feature-image

‘ကျွန်တော်တို့ဟာ လီဗာပူးလ်အသင်း မဟုတ်သေးပါဘူး..’ လို့ ပြောလိုက်တဲ့ ဖရန့် လမ်းပတ်

ချယ်လ်ဆီးအသင်းမှာ လွန်ခဲ့သည့်  ရက်သတ္တပါတ်အတွင်း နှစ်ပွဲဆက်တိုက် ရှုံးပွဲဆက်ခဲ့ပြီး အမှတ်များ လျော့ကျခဲ့သည်..။ ထိုသို့ရုတ်တရက် ပြောင်းလဲသွားခဲ့သည့် အခြေအနေအပေါ် ချယ်လ်ဆီးအသင်း မန်နေဂျာ ဖရန့် လမ်းပတ် က သူ၏အသင်းမှ လိုအပ်နေသည့် အချက်များကို ထုတ်ဖော်ပြောပြသွားခဲ့သည်..။

အဲဗာတန်နှင့် ဝုလ်ဖ်အသင်းများကို ရှုံးနိမ့်ခဲ့ရမှုကြောင့် ချယ်လ်ဆီးအသင်းမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား အဆင့် (၇) နေရာသို့ ရောက်ရှိသွားခဲ့သည်..။ အဆိုပါပွဲများမတိုင်မီက ချယ်လ်ဆီးအသင်းမှာ ပြိုင်ပွဲစုံ (၁၇) ပွဲဆက် ရှုံးပွဲမရှိခဲ့သလို လီဗာပူးလ်အသင်း မန်နေဂျာ ဂျာဂင် ကလော့ပ် က ဖရန့် လမ်းပတ် ၏ အသင်းမှာ အမှတ်ပေးချန်ပီယံဆုကို ရရှိနိုင်စွမ်းရှိသည့် အသင်းဖြစ်သည်ဟု ထုတ်ဖော် ချီးကျူးခဲ့သည်..။ သို့သော် ဖရန့် လမ်းပတ် က အဆိုပါပြောကြားချက်ကို ချက်ချင်းပယ်ချခဲ့သလို ချယ်လ်ဆီးအသင်း ရရှိနေသည့် အရှိန်အဟုန်ကောင်းများ ရုတ်တရက် ရပ်တန့်ခဲ့သည့်အပေါ် အံ့သြမှုမရှိကြောင်း၊ စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်း၏ စက်တစ်လုံးကို မောင်းနှင်နေသလို ပုံမှန်ရှိနေသည့် တည်ငြိမ်မှု (consistency) မျိုး မရရှိသေးကြောင်း ယခုလို ပြောကြားခဲ့သည်..။

“ပြီးခဲ့တဲ့အပါတ်မတိုင်ခင်ကအထိ ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်းပြနေနိုင်မှုအပေါ် အားလုံးက ချီးကျူးခဲ့ကြပြီး အမှတ်ပေးချန်ပီယံဆုကိုပါ ရနိုင်တဲ့အထိ ခန့်မှန်းခဲ့ကြပါတယ်..။ ဒါပေမယ့် အဲဒီခန့်မှန်းချက်တွေကို ကျွန်တော်ငြင်းပယ်ခဲ့ရတဲ့အကြောင်းက တခြားအသင်းတွေဟာ တွဲဖက်ကစားခဲ့ကြတာ အချိန်ကြာလှပြီ ဖြစ်သလို ကစားသမားတွေကြားမှာ ယုံကြည်မှု၊ နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် ပွဲချိန်အတွင်း ပြောင်းလဲမှုတွေ ပြုလုပ်တဲ့နေရာမှာ ပိုပြီးကောင်းမွန်နိုင်ခဲ့လို့ ဖြစ်ပါတယ်..။

ကျွန်တော်တို့အသင်းဟာ လူငယ်ကစားသမား အများစုနဲ့ အခုရောက်လာတဲ့ ကစားသမားသစ်အများစု ပါဝင်နေတာကြောင့် အချိန်ကာလတစ်ခု ကျော်ဖြတ်ပြီးသွားရင် အဲဒီလိုပိုမိုကောင်းမွန်လာတဲ့ အသင်းအဖြစ် သေချာပေါက် ရောက်ရှိလာမှာပါ..။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။

တကယ်တော့ ကစားသမားတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ဆိုတာ တိုင်းတာရ ခက်ခဲပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမားတွေအနေနဲ့ ခက်ခဲတဲ့အချိန်တွေ၊ ဆုံးရှုံးမှုတွေကိုလည်း အတူတူ ဖြတ်ကျော်ဖူးဖို့ လိုအပ်ပါလိမ့်မယ်..။

လီဗာပူးလ်အသင်းဟာ အဲဒီလိုအခက်အခဲ ကာလတွေကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သလို မနှစ်ကဆိုရင် သူတို့ရဲ့ကစားပုံဟာ စက်ကြီးတစ်လုံးကို မောင်းနှင်နေတဲ့အတိုင်းပါပဲ..။ ဒါပေမယ့် အဲဒီလိုအနေအထားကို ရောက်ရှိဖို့ သူတို့ဟာလေးနှစ်ဆိုတဲ့ အချိန်ကာလကို အကောင်းဆုံး ဖြတ်ကျော်ခဲ့တာပါ..။

ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုအသင်းမျိုးထဲမှာ ကစားခဲ့ဖူးတဲ့သူ တစ်ယောက်ပါပဲ.။ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကို ဝယ်ယူခါစနှစ်တွေမှာလည်း ပထမဆုံးနှစ်မှာ ကျွန်တော်တို့ ဆုဖလားမရခဲ့ပါဘူး..။ နောက်တစ်နှစ်၊ နောက်တစ်နှစ်.. တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတောင့်တင်းလာသလို ကျွန်တော်တို့ကိုယ်တိုင်လည်း ယုံကြည်မှု တဖြည်းဖြည်း ရရှိလာခဲ့ပါတယ်..။ ဘောလုံးလောကဆိုတာ အဲဒီလိုအဆင့်ဆင့် ဖြတ်သန်းရပါတယ်..။

ဒ့ါကြောင့်ဘယ်လိုအချိန်မှာ အောင်မြင်မှုတွေရမယ်ဆိုတာ တိုင်းတာရခက်ခဲပေမယ့် အဲဒီလိုအနေအထား ရောက်လာအောင် ကြိုးစားရမယ်..၊ တည်ဆောက်ရပါလိမ့်မယ်..။ အဲဒီလိုတိုးတက်ဖို့ အဓိကတာဝန်ရှိတဲ့သူတွေဟာ ကျွန်တော်တို့ မန်နေဂျာ၊ နည်းပြအဖွဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်..။

ဒါပေမယ့်အခုအချိန်မှာ ကျွန်တော်တို့ဟာ ကန်သမျှပွဲတိုင်း အနိုင်ရခဲ့တဲ့ မနှစ်က လီဗာပူးလ်၊ ဟိုအရင်နှစ်က မန်ချက်စတာ စီးတီးတို့လို အသင်းမျိုး မဟုတ်သေးပါဘူး..။ အဲဒီလိုအသင်းမျိုးအဆင့်ကို မရောက်ရှိခင် ခက်ခဲတဲ့အချိန်တွေကို ကျွန်တော်တို့ ဖြတ်ကျော်ရမှာပါ..။”



ချယ်လ်ဆီးအသင်းမှာ မနက်ဖြန် တနင်္လာနေ့တွင် ဝက်စ်ဟမ်းအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် လက်ရှိကြုံတွေ့နေရသည့် ရလဒ်ဆိုးများမှ ရုန်းထွက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်..။ ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ရလဒ်ဆိုးဝါးခဲ့ပါက ဖရန့် လမ်းပတ် တို့အနေဖြင့် ဖိအားများနှင့် ပိုမိုရင်ဆိုင်လာရဖွယ် ရှိနေခဲ့သည်..။ ထို့ကြောင့်လက်ရှိအသင်းတွင် မည်သည့်မှားယွင်းမှုမျိုး ရှိနေသနည်း..? ဆိုသည့် မေးမြန်းမှုအပေါ် ဖရန့် လမ်းပတ် က ယခုလို ဖြေကြားခဲ့ပါသည်..။

“ဘောလုံးကစားနည်းမှာ အမြန်ဆုံး ပြေးလွှားနိုင်ရမယ်..၊ တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင်နိုင်ရမယ်..၊ ပြိုင်ဘက်အသင်းထက် ပိုပြီးမာကျော၊ ကြံ့ခိုင်နေရမယ်ဆိုတာ အခြေခံအကျဆုံးအချက်တွေ ဖြစ်ပါတယ်..။ အဲဒီပွဲတွေမှာ ကျွန်တော်တို့ဟာ ပုံမှန်ခြေစွမ်းထက် (၁၅%) ကနေ (၂၀%) ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပါတယ်..။ ကျွန်တော်ကတော့ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း နားလည်ပါတယ်..။

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ ရှိနေဖို့ လိုအပ်ပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံကောင်းမွန်နေသလို အမှတ်ပေးဇယားထိပ်က အသင်းတွေနဲ့လည်း သိပ်ပြီးအမှတ်ကွာခြားလှတာ မဟုတ်ပါဘူး..။ မနှစ်ကထက်စာရင် အမှတ်ပေးဇယားထိပ်က အသင်းနဲ့ အမှတ်ကွာခြားမှု လျော့နည်းလာတာဟာ တိုးတက်လာတဲ့အချက်ပါ..။ ဒါ့ကြောင့်အဲဒီပွဲမတိုင်ခင်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ပွဲတွေကို ပြန်ပြီးအမှတ်ရဖို့ လိုအပ်ပါတယ်..။”



အသင်း၏ကစားသမားများနှင့် ကိုက်ညီမည့် ကစားနည်းစနစ်ကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ အသင်းမှ အချို့ကစားသမားများမှာ မိမိတို့နှင့် ကိုက်ညီမှုမရှိသည့်နေရာများတွင် ကစားပေးနေရသည် (out of position) ဆိုသည့် ပရိသတ်များက ဝေဖန်နေသည့်အပေါ် ဖရန့် လမ်းပတ် က လက်ရှိကျင့်သုံးနေသည့် ၄- ၃- ၃ ကစားကွက်အပေါ်တွင် ယုံကြည်မှုအပြည့် ရှိနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်..။

“ကစားသမား ရွေးချယ်တာနဲ့ ကစားကွက်ပုံစံ ချမှတ်တဲ့နေရာမှာ ကျွန်တော်ရွေးချယ်လိုက်တဲ့ ကစားသမားတွေနဲ့ ကစားကွက်ပုံစံကို ပရိသတ်အားလုံး ကျေနပ်ကြမယ့်နေ့ဟာ ဘယ်တော့မှ ရောက်ရှိလာမှာ မဟုတ်ပါဘူး..။ အဲဒါကို နားလည်ထားပါတယ်..။

ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ကိုယ်လုပ်ဆောင်ခဲ့သမျှ၊ ဖြတ်သန်းခဲ့သမျှ အပေါ်ကိုပဲ ယုံကြည်ထားဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့ ရှုံးပွဲမရှိ ဖြတ်သန်းခဲ့တဲ့ကာလနဲ့ ၄- ၃- ၃ ပုံစံကို ပြောင်းလိုက်တဲ့အချိန်ဟာ တိုက်ဆိုင်နေခဲ့တာကြောင့် အဲဒီကစားကွက် အခင်းအကျင်းဟာ ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ပုံစံပဲလို့ နားလည်ခဲ့ပါတယ်.။ အဲဒီကစားကွက် အခင်းအကျင်းကြောင့် အသင်းက ကစားသမားတွေရဲ့ အင်အားကို ပိုမိုကောင်းမွန်လာစေခဲ့သလို ရလဒ်ပိုင်းနဲ့ ကစားပုံကောင်းမွန်ခဲ့တယ်..၊ ကစားသမားအချင်းချင်း ချိတ်ဆက်မှုပိုင်းတွေလည်း ကောင်းမွန်ခဲ့ပါတယ်..။

ကျွန်တော့်အနေနဲ့ အဲဒီအခင်းအကျင်းထဲမှာပဲ ဘောလုံးပေးပို့မှုတွေ ဘယ်လိုပြုလုပ်မယ်..၊ ကစားကွက် မြန်ဆန်လာအောင် ဘယ်လိုပြုလုပ်မယ်..၊ ဖိအားပေးမှုတွေ ပိုပြီးကောင်းမွန်လာအောင် ဘယ်လိုပြုလုပ်မယ်.. စတင်ဖြင့် ပိုပြီးတိုးတက်လာအောင် ပြုလုပ်ရမယ့် အသေးစိတ် အချက်တွေ ရှိနေပါတယ်..။

ဒါ့ကြောင့်အခြေအနေဟာ သူတို့တွေပြောနေသလို လုံးဝကြီးဆိုးရွားနေတာ မဟုတ်ပါဘူး..။ အမှန်တကယ် ရသင့်တဲ့ စွမ်းဆောင်ရည်ရဲ့ (၇၀%) ရာခိုင်နုန်းလောက်ပဲ ရရှိနေတဲ့အပေါ် ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်..။”