာဒီ ရဲ့ ကန်ချက်လွဲချော်သွားခဲ့လို့သာ ဂိုးမပေးလိုက်ရတာပါ..။


ဒါ့ကြောင့် ဖရန့် အနေနဲ့ အသင်းရဲ့ခံစစ်ပိုင်း နေရာယူပုံတွေမှာ ပိုပြီးစနစ်ကျဖို့ ဂရုစိုက်ရပါလိမ့်မယ်..။ လီဗာပူးလ် အသင်းနဲ့ စူပါဖလားပွဲစဉ်မှာ အရင်တုန်းက ပုံစံဆန်ဆန် ခင်းကျင်းခဲ့ပြီး ကလော့ပ် ရဲ့ အသင်းဟာ သူတို့ကို ထိုးဖောက်ဖို့ အတော်လေး အခက်တွေ့ခဲ့ပါတယ်..။ ဒါ့ကြောင့်ဖရန့် အနေနဲ့ ဘောလုံးကိုင်ထားချိန်မှာရော..၊ ဘောလုံးဆုံးရှုံးချိန်မှာပါ အသင်းရဲ့စုစည်းမှု ကောင်းမွန်အောင် အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်..။


(၃)


#ဒေးဗစ်_ဂျုံးစ် - ဒါဆိုရင် နည်းပြတစ်ယောက်အနေနဲ့ တစ်ဖက်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ဖို့ ကြိုးစားသလို နောက်တစ်ဖက်ကလည်း ‘without the ball’ အခြေအနေမှာ အသင်းရဲ့ စုစည်းမှုမပျက်ပဲ တစ်ဖက်အသင်းကို တားဆီးနိုင်ဖို့ကလည်း အရေးကြီးတာပေါ့…၊ ဂယ်ရီ ရေ..၊ ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..?


#ဂယ်ရီ_နဗီးလ် - တိုက်စစ်အသားပေး ကစားကွက်ကို ဦးစာပေးလွန်းတဲ့ နည်းပြတွေအနေနဲ့ အသင်းကို ခံစစ်ပိုင်းမှာ နေသားတကျနဲ့ တည်တည်ငြိမ်ငြိမ် ဖျက်ထုတ်၊ ခံစစ်ဆင်နိုင်ဖို့ ပြင်ဆင်ရတာ ပိုပြီးခက်ခဲပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ခံစစ်ဆင်တယ်ဆိုတာ တစ်သင်းလုံး ဟန်ချက်ညီညီ ရွှေ့လျားရတာကိုးဗျ..။ ဒါပေမယ့် ဒီလိုခံစစ်ပိုင်းမှာ အသင်းရဲ့အထိုင်မပျက်ဖို့ဆိုတာ တိုက်စစ်ဆင်တဲ့အချိန်..၊ ဘောလုံးခြေထဲ ရှိနေတဲ့အချိန်မှာပါ ပုံစံတကျ ရှိနေဖို့ လိုအပ်ပါတယ်.. ဥပမာ - မန်ချက်စတာ စီးတီး အသင်းပေါ့ဗျာ..၊ သူတို့ဟာ ဘောလုံးကိုင်ပြီး ကစားနေချိန်မှာလည်း full back တစ်ယောက်ဖြစ်တဲ့ ကိုင်လီ ဝေါ့ကား ဟာ ဘောလုံးနဲ့အနီးဆုံးမှာ လိုက်ပြီးနေရာယူ ရွေ့လျားကစားတယ်..၊ ‘3 back’ ပုံစံ ဖြစ်သွားတာပေါ့..။ ဒါ့အပြင် တစ်ဖက်အသင်းရဲ့ ခြေထဲဘောလုံးရောက်သွားပြီ ဆိုတာနဲ့ ကိုင်လီ ဝေါ့ကား နဲ့ ဇီချန်ကို တို့ဟာ ကွင်းလယ်အဖျက် ကစားသမားတွေ (3rd midfielder) အနေနဲ့ ကွင်းလယ်ခံစစ်ကြောင်းမှာ အားဖြည့်ကြပါတယ်..။ ကွင်းလယ်ခံစစ်ကြောင်းနှစ်ထပ် ဆင့်ပြီးခံတဲ့ပုံစံပေါ့ဗျာ..။ 


ဖာနန်ဒင်ဟို..၊ ဒီဘရိုင်း၊ ဆေးလ်ဗား..၊ သူတို့ရဲ့နောက်မှာ full back တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်ရှိမယ်..၊ အဲဒီနောက်မှာမှ center back တွေ ရှိမယ်..။ တိုက်စစ်ပြန်ဆင်ရင်လည်း အဲဒီပုံစံအတိုင်းကနေ ပြန်စတယ်..။ ဒါ့ကြောင့်သူတို့အသင်းဟာ တိုက်စစ်ရော၊ ခံစစ်မှာပါ ဟန်ချက်ညီတယ် (balance) လို့ ပြောလို့ရပါတယ်..။ ဖရန့် နဲ့ ပတ်သက်ပြီး ကျွန်တော်ပြောနိုင်တာက သူဟာချယ်လ်ဆီးအသင်းရဲ့ ကစားဟန်ကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ..။ မောင့်၊ ပူလီဆစ်..၊ ဘာကလေ တို့နဲ့ အရင်တုန်းက ချယ်လ်ဆီးအသင်း အဆက်ဆက်ထက်စာရင် ကစားကွက်က ညက်ညောပါတယ်..။ မနှစ်တုန်းက အူနိုင်း အမ်မရီ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့အချိန်တုန်းကလည်း ကျွန်တော်တို့ ဝေဖန်ခဲ့ကြတာပါပဲ..၊ ဒါ့ကြောင့်ဖရန့် အနေနဲ့ သူလျှောက်လှမ်းချင်တဲ့ လမ်းအတိုင်း ဆက်လျှောက်သင့်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်..။ 


ဒဏ်ရာရ ကစားသမားတွေ ပြန်ပြီးကောင်းမွန်လာတဲ့အချိန်ကျရင် အသင်းဟာပိုပြီး ကောင်းလာနိုင်ခြေ ရှိပါတယ်..။ ဒါ့အပြင် အသင်းမှာရှိနေတဲ့ ဝါရင့်ကစားသမားတွေ အနေနဲ့ ကစားဟန်အပြောင်းအလဲမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သိထားသင့်ပါတယ်..။ မန်နေဂျာရဲ့ ညွန်ကြားချက်အတိုင်း တစ်သွေမတိမ်း ကစားတာမဟုတ်ပဲ လိုအပ်သလို ဖြည့်ကစား..၊ အပြောင်းအလဲလုပ်ပြီး ကစားရမှာပေါ့ဗျာ..။ ဥပမာ - ဝီလီယံ.. သူဟာတကယ့်ကို အတွေ့အကြုံအများကြီး ရှိခဲ့တဲ့ ကစားသမားပါ.၊ အရင်မန်နေဂျာ လေးယောက်အတွက် သူကစားပေးခဲ့တဲ့ပုံစံမျိုး ဖရန့် အတွက် ဘာလို့မလုပ်ပေးနိုင်ရမှာလဲဗျာ..။ ဒါ့ကြောင့်ကစားကွက်ဟာ အခုချက်ချင်းကြီး စင်းလုံးချော မဖြစ်သွားရင်တောင် ကစားသမားတိုင်းက ကိုယ့်ရဲ့တာဝန် ကျေပွန်အောင် ဖြည့်ပြီးကစားကြမယ်ဆိုရင် အခုလို တန်ပြန်တိုက်စစ်တွေမှာ ဆိုးဆိုးရွားရွား ပေါက်ထွက်နေတာတွေကို တားဆီးနိုင်မှာပါ..။