လီဗာပူးလ်အသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်မည့် အသင်းလေးသင်းတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်..။
နည်းပြဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းမှာ ယခင်အပါတ်က တော့တင်ဟမ် အသင်းနှင့်ဂိုးမရှိ သရေကျခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၃) နေရာတွင် ရပ်တည်လျှက်ရှိသည်..။
BT Sports ရုပ်သံဌာနတွင် နည်းစနစ်ပိုင်းနှင့် ပွဲစဉ်သုံးသပ်သူအဖြစ် ဆောင်ရွက်လျှက်ရှိသော မိုက်ကယ် အိုဝင် က ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် သရဖူလုပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ချယ်လ်ဆီးအသင်းမှာလည်း ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်းများစာရင်းတွင် ပါဝင်နေကြောင်း ယခုလိုပြောကြားခဲ့သည်..။
“တကယ်လို့ ဘောလုံးရာသီအစပိုင်းမှာ လုံးဝရေပန်းမစားခဲ့တဲ့ အသင်းတစ်သင်း ဗိုလ်စွဲနိုင်ဖို့ ဖြစ်နိုင်ခြေရှိမယ့် ဘောလုံးရာသီ တစ်ခုကိုရွေးပါ ဆိုရင် အခုဘောလုံးရာသီဟာ ဖြစ်လာနိုင်ခြေ ရှိပါတယ်..။ အခုထိလည်း ဘာမဆို ဖြစ်လာနိုင်တုန်းပါပဲ..။ ဒါပေမယ့် ကျွန်တော်ကတော့ ချန်ပီယံဆုဖလားကို ဗိုလ်စွဲနိုင်မယ့် အသင်းလေးသင်းကို ရွေးထုတ်ကြည့်ပါမယ်..။ အဲဒီလေးသင်းထဲမှာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး၊ ချယ်လ်ဆီး နဲ့ တော့တင်ဟမ် တို့ ပါဝင်ပါလိမ့်မယ်..။”