မ နေ့က စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ရှက်ဖီးလ် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်အပေါ် တော့တင်ဟမ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် နှင့် အဲဗာတန်အသင်း ကစားသမားဟောင်း တင် ကာဟေးလ် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့သည်..။
(၁)
ဂယ်ရီ_လိုင်နီကာ - ဒီနေ့ပွဲဟာ ဘယ်လိုပဲဖြစ်ဖြစ် ရှက်ဖီးလ် ယူနိုက်တက်အသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ရလဒ်ကောင်းတစ်ခုပါပဲ..။ ဒီနေ့ပွဲစဉ်မှာ သူတို့အသင်းရဲ့ နာမည်ပြောင် (The blades) နဲ့ ခိုင်းနှိုင်းရမယ်ဆိုရင် ပထမပိုင်းမှာ သူတို့အသင်းရဲ့ ကစားပုံဟာ အသွားတုံးတုံးနဲ့ သံချေးတက်နေတဲ့ ဓါးတုံးကြီးတစ်ခုနဲ့ တူတယ်လို့ ပြောရမှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ အသွားထက်မြက်တဲ့ ဓါးသွားလိုပဲဗျ… ဟုတ်တယ်မလား.. ဂျာမိန်း ရေ..
ဂျာမိန်း_ဂျီးနပ်စ် - သေချာတာပေါ့ဗျာ..။ ပထမပိုင်းတစ်ပိုင်းလုံးမှာ သူတို့ဟာ ချယ်လ်ဆီးအသင်းကို ကြောက်နေတဲ့ပုံပဲဗျ..။ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲကနေ မထွက်ရဲပဲ ဖြစ်နေတာကြောင့် အခုပုံ (၁) မှာ ပြထားတဲ့အတိုင်း အီမာဆန်..၊ တီမိုရီ တို့ဟာ ကွင်းလယ်ကြောကနေ တန်မီ ရဲ့ ပြေးလမ်းထဲကို စိတ်ကြိုက်ပေးပို့နိုင်တဲ့ အနေအထားတွေ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်တန်မီ အေဘရာဟမ် ဟာ သူ့ရဲ့ပြေးအား၊ လှုပ်ရှားမှုတွေနဲ့ ရှက်ဖီးလ် အသင်းရဲ့ ခံစစ်ကြောင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်..။ ဒီလိုနဲ့ ခံစစ်ဇုန်ထဲမှာပဲ အချိန်ကြာလာတဲ့အခါ အမှားအယွင်းတွေ ပြုလုပ်မိလာခဲ့ပါတယ်..။
ပထမဂိုးမှာဆိုရင် ညာတောင်ပံကနေ ဖြတ်တင်မယ့် အက်ဇ်ပီလီကွဲတား ကို ဘယ်သူမှ ပိတ်ဆို့မယ့်သူ မရှိတာကြောင့် (ပူးတွဲ ပုံ - ၂) တန်မီ အေဘရာဟမ် ခေါင်းတိုက်ခွင့် ရခဲ့ပါတယ်..။ ဒီထက်ဆိုးတာက ဂိုးသမား ဟန်ဒါဆင် ဟာ အခုထက်ပို စောစောပြေးထွက်ပြီး အဲဒီဘောလုံးကို အမိဖမ်းနိုင်သင့်ပါတယ်..။
ဒုတိယဂိုးမှာတော့ အခုပူးတွဲပုံ (ပုံ -၃) မှာ ပြထားတဲ့အတိုင်း ဂျော်ဂင်ဟို ဟာ ရှက်ဖီးလ် ကွင်းဘက်အခြမ်းကို အေးအေးဆေးဆေး ဘောလုံးနဲ့အတူ ဆွဲတက်လာနိုင်ခဲ့ပါတယ်..။ ဘယ်သူမှ ဝင်ပြီးလုဖို့ ကြိုးစားတာ..၊ လွတ်လွတ်လပ်လပ်ပေးပို့လို့ မရအောင် အနှောက်အယှက်ပေးတာ မရှိခဲ့ပါဘူး..။ ခင်ဗျားတို့ိသိတဲ့အတိုင်းပါပဲ.. ဂျော်ဂင်ဟို ဟာ ထိပ်တန်းကွင်းလယ် ကစားသမား တစ်ယောက်ပါ..၊ သူ့လိုကစားသမားမျိုးကို အနှောင့်အယှက် မပေးပဲ
အခုပူးတွဲပုံ (၄) မှာ ပြထားတဲ့အတိုင်း စိတ်ကြိုက်ပေးပို့ခွင့်ရဖို့ အချိန်နဲ့ အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကောင်းကောင်းဒုက္ခရောက်မှာပါ..။ အခုလည်းသူက တန်မီ အေဘရာဟမ် ပြေးထွက်မယ့်အချိန်ကို အချိန်ကိုက် အတိအကျ ခုတ်တင်ပေးပို့လိုက်ပါတယ်..။ အဲဒီအချိန်မှာ ဗဟိုနောက်ခံလူနှစ်ယောက်တိုက်မိပြီး တန်မီ ရဲ့ ပြေးလမ်းထဲကို ကွက်တိချပေးလိုက်သလို ဖြစ်သွားခဲ့ရပါတယ်..။ နောက်ထပ်အမှားတစ်ကြိမ်ပေါ့ဗျာ..။ ဒါ့ကြောင့်အဲဒီအချိန်ထိ သူတို့အသင်းရဲ့ ကစားပုံဟာ ချန်ပီယံရှစ်ပြိုင်ပွဲက အသင်းအတိုင်းပါပဲ..။
ပထမပိုင်းအပြီးမှာ ခရစ်စ် ဝဲလ်ဒါးစ် ဟာ သူ့အသင်းသားတွေကို ကစားပုံပြောင်းလဲဖို့ မှာကြားခဲ့ပုံ ရပါတယ်..။ ပွဲစတာနဲ့ သူတို့ဟာ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲက အကုန်ထွက်ထိုးဖောက်ပြီး ချယ်လ်ဆီးအသင်း အထနှေးခဲ့တဲ့ အချက်ကို အမိအရ အသုံးချနိုင်ခဲ့ပါတယ်..။ ပထမဆုံး ထိုးဖောက်မှုမှာတင် ချေပဂိုး ရရှိခဲ့တာကြောင့် သူတို့အသင်းဟာ ယုံကြည်မှုပိုပြီး ရရှိလာခဲ့တာပေါ့ဗျာ..။ ကျွန်တော်ကတော့ ဒီပွဲမှာ အဲဒီအခိုက်အတန့်က အရေးပါခဲ့တဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲစဉ်က ရလဒ်တစ်ခုတော့ ရရှိနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်ကို ရရှိခဲ့ကြပါလိမ့်မယ်..။ နောက်ထပ်အလှည့်အပြောင်း တစ်ခုက တန်မီ အေဘရာဟမ် ရဲ့ အနီးကပ် ပိတ်သွင်းချက်ကို ဂိုးသမား ဟင်ဒါဆန် ကာကွယ်ပေးနိုင်ခဲ့တဲ့ အခိုက်အတန့်ပါ..။
အဲဒီနောက်ပိုင်းမှာ ပွဲရဲ့အနေအထားဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး ရှက်ဖီးလ် အသင်းရဲ့ ကစားပုံ ပိုပြီးကောင်းမွန်လာခဲ့ပါတယ်..။ ပွဲရဲ့အရှိန်နဲ့ ချိန်ခွင်လျာဟာ ရှက်ဖီးလ်အသင်းဘက်ကို ရောက်လာတယ်လို့ အားလုံးကခံစားမိကြမှာပါ..။ ဒီနေ့ဒုတိယပိုင်းမှာ ရှက်ဖီးလ် အသင်းက ကာလန် ရော်ဘင်ဆန် ဟာ ပါးပါးနပ်နပ်နဲ့ ရွေ့လျားပြီး ပထမချေပဂိုး သွင်းယူပေးခဲ့သလို ဒုတိယ ချေပဂိုးရရှိခဲ့တဲ့ သူ့ရဲ့ပေးပို့မှုက သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ သူ့ရဲ့ပေးပို့ချက် ဂိုးရှေ့ကို ဝေ့ဝှိုက်ကျလာတဲ့အချိန် ချယ်လ်ဆီးနောက်တန်းလူ (၃) ယောက်ရှိနေပေမယ့် အချင်းချင်းနားလည်မှု လွဲမှားပြီး ဇူးမား က ကိုယ့်ဂိုးကိုယ် သွင်းပေးလိုက်သလို ဖြစ်ခဲ့ရပါတယ်..။ ပွဲအပြီးမှာ ခရစ်စ် ဝဲလ်ဒါးစ် ဟာလည်း သူ့အသင်းသားတွေရဲ့ စွမ်းဆောာင်ရည်အပေါ် ကျေနပ်တဲ့အကြောင်း ပြောသွားခဲ့သလို သူတို့အနေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းလို အရှိန်အဝါ ကြီးမားတဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းတစ်ခု ဆောင်ယူနိုင်ခဲ့တာကြောင့် ရှေ့ဆက်မယ့် ခရီးလမ်းအတွက် ယုံကြည်မှုတွေ ပိုပြီးရရှိလာမှာပါ..။
(၂)
ဂယ်ရီ_လိုင်နီကာ - ဒီနေ့ပွဲက ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်းရဲ့ ပျမ်းမျှအသက်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပျမ်းမျှအသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့ပါတယ်..။ တင် ရေ.. ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဘာမှဖြည့်စွက်ပြီး ပြောချင်တာ ရှိသေးလဲဗျ..?
တင်_ကာဟေးလ် - လမ်းပတ် အတွက် ကျွန်တော်စိတ်မကောင်းပါဘူး..။ သူတို့အသင်းက ဒဏ်ရာရ ကစားသမားတွေကို ကြည့်မယ်ဆိုရင် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ရူဘင် လော့ဖ်တပ်စ် ချိခ်..၊ အန်ဂိုလို ကန်တေး..၊ ပီဒရို.. အားလုံးဟာ တကယ့်ထိပ်တန်း ကစားသမားကြီးတွေ ဖြစ်တဲ့အပြင် ဒီထက်ပိုဆိုးတာ သူလိုချင်တဲ့ ကစားသမား ခေါ်ယူခွင့်လည်း မရခဲ့ပါဘူး..။ ဒါ့ကြောင့်အခုလောလောဆယ် အခြေအနေမှာ သူဟာ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ပဲ သူလိုချင်တဲ့ ကစားဟန်..၊ သူလိုချင်တဲ့ ဒသနကို သွတ်သွင်နေရတဲ့ အနေအထား ဖြစ်နေတာပေါ့..။
ဒါ့အပြင် အခုမှ ပရီးမီးယားလိဂ်မှာ အခုမှပထမဆုံးအကြိမ် တာဝန်ယူဖူးတာဆိုတော့ လက်ရှိအနေအထား အရဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကျေနပ်စရာပါ..။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ (၆၇) မိနစ်.၊ (၆၈) မိနစ်လောက်ဆိုရင် အမြဲတမ်းလိုလို ဂိုးတွေပေးနေရတယ်ဗျ..၊ ရာသီမကုန်ခင် အဲဒီပြသနာကို သူရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။
ဂျာမိန်း_ဂျီးနပ်စ် - အင်းဗျ.. သူ့အပေါ် စိတ်ရှည်ပေးနိုင်ဖို့ လိုအပ်လိမ့်မယ်ဗျ..
ဂယ်ရီ_လိုင်နီကာ - ချယ်လ်ဆီးအသင်းမှာ စိတ်ရှည်ပေးတယ်ဆိုတာ ရှိဖူးလို့လားဗျာ..၊ ဟုတ်ပါပြီ..။ ကျွန်တော်တို့ တခြားပွဲတွေအကြောင်း ဆက်ပြီးဆွေးနွေးကြတာပေါ့…
#FRANK