ချယ်လ်ဆီးအကယ်ဒမီ မန်နေဂျာ နီးလ် ဘတ် နဲ့ တွေ့ဆုံခဲ့ချိန်ကစလို့ တိုနီ ရဲ့ စိတ်တွေဟာ လေးလံ၊ ထိုင်းမှိုင်းလို့ နေပါတယ်..။ အင်္ဂလန်ရဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီ တစ်ခုဖြစ်တဲ့ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီမှာ ဘောလုံးပညာ ဆည်းပူးနေတဲ့ အသက် (၁၄) နှစ်အရွယ် သားဖြစ်သူရဲ့ ရှေ့အလားအလာကို ဆွေးနွေးကြည့်တဲ့အခါ အကယ်ဒမီ မန်နေဂျာကလည်း ရေရေရာရာ အဖြေမပေးနိုင်ပါဘူး..။ ဒါ့ကြောင့်နောက်ပိုင်းမှာ သားဖြစ်တဲ့သူကို အသိမပေးပဲ အခြားဖြစ်နိုင်မယ့် အသင်းတွေကို ဆွေးနွေးကြည့်ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း သူ့ရဲ့သားကို သတိထားမိကြောင်း၊ စမ်းသပ်ကစားကြည့်ဖို့ စိတ်ဝင်စားတဲ့အကြောင်း တုံ့ပြန်လာပါတယ်..။
ဒီအခါမှာ တိုနီ ဟာ သူ့ရဲ့သားဖြစ်သူကို အခြေအနေအရပ်ရပ်ကို အသိပေးပြီး ချယ်လ်ဆီးအသင်းကို စွန့်ခွာဖို့ နားချပါတော့တယ်..။ အဓိကအကြောင်းပြချက်က လူငယ်ကစားသမားတွေရဲ့ ရှေ့ရေးပါ..။ ဒီအသင်းမှာ ဆက်ပြီးနေမယ်ဆိုရင် သူ့အတွက် ရှေ့အလားအလာ ကောင်းမှာမဟုတ်ဘူး..၊ ဂျွန် တယ်ရီ နောက်ပိုင်းမှာ ဘယ်အကယ်ဒမီ ကစားသမားကမှ အသင်းကြီးကို ရောက်လာတာ မရှိသေးဘူး..၊ ဒါ့ကြောင့်ချယ်လ်ဆီးမှာ ဆက်ပြီးနေမယ်ဆိုရင် ရူးမိုက်လို့ပဲ ဖြစ်မှာပါ ဆိုတဲ့အကြောင်းကို ပြောပြရင်း အသင်းပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်..။
“ဟုတ်ပါပြီ..၊ ဂျွန် တယ်ရီ ပြီး အသင်းကြီးကို နောက်ထပ်ရောက်လာမယ့်သူက ကျွန်တော် ဖြစ်လာမှာ..၊ မယုံရင် အဖေစောင့်ကြည့်လိုက်ပါ..”
သားဖြစ်သူရဲ့ တစ်ခွန်းတည်းသော တုံ့ပြန်စကားကြောင့် တိုနီ မှာ ဘာမှမတုံ့ပြန်နိုင်ပဲ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်သွားခဲ့ရပါတယ်..။
“ဒီအသင်းက မထွက်ခွာဘူးဆိုတာ သူ့အတွက် သိပ်ပြီးသေချာနေခဲ့တဲ့အပြင် သူ့ရဲ့စိတ်ထဲမှာ တစ်နေ့နေ့ကျရင် ထွန်းပေါက်လိမ့်မယ်ဆိုတာ သိပ်ကိုသေချာနေခဲ့တယ်ဗျ..” လို့ တိုနီ က ပြန်ပြောပြခဲ့ပါတယ်..။
သူ့ရဲ့နာမည်ကတော့…
“မေဆန် မောင့်…”
(၁)
တကယ်တော့ မေဆန် လေးဟာ ပို့စ်မောက်အသင်း ပရိသတ်အနေနဲ့ ကြီးပြင်းလာခဲ့ပါတယ်..။ သူ့ရဲ့ငယ်ဘ၀ သူရဲကောင်းကတော့ အာဂျင်တီးနား ကွင်းလယ်ဖန်တီးရှင် ‘အန်ဒရီးယက်စ် ဒီ အလက်ဇန်ဒရို’ ပါ..။ ပို့စ်မောက်အသင်းမှာ ကစားခဲ့စဉ်က သူ့ရဲ့အကျီကို မရရအောင် ကြိုးစားရယူခဲ့ပြီး မှန်ဘောင်သွင်းလို့ အိမ်မှာအမြတ်တနိုး ချိတ်ဆွဲထားခဲ့ပါတယ်..။ ဒီလိုနဲ့ အသက် (၈) နှစ်သားအရွယ်မှာ ပို့မောက်စ်အသင်းက သူတို့ရဲ့ လူငယ်အကယ်ဒမီမှာ တက်ရောက်ခွင့် ကမ်းလှမ်းခဲ့ပါတယ်..။ ဒါပေမယ့် မောင့် ကတော့ ‘ချယ်လ်ဆီး’ အသင်းကိုပဲ စိတ်ဝင်စားပါတယ်.။ သူဟာချယ်လ်ဆီးအသင်း အကယ်ဒမီမှာ အသက် (၆) နှစ်သားအရွယ် ကတည်းက လေ့ကျင့်နေခဲ့တာပါ..။ စနေနေ့ဆိုရင် သူ့ရဲ့ဖခင်ဖြစ်သူ တိုနီ ရဲ့ တာဝနတွေထဲမှာ မနက်ပိုင်းဆိုရင် မေဆန် လေးကို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ကားမောင်းပြီးပို့ပေး..၊ နေ့လည်ပိုင်း အိမ်အပြန်မှာ သူ့သားရဲ့အချစ်တော် ဒီ အလက်ဇန်ဒရို ရဲ့ ကစားပုံကို ကြည့်ရှုဖို့ ပို့စ်မောက်အသင်းရဲ့ Fratton Park ကွင်းကိုပို့ပေးရတဲ့ အလုပ်တစ်ခုလည်း ပါဝင်ပါတယ်..။
တကယ်တမ်း ပြောရမယ်ဆိုရင် သူ့ရဲ့သားကိုယ်တိုင်သာ ယုံကြည်မှု အရမ်းပြင်းပြနေပေမယ့် လွန်ခဲ့တဲ့ နှစ်လအလိုထိကို တိုနီ ဟာ သူ့ရဲ့သားဟာ ချယ်လ်ဆီးအသင်းကြီးထဲကို ရောက်ပါ့မလား ဆိုတဲ့အပေါ် သိပ်ပြီးယုံကြည်လှတာ မဟုတ်ပါဘူး..။ ဒါပေမယ့် မနှစ်ကရာသီအကုန်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအရပ်ရပ်ဟာ သူ့ရဲ့သား အပါအဝင် ချယ်လ်ဆီးအသင်းက လူငယ် ကစားသမားတွေအတွက် မျှော်လင့်ချက် အလင်းရောင် ပွင့်လင်းလာစေခဲ့တယ်လို့ ဆိုရမှာပါ..။
ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရတဲ့ အပြစ်ဒဏ်ကို အယူခံမဝင်ပဲ ရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့သလို ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားတဲ့ နည်းပြ မော်ရစ်စ်ဇီယို ဆာရီ ရဲ့နေရာကို ဆက်ခံဖို့ အသင်းရဲ့ ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်း ဖရန့် လမ်းပတ် ကို ခန့်အပ်ခဲ့ပါတယ်..။
‘မေဆန် မောင့်’ အတွက် အနာဂတ်လမ်းကြောင်းတွေ ပွင့်လန်းလာပါပြီ…
(၂)
မေဆန် ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူဟာငယ်စဉ်ကတည်းက အခွင့်အရေး ရလာပြီဆိုတာနဲ့ မလွတ်တမ်း ဆုတ်ကိုင်နိုင်တဲ့သူဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်..။ အသက်ငါးနှစ်အရွယ် ဖာဟမ်အရပ်မှာ ပထမဆုံးအကြိမ် မြက်ခင်းပြင်စစ်စစ်ထက်မှာ ဂိုးကျဉ်းပွဲစဉ် စပြီးကစားခွင့်ရကတည်းက သူ့ရဲ့ခြေစွမ်းခြေစကို သတိပြုမိခဲ့တဲ့သူ ရှိခဲ့ပါတယ်..။ သူကတော့ ချယ်လ်ဆီးအသင်းရဲ့ ကင်းထောက်ဖြစ်သူ ‘ရော့ဘ် ဝင်ဇာ’ ဖြစ်ပြီး မေဆန် လေးရဲ့ ခြေစွမ်းကို သတိပြုမိလိုက်ချင်းမှာပဲ ချယ်လ်ဆီးအသင်းမှာ တစ်ပါတ်ခန့် စမ်းသပ်လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်..။ အဲဒီအချိန်က ဝီဇာ ဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ကင်းထောက် အနေနဲ့ တာဝန်ယူခဲ့တာ သုံးလခန့်သာ ရှိနေပါသေးတယ်..။ ဒါပေမယ့် သူနဲ့ မေဆန် ရဲ့ဖခင်ဖြစ်သူ တိုနီ တို့ဟာ အပျော်တမ်းပြိုင်ပွဲတွေမှာ အတူူတူ ယှဉ်ပြိုင်ရင်း ရင်းနှီးခဲ့ကြသူတွေ ဖြစ်ကြပါတယ်..။ မေဆန် နဲ့ ပတ်သက်ပြီး ဝီဇာ က အခုလို ပြောကြားခဲ့ပါတယ်..။
“ကျွန်တော် အင်မတန် ကံကောင်းခဲ့ပါတယ်..။ ဖာဟမ် ကိုရောက်တုန်း တိုနီ နဲ့ ပြန်ပြီးတွေ့တဲ့အချိန် သူ့ရဲ့သား ဖြစ်တဲ့သူ ကစားနေတာကို လာပြီးကြည့်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ပါတယ်..။ အဲဒါနဲ့ ကျွန်တော်သွားပြီး ကြည့်မိလိုက်တဲ့အချိန် သတိထားမိလိုက်တဲ့သူ နှစ်ယောက်က မေဆန် ရယ်..၊ သူနဲ့အတူ ကစားနေတဲ့ လုခ် မက်ခ်ကွန်းမစ်ခ် ပါ..။ သူတို့နှစ်ယောက်စလုံး အခုအချိန်ထိ ချယ်လ်ဆီးအသင်းမှာ ရှိနေတုန်းပါပဲ..။
သူတို့ရဲ့ ကစားပုံတွေကို မှတ်တမ်းယူပြီး မေဆန် ကို ဆက်လက်စောင့်ကြည့်ရမယ့် ကစားသမားအဖြစ် (follow up) ကျွန်တော်မှတ်ချက်ပေးခဲ့ပါတယ်..။ ကျွန်တော့်ဘက်က ဒီလောက်ပဲ ပံ့ပိုးခဲ့ရတာပါ..။ မေဆန် ဟာ ကျန်တဲ့အပိုင်းကို သူ့ရဲ့ကိုယ်စွမ်းကိုယ်စနဲ့ ရှေ့ဆက် လမ်းလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ သူဟာကြံ့ခိုင်မှု အရမ်းကောင်းမွန်တဲ့သူ မဟုတ်သလို ဘောလုံးစွမ်းရည်နဲ့ အထိန်းအသိမ်း၊ ကျွမ်းကျင်မှု အပိုင်းမှာလည်း သိပ်ပြီးထူးခြားလှသူ မဟုတ်ပါဘူး..။ ဒါပေမယ့် သူ့ရဲ့ပြင်းပြတဲ့ နိုင်လိုစိတ်နဲ့ ဘောလုံးကို မဖြစ်မနေ ရအောင်ပြန်ယူမယ်ဆိုတဲ့ ကျားကုတ်ကျားခဲ စိတ်ဓါတ်နဲ့ ဇွဲလုံ့လရှိမှုတွေက သူ့ကိုတွန်းတင်ပေးသွားနိုင်တာပါ..။
ချယ်လ်ဆီးအသင်းမှာ ကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ (၁၅) နှစ်တာ ကာလအတွင်း ကျွန်တော်ရှာဖွေခဲ့တဲ့ လူငယ်ကစားသမားတွေထဲမှာ သူဟာအကောင်းဆုံး ကစားသမား ဖြစ်ပါတယ်..။ မေဆန် ကို ကျွန်တော့်ရဲ့ ပထမဆုံးနှစ်၊ ပထမဆုံး ကင်းထောက်တာဝန်နဲ့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့သလို အခုထိလည်း သူ့လောက်ခြေစွမ်းနဲ့ အလားအလာကောင်းမွန်တဲ့ ကစားသမားမျိုးကို ထပ်မတွေ့ဖြစ်သေးပါဘူး..။”
(၃)
အပျော်တမ်း ကစားသမားတစ်ယောက်အဖြစ် ကျင်လည်ခဲ့ဖူးတဲ့ တိုနီ ဟာ ချယ်လ်ဆီးက သူ့ရဲ့သားကို လေ့ကျင့်ခန်းဆင်းဖို့ ကမ်းလှမ်းခဲ့တဲ့အချိန် အစပိုင်းမှာ ခွင့်ပြူဖို့ တွန့်ဆုတ်ခဲ့ပါတယ်..။ ဒါပေမယ့် ခြောက်နှစ်ပြည့်ပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့သားကို ချယ်လ်ဆီးအသင်းမှာ လေ့ကျင့်ဖို့ ခွင့်ပြုခဲ့ပါတယ်..။ အဲဒီအချိန်ကစပြီး မေဆန် ဟာ သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့သလို နောက်ပိုင်းမှာ သူရဲ့ဖခင် ဖြစ်တဲ့သူက အသင်းကထွက်ဖို့ တိုက်တွန်းနေခဲ့တာကိုတောင် ငြင်းဆန်ခဲ့ပြီး အသင်းက ကမ်းလှမ်းခဲ့တဲ့ ပညာသင်ဆု (scholarship) ကို လက်ခံခဲ့ပါတယ်..။
ဒါဟာ မေဆန် အတွက် ဘဝတစ်ဆစ်ချိုးပါ..။ ကြယ်ပွင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ ချယ်လ်ဆီးအသင်းမှာ မေဆန် လေးဟာ လမ်းပတ်၊ တယ်ရီ..၊ အက်ရှ်လေ ကိုးလ် တို့လို ထိပ်ထိပ်ကြဲ ကစားသမားကြီးတွေနဲ့အတူ လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်.။ အဲဒီအချိန်က ၂၀၁၁ ခုနှစ်..၊ အကယ်ဒမီ ကစားသမားဘဝကပါ…။
ဒီလိုနဲ့ အသက် (၁၈) နှစ်သားအရွယ် မေဆန် ဟာ ချယ်လ်ဆီးအရန်အသင်း (အသက် ၂၃ နှစ်အောက်) ကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်.။ အဲဒီအသင်းမှာဆက်နေပြီး အခွင့်အရေး ရလာမယ့်အချိန်ကို စောင့်နေမယ်ဆိုရင် ရနိုင်ပေမယ့် သူကတော့ အဲဒီလို မဆုံးဖြတ်ခဲ့ပါဘူး..။ သူဟာ ဟော်လန်လိဂ် ပြိုင်ပွဲဝင် ဗီတက်ဆီ အာဟမ် အသင်းကို အဌားထွက်ခွာဖို့ ရွေးချယ်ခဲ့ပါတယ်..။ ဗီတက်ဆီ အသင်းကို ရောက်ရှိလာတဲ့အချိန် မေဆန် တစ်ယောက် ရင်ဆိုင်ခဲ့ရတဲ့ အစောပိုင်း ကာလများဟာ ကြမ်းတမ်းခဲ့ပါတယ်..။ အောက်တိုဘာလကျမှ FC အူးလ်ထရက် အသင်းနဲ့ပွဲမှာ လူစားဝင်ခွင့် ရရှိခဲ့ပြီး ပထမဆုံး ထိချက်နဲ့တင် သွင်းဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ပိုင်းမှာ အခွင့်အရေး ထပ်မရတော့တာ ဆောင်းရာသီ အနားပေးရက်အထိပါပဲ..။ ဒီလိုကြမ်းတမ်းခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း သူ့အတွက် အဓိက အဆုံးအဖြတ်ပေးခဲ့တာက သူ့ရဲ့ပြင်းပြတဲ့ စိတ်ဓါတ်..၊ မလျော့တဲ့ ဇွဲ၊ စိတ်ဓါတ်..၊ သံဌိဌာန်ပဲ ဖြစ်ပါတယ်..။ ဗီတက်ဆီ အသင်းက အစောပိုင်း ခရောင်းတော နေ့ရက်များအကြောင်းကို သူ့ရဲ့ဖခင် တိုနီ က ယခုလို ပြောပြပါတယ်..။
“မေဆန် ဟာ ကစားခွင့် သိပ်မရခဲ့ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနဲ့ လိုက်ပါခဲ့ရတဲ့အတွက် ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခွင့် မရခဲ့တာကြောင့် ဖြစ်ပါတယ်..။ အဲဒါနဲ့ ခရစ်စ်မတ်ကာလ (၁၀) ရက်လောက် အားလပ်ရက် ရတဲ့အချိန်မှာ အပြောင်းအရွှေ့ ပြန်စတဲ့အချိန် နောက်ထပ်တစ်သင်းကိုပြောင်းဖို့ ချယ်လ်ဆီးအသင်းနဲ့ တိုင်ပင်ကြည့်ပါလား.. လို့ ကျွန်တော်က သူ့ကိုတိုက်တွန်းပါတယ်..။ ဒါပေမယ့် သူလက်မခံပါဘူး..။ ဒီမှာပဲဆက်နေပြီး သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်အောင် ကြိုးစားမယ်လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်..။ ဒီလိုနဲ့ ဗီတက်ဆီ အသင်းမှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်..။ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓါတ်..၊ အခြေအနေကို လက်ခံနိုင်စွမ်းနဲ့ အခွင့်အရေး ရလာတဲ့အချိန် မလွတ်တမ်း အမိအရ ဆုတ်ကိုင်နိုင်တဲ့ အားထုတ်မှုတွေကို ကျွန်တော်ချီးကျူးမိပါတယ်..။”
(၄)
ဆောင်းရာသီ အနားပေးရက်အပြီး ဒုတိယရာသီဝက် စပါတာ ရော့တာဒမ် အသင်းနဲ့ပွဲမှာပဲ မေဆန် ဟာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲဒီပွဲကနေစလို့ သူဟာ ဗီတက်ဆီ အသင်းရဲ့ ပွဲထွက်ကစားသမား နေရာကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်နိုင်ခဲ့သလို ရာသီကုန်ချိန်မှာ ဗီတက်ဆီအသင်းရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Player of the Year)’ ကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် ဗီတက်ဆီအသင်း အားကစား ဒါရိုက်တာ မာ့ခ် ဗန် ဟင်တန် က အခုလို ပြောပါတယ်..။
“ကျွန်တော်တို့အသင်းအတွက် တကယ့်ပါရမီရှင် ကစားသမားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်..။ အေးဂျက်စ် အသင်းရဲ့ကွင်းလယ်မှာတောင် သူ့ထက်ကောင်းတဲ့ ကစားသမား မရှိပါဘူး..။ ဟာကင် ဇိုင်းယက်ခ် လား..? No.. သူလည်း မေဆန် ထက် ထူးပြီးမကောင်းလှပါဘူး..။ မေဆန် ဟာ ပြီးပြည့်စုံတဲ့ ကစားသမားပါ..။ လုပ်အားနှုန်းကောင်းမွန်တယ်..၊ ကြံ့ခိုင်မှုနဲ့ သက်လုံကောင်းမွန်တယ်..၊ နည်းစနစ်ပိုင်းနဲ့ ပင်ကိုယ်ဘောလုံးစွမ်းရည် ကောင်းမွန်တယ်..၊ နေရာစုံ ကစားနိုင်သလို လှုပ်ရှားမှု၊ ရွေ့လျားမှုတွေမှာလည်း ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ဒါ့အပြင် ဖိအားဒဏ်ကို ခံနိုင်ရည်ရှိပြီး ဂိုးသွင်းအဆုံးသတ် ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်..။
ဒါတွေအပြင် ခေါင်းတိုက်ကလည်း ကောင်းပါသေးတယ်..။ ဖြတ်ထိုးဉာဏ် ကောင်းမွန်တဲ့အပြင် စဉ်းစားတွေးခေါ်ပုံ မြင့်မားတယ်..၊ ကစားပွဲတွေကို သုံးသပ်နိုင်စွမ်း ကောင်းမွန်တယ်..၊ စိတ်ဓါတ်နဲ့ ခံယူချက်မျာလည်း ဘာမှအပြစ်ပြောစရာ မရှိပါဘူး…။ အဲဒီပင်ကိုယ် အရည်အချင်းတွေဟာ ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ကိုယ်ခံစွမ်းအားတွေလို့ပဲ ပြောရမှာပါ..။”
ဟော်လန်မြေမှာ ကျင်လည်ခဲ့ရတဲ့ တစ်နှစ်တာဟာ မေဆန် လေးကို ကစားသမား တစ်ယောက်အဖြစ်သာမကပဲ ပြင်ပလူနေမှုဘဝမှာပါ ရင့်ကျက်မှုတွေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်..။ သူဟာအာဟမ်မြို့စွန်က Doorwerth ကျေးရွာလေးမှာ ဌားရမ်းထားတဲ့ သုံးခန်းတွဲ အိမ်လေးမှာပဲ နေထိုင်ပြီး အဖေနဲ့အမေ တို့မလာနိုင်တဲ့ ရက်တွေမှာဆိုရင် ကိုယ်တိုင်ချက်ပြုတ်၊ လျှော်ဖွတ်..၊ အိမ်မှုကိစ္စအ၀၀တွေကို အောက်ခြေသိမ်း ဆောင်ရွက်ခဲ့ရသလို ဒတ်ချ် ဘာသာစကားကိုပါ ထမင်းစား၊ ရေသောက်လောက် ပြောနိုင်အောင်ပါ သင်ယူနိုင်ခဲ့ပါတယ်..။
ဒါပေမယ့် မေဆန် ဟာ ဒီလောက်နဲ့ မတင်းတိမ်နိုင်သေးပါဘူး..။ ဒီထက်မြင့်မားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ချန်ပီယံရှစ် ပြိုင်ပွဲကို အဌားထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီမှာလည်း သူဟာမြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပါတယ်..။
(၅)
၂၀၁၈ ခုနှစ်၊ သြဂုတ်လ….
ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ဒါဘီအသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ကို အရှုံးနဲ့စတင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်..။ ဒုတိယပိုင်း ရောက်တဲ့အချိန် မေဆန် မောင့် ဟာ ဂိုးပေါက်နဲ့ ကိုက် (၂၀) အကွာမှာ ရလာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့အပြင်းကန်သွင်းခဲ့ရာ ရက်ဒင်းအသင်း ဂိုးသမား ဗစ်တာ မန်နိုနီ ကျော်ဖြတ်ပြီး ဒါဘီအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်..။ အဲဒီသွင်းဂိုးဟာ မေဆန် အတွက် အမြင့်ပျံခရီးကို စတင်လျှောက်လှမ်းမယ့် ခြေလှမ်းအစလို့ ပြောရမှာပါပဲ..။ အောက်တိုဘာလမှာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရသလို တစ်ရာသီလုံးမှာ (၁၁) ဂိုးသွင်းပြီး ဒါဘီအသင်းကို ချန်ပီယံရှစ် Play Off ဗိုလ်လုပွဲ တက်ရောက်စေခဲ့တယ်..၊ ပရီးမီးယားလိဂ်ကို တက်ရောက်ခွင့် နီးစပ်ခဲ့ပါတယ်..။
ဒါဘီအသင်းနဲ့ အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီအပြီးမှာ သူ့ရဲ့နောက်ခြေလှမ်းတစ်ရပ်ကို ပရီးမီးယားလိဂ် အတွေ့အကြုံအတွက် ပရီးမီးယားလိဂ် အသင်းတစ်သင်းမှာ အဌားထွက်ခြင်းနဲ့ တက်လှမ်းလိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက မှန်းဆခဲ့ကြပါတယ်.။ ဒါပေမယ့် မော်ရစ်စ်ဇီယို ဆာရီ ရဲ့ အရိုက်အရာကို ဆက်ခံပြီးပြီးချင်းမှာပဲ ဖရန့် လမ်းပတ် ဟာ မေဆန် ကို အဌားချထားမှာ မဟုတ်တဲ့အကြောင်း..၊ သူ့ရဲ့အသင်းမျာ ပါဝင်စေမှာ ဖြစ်တဲ့အကြောင်း ထုတ်ဖော်၊ ပြောဆိုခဲ့ပါတယ်..။ ဒီလိုအနေအထားနဲ့ တစ်ဟုန်တိုး တိုးတက်မှုတွေကြောင့် ချယ်လ်ဆီးအသင်းဘက်ကလည်း မြန်မြန်ဆန်ဆန်ပဲ တစ်ပါတ်ကို စတာလင်ပေါင် (၇၇,၀၀၀) လစာနဲ့ ငါးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုသက်တမ်းတိုးခဲ့ပါတယ်..။
အခု ၂၀၁၉/ ၂၀၂၀ ဘောလုံးရာသီ၊ ရာသီကြို ပွဲစဉ်တွေမှာပဲ မေဆန် မောင့် ဟာ အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး စိန့် ပက်ထရစ် အသင်းနဲ့ အိုင်ယာလန် ခရီးစဉ်မှာ တစ်ဂိုး၊ ရက်ဒင်းအသင်းနဲ့ပွဲမှာ နောက်ထပ်နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ‘မေဆန် မောင်’့ ဆိုတဲ့ လူငယ်လေးဟာ ရာသီကြို ပွဲစဉ်တွေမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်..၊ အသင်းဘက်က ပြန်လည်ချီးမြှင့်ခဲ့တဲ့ ဆုလာဘ်တွေလောက်နဲ့ တင်းတိမ်နေမယ့်သူ မဟုတ်တဲ့အကြောင်း သူ့ကိုပထမဆုံး မြေတောက်မြှောက်ပေးလိုက်တဲ့ ချယ်လ်ဆီးအသင်း ကင်းထောက် ရော့ဘ် ဝီဇာ ရဲ့ ပီတိစကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်...။
“ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မေဆန် တစ်ယောက် ချယ်လ်ဆီးအသင်းရဲ့ အကျီကို ဝတ်ဆင်ပြီး ပါဝင်ခွင့်ရမယ့်အချိန်ကျရင် ကျွန်တော်အရမ်းကို ဂုဏ်ယူမိမှာပါ..။ ဒါဟာ မေဆန် နဲ့ သူနဲ့မိသားစု အားလုံးရဲ့ ကြိုးစားမှုရလဒ်..၊ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်..။ သူ့အဖေဖြစ်တဲ့ တိုနီ ရဲ့ သွန်သင် ဆုံးမမှု၊ ပြုစုပျိုးထောင်ပေးနိုင်မှု..၊ ဂရုစိုက်မှုနဲ့ ဖေးမမှုတွေဟာ တကယ့်ကို အံ့မခန်းပါ..။ ဒါပေမယ့် မေဆန် ရဲ့ အမြင့်ပျံခရီးဟာ အခုမှ စတင်တာပါ..။ သူဟာဒီထက်ပို ကြီးမားတဲ့အောင်မြင်မှုတွေရရှိပြီး ထိပ်တန်းကစားသမား၊ ကြယ်ပွင့်ကစားသမား တစ်ယောက်အဖြစ် ပေါ်ထွက်လာမယ်ဆိုတာ ကျွန်တော်ရဲရဲကြီး ခန့်မှန်လိုက်ရပါတယ်..။”
#FRANK
(The Telegraph မှ ဆောင်းပါးရှင် Matt Law ၏ ‘How Mason defied his dad – and interest from Manchester United – t0 become a star at Chelsea’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)