ယခုတစ်ပါတ် အင်္ဂါနေ့က ရန်းန် အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု ( E) ပွဲစဉ်အပြီးတွင် ပြင်သစ်လက်ရွေးစင် ကစားသမားများဖြစ်သော ချယ်လ်ဆီးနောက်ခံလူ ကတ် ဇူးမား နှင့် ရန်းန်အသင်း ကွင်းလယ်ကစားသမား အက်ဒ်ဒွာဒို ကာမာဗင်ဂါ တို့နှစ်ဦးမှာ ပွဲပြီးချိန်ကွင်းအတွင်း နည်းစနစ်ပိုင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်..။ သူတို့နှစ်ဦး ပြောကြားခဲ့သည့် အကြောင်းအရာများကို ကင်မရာများ၊ မိုက်ခရိုဖုန်းများတွင် အတိုင်းသား ကြားနေခဲ့ရပြီး ကတ် ဇူးမား က သူ၏ပြင်သစ်လက်ရွေးစင် အသင်းဖော်အား ပွဲစဉ်နှင့် ပတ်သက်ပြီး ခံစစ်ပိုင်းအကြံပေးမှုများကို ပြောကြားခဲ့သည်..။
ရန်းန်အသင်းအနေဖြင့် သူတို့အသင်း၏ ခံစစ်ဇုန်တွင် အပေးအယူများဖြင့် play from the back တစ်မျိုးတည်းဖြင့် မကစားသင့်ပဲ အဝေးဘောများကို (long balls) သုံးစွဲပြီး ချယ်လ်ဆီးအသင်း၏ ဖိအားပေးမှုကို ရုန်းထွက်သင့်ကြောင်း၊ ထိုသို့ play from the back တစ်မျိုးတည်းကိုသာ သုံးစွဲနေခဲ့သောကြောင့် လီဂူး (၁) ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ၃- ၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်..။
ပြင်သစ်သတင်းဌာန Telefoot မှ ရယူခဲ့သော ရုပ်သံမှတ်တမ်းအရ ဇူးမား က “ကိုယ့်အသင်းဘက်ကို အရမ်းဖိခံနေရတဲ့အချိန်ကျရင် အဝေးဘောတွေ တခါတလေ သုံးစွဲဖို့ လိုအပ်တာပေါ့..။ ငါတို့လည်း အဲဒီလို လုပ်နေရတာပါပဲ..။ တစ်ချိန်လုံး play from the back ပဲ လုပ်နေပြီး ပြိုင်ဘက်အသင်းရဲ့ ဖိအားထဲက လုံးဝရုန်းမထွက်နိုင်ဘူးဆိုရင် တစ်ချိန်ချိန်မှာ ဘောလုံးဆုံးပြီး ဂိုးပေးရမှာပါ..။ ပီအက်စ်ဂျီအသင်းနဲ့ ပွဲတုန်းကလည်း မင်းတို့အဲဒီလိုပဲ ဖြစ်ခဲ့တာပဲမဟုတ်ဘူးလား…” ဟု ကာမာဗင်ဂါ အား ပြောကြားခဲ့သည်..။
အဆိုပါပြောကြားချက်နှင့် ပတ်သက်ပြီး ရန်းန်အသင်းနည်းပြ ဂျူလီယန် စတက်ဖန် က သူ၏အယူအဆကို အောက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့သည်..။
“နှစ်သင်းစလုံးရဲ့ ပထမပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အချက်အလက်တွေကို ပြန်ပြီးကြည့်မယ်ဆိုရင် အဝေးဘော ပေးပို့ခဲ့တဲ့ အရေအတွက်မှာ နှစ်သင်းစလုံး အတူတူပါပဲ..။ တကယ်တော့ အခုလိုအဆင့်အမြင့်ဆုံး ပွဲစဉ်တွေမှာ ခြားနားချက်က ရတဲ့အခွင့်အရေးကို ဘယ်သူအသုံးချနိုင်လဲ..? ဆိုတဲ့အချက်မှာပဲ ကွာခြားသွားတာပါ..။ သူတို့ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ခဲ့ပေမယ့် ကျွန်တော်တို့က အသုံးမချနိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်ဒီလိုအဆင့် ပြိုင်ပွဲတွေရဲ့ တစ်ခုတည်းသော အမှန်တရားက ကိုယ့်ဘက်က အခွင့်အရေး ရတဲ့အချိန်မှာ အပြည့်အ၀ အသုံးချနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
ဖရန့် လမ်းပတ် ကလည်း သူ့ရဲ့နောက်တန်းလူတွေကို အဝေးဘောများများ ပေးကြပါဆိုပြီး မှာကြားလိမ့်မယ် မထင်ပါဘူး..။ ဒါဟာအခြေအနေ၊ အချိန်အခါအလိုက် ကြည့်ပြီးဆောင်ရွက် သွားရတဲ့အရာတွေ ဖြစ်ပါတယ်.။ ကျွန်တော့်လူတွေလည်း အဝေးဘောတွေ အများကြီး အသုံးပြုခဲ့ကြတာပါပဲ..။ ဒါ့ကြောင့်လည်း နှစ်သင်းစလုံးဟာ အချက်အလက်ပိုင်းမှာ သိပ်မကွာခြားခဲ့ကြတာ ဖြစ်ပါတယ်..။”
ချယ်လ်ဆီးအသင်းမှာ အဆိုပါပွဲစဉ်တွင် ရန်းန်အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်ခွင့်ရရှိထားပြီးဖြစ်သည်..။