စနေနေ့က Molineux ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဝုလ်ဖ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အပြီး ထိုနေ့က အထူးခြေစွမ်း၊ hat-trick ရယူပေးနိုင်ခဲ့သည့် လူငယ်အကယ်ဒမီ တိုက်စစ်မှူး တန်မီ အေဘရာဟမ် ၏ ခြေစွမ်းအပေါ် အင်္ဂလန်အသင်း ဂန္ထဝင် တိုက်စစ်မှူးဟောင်းများ ဖြစ်ကြသည့် ဂယ်ရီ လိုင်နီကာ၊ အလန် ရှီးယားရား နှင့် အီယန် ရိုက် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့ကြသည်..။
(၁)
#ဂယ်ရီ_လိုင်နီကာ - ဒီနေ့ပွဲမှာဆိုရင် တန်မီ အေဘရာဟမ် ဟာ တစ်ပွဲတည်းမှာ သုံးဂိုးသွင်းယူပေးခဲ့ပြီး (hat-trick ရခဲ့ပြီး) ချယ်လ်ဆီးအသင်းအတွက် တတိယမြောက် hat-trick ရခဲ့တဲ့ အင်္ဂလိပ် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်..။ ကျန်တဲ့ကစားသမား နှစ်ယောက်ကတော့ ဖရန့် လမ်းပတ် နဲ့ ဂယ်ဗင် ပီးကော့ တို့ပါပဲ..။ အီယန် ရေ.. ဒီကောင်လေးရဲ့ အခုနှစ်ဘောလုံးရာသီအဖွင့် ခြေစွမ်းကတော့ ကြောက်ခမန်းလိလိပါပဲ.. ဟုတ်တယ်မလားဗျ..
#အီယန်_ရိုက် - ဟုတ်ပါတယ်..၊ တကယ့်ကို ကောင်းမွန်ခဲ့တဲ့ ရာသီအဖွင့်ခြေစွမ်းလို့ ပြောရမှာပါ..။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဖွင့်ပွဲစဉ်မှာတော့ သူ့ရဲ့ခြေစွမ်းဟာ သိပ်ပြီးမကောင်းခဲ့ပါဘူး..။ အခွင့်အရေးတစ်ချို့ လွဲချော်ခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲအဆင့်အတွက် အသင့်မဖြစ်သေးဘူးဆိုတဲ့ သုံးသပ်ချက်တွေကြောင့် ဖိအားတွေ ရှိနေခဲ့ပုံ ရပါတယ်..။ ဒါပေမယ့် မန်နေဂျာက သူ့ကိုဆက်ပြီး ယုံကြည်ပေးခဲ့ပါတယ်..။ သူနဲ့ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံးက ဂိုးသွင်းယူတဲ့အချိန် ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ချမှတ်နိုင်၊ အကောင်အထည် ဖော်နိုင်ခဲ့တာကိုပါပဲ..။ ပထမဂိုးမှာဆိုရင် ဝုလ်ဖ် နောက်တန်းက မေဆန် ကို ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ သူ့ဆီရောက်လာပါတယ်..၊ တစ်ချက်လှည့်ပြီး ကန်ဖို့အသင့်ဖြစ်နေတဲ့အချိန် အများစုက အခုပူးတွဲပုံ (ပုံ - ၁) မှာ ပြထားတဲ့ အစိမ်းရောင်အကွက်နေရာ.. (ဂိုးသမားရဲ့ ဘယ်ထောင့်- ထောင့်ကျယ်) ကိုပဲ ကန်သွင်းကြမှာပါ..။
ဂိုးသမားကလည်း သူ့ရဲ့ဘယ်ထောင့်ကိုပဲ ကန်လိမ့်မယ်ဆိုပြီး ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် အခုသူက ပုံ (၂) မှာ ပြထားတဲ့အတိုင်း ထောင့်ကျဉ်းဘက်ကိုကန်ပြီး ဂိုးသမားနဲ့ နောက်တန်းလူတွေ မျှော်လင့်မထားတဲ့ ကန်ချက်မျိုးနဲ့ ဂိုးရအောင် ကန်သွင်းသွားခဲ့ပါတယ်..။ ဒီလိုဆုံးဖြတ်ချက်နဲ့ ကန်သွင်းချက်မျိုးကို သွေးအေးပြီး ယုံကြည်ချက် ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေကပဲ ပြုလုပ်ကြမှာပါ..။
#အလန်_ရှီးယားရား - ဒုတိယဂိုးမှာလည်း သူ့ရဲ့နေရာယူပုံ အတော်လေး ပါးနပ်တာကို တွေ့ခဲ့ရပါတယ်..။ ဘယ်ခြမ်းက မားကို့စ် အလွန်ဆို ကန်တင်မယ့်အချိန်မှာ သူဟာနောက်ခံလူ ကော်နာ ကိုအာဒီ ရဲ့ နောက်ကိုရောက်နေခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်ပိုင်းလေး အတွင်းမှာပဲ အခုပုံ (၃) မှာ ပြထားတဲ့အတိုင်း ကိုအာဒီ ကို အသာလေးတွန်းပြီး သူ့ရဲ့ရှေ့ကိုရောက်အောင် နေရာယူသွားခဲ့ပါတယ်..။ အဲဒီလို အချိန်ကိုက် လှုပ်ရှားမှုနဲ့ အားပါတဲ့ ခေါင်းတိုက်ချက်ကြောင့် ဂိုးသမား ပက်ထရီစီယို မှာ ဘာမှမတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်..။ နေရာလွတ် (space) ကို ရှာဖွေပြီး အတိအကျ နေရာယူတတ်တဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတယ်လို့ပဲ ပြောရမှာပါပဲ..။
(၂)
#အီယန်_ရိုက် - တတိယဂိုးမှာတော့ ကွင်းလယ်က ဂျော်ဂင်ဟို သူ့ရဲ့ပြေးလမ်းထဲကို ခုတ်တင်ပေးလိုက်တဲ့အချိန် သူ့ရဲ့ပထမဆုံး ထိချက်တွေက သိပ်မသပ်ရပ်ခဲ့ပါဘူး..။ ဒါပေမယ့် ကံကောင်းချင်တော့ ဘောလုံးက ခုန်နေပြီး သူ့ဆီပဲ ပြန်ပါသွားခဲ့ပါတယ်..။ ဘောလုံးငြိမ်သွားအောင် တစ်ချက်ထိန်းတယ်…၊ ဆွဲထုတ်တယ်… Wow..!!! အရမ်းကိုမြန်တာပဲဗျာ..။ အဆုံးသတ်ချက်ကလည်း သိပ်ကိုသပ်ရပ်ပါတယ်..။ ကြည့်ပါဦးဗျာ.. သူ့ရဲ့ရွေ့လျားမှုတွေ ဘယ်လောက်မြန်သလဲဆိုတာ….။ လူငယ်အသင်းပွဲတွေမှာလည်း ဒီလိုပုံစံ .. တစ်ချက်ဆွဲထုတ်တယ်..၊ ကန်သွင်းတယ်.. အဲဒီလိုပုံစံ သွင်းဂိုးမျိုးတွေကို သူသွင်းယူနေကျပဲဗျ..။ တစ်ချက်ထိန်းပြီး ကိုအာဒီ ရဲ့ ဘယ်ဘက်ကို ဆွဲထုတ်သွားတဲ့ လှုပ်ရှားမှုဟာ တကယ့်ကို လှပပါတယ်..။ ကော်နာ ကိုအာဒီ ဟာ နောက်ခံလူကောင်းတစ်ယောက် ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူဘာမှ မတတ်နိုင်ခဲ့ပါဘူး..။
#အလန်_ရှီးယားရား - သုံးဂိုးစလုံးကို ပုံစံသုံးမျိုးနဲ့ သွင်းပေးခဲ့တာဗျ..။ ပထမဂိုးကတော့ နောက်ခံလူတွေကြား.. ရှုတ်ရှက်ခက်နေတဲ့ အနေအထားမှာ ကန်သွင်းသွားတဲ့ဂိုး (scrappy goal) ပေါ့..။ ဒုတိယဂိုးက ဒုံးပျံတစ်စင်းလို အဖြောင့်ခေါင်းတိုက်ချက် (bullet header) ဖြစ်ပြီး တတိယဂိုးမှာတော့ နောက်တန်းလူကို သူလိုချင်တဲ့ အနေအထားရောက်လာအောင် ဆွဲခေါ်ပြီး လျှင်မြန်တဲ့ပြေးအား၊ တိကျတဲ့ အဆုံးသတ်မှုနဲ့ အရယူသွားခဲ့တာပါ..။
#ဂယ်ရီ_လိုင်နီကာ - အခုအပေါ်က ပူးတွဲပုံ (ပုံ -၄) မှာဆိုရင် ချယ်လ်ဆီးအသင်းမှာ အသက် (၂၁) နှစ်အောက် လူငယ်ကစားသမားတွေ ပါဝင်ခွင့်ရခဲ့တဲ့ မိနစ်တွေကို ဖော်ပြပေးထားပါတယ်..။ ဖရန့် လမ်းပတ် လက်ထက်မှာ ပရီးမီးယားလိဂ် (၅) ပွဲပဲ ကစားထားရသေးပေမယ့် လူငယ်ကစားသမားတွေ အများဆုံး ပါဝင်ခွင့်ရထားတဲ့ ၂၀၀၄/၀၅ ဘောလုံးရာသီကို မှီတော့မယ်ဗျ..။ အလန် ရေ… ဖရန့် လမ်းပတ် ရဲ့ လူငယ်သွေးသစ်..၊ အကယ်ဒမီ ကစားသမားတွေကို နေရာပေးနေတဲ့အပေါ် ခင်ဗျားရဲ့ထင်မြင်ချက်လေး ပြောပြပေးနိုင်မလား..?
#အလန်_ရှီးယားရား - ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းဟာ အပြောင်းအရွှေ့ အပိတ်ခံရတဲ့ ပြစ်ဒဏ်ကြောင့် အခုလိုလူငယ်ကစားသမားတွေကို ဦးစားပေးဖို့ တွန်းပို့ခံနေရတယ်လို့ ဆိုကြပါတယ်...။ ဒါပေမယ့် ဖရန့် ကိုယ်တိုင်ကလည်း သူတို့လေးတွေကိုယ်တိုင်က ထိုက်တန်လို့ အခွင့်အရေး ရတာလို့ပဲ ယုံကြည်ထားပုံ ရပါတယ်..။ လူငယ်ကစားသမားလေးတွေကလည်း သူတို့ကို ပေးအပ်ခဲ့တဲ့ အခွင့်အရေးတွေနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို အကောင်းဆုံး ပြသနိုင်ခဲ့ကြပါတယ်..။
#ဂယ်ရီ_လိုင်နီကာ - ဝုလ်ဖ်အသင်းရဲ့ ဒီနေ့ခြေစွမ်းကိုရော ဘယ်လိုမြင်မိလဲဗျ..? ကြားရက်မှာ ကန်ခဲ့ရတဲ့ ယူရိုပါ လိဂ်ပြိုင်ပွဲကြောင့် ပွဲပန်းတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ရော မထင်မိဘူးလား..?
#အီယန်_ရိုက် - ဒါကတော့ဗျာ..၊ ဥရောပပြိုင်ပွဲမှာ သူတို့ပါဝင်ရပြီဆိုတော့လည်း ပြိုင်ပွဲနှစ်ရပ်ကို အကောင်းဆုံး ဖြတ်သန်းနိင်အောင် ကြိုးစားရမှာပေါ့..။ အရင်ကလည်း သူတို့လိုအသင်းမျိုးတွေ အဓိကပြိုင်ပွဲနှစ်ရပ်မှာ ရုန်းကန်ခဲ့ရတာကို ခင်ဗျားတို့၊ ကျွန်တော်တို့ တွေ့ခဲ့ဖူးကြတာပဲလေ..။
#အလန်_ရှီးယားရား - ဝုလ်ဖ်အသင်းက အခုကစားခဲ့တဲ့ (၅) ပွဲအတွင်း ပွဲထွက်လူစာရင်း အပြောင်းအလဲ (၁၀) ကြိမ် ပြုလုပ်ခဲ့ပါတယ်..။ ယူရိုပါ လိဂ်ပြိုင်ပွဲမှာ မပါဝင်ခဲ့ရတဲ့ မနှစ်တုန်းကဆိုရင် ပွဲစဉ် (၁၆) အထိရောက်မှ လူစာရင်း အပြောင်းအလဲ (၁၀) ကြိမ် ပြည့်ခဲ့တာဗျ..။ ဒါ့ကြောင့် ယူရိုပါ လိဂ်ပြိုင်ပွဲဟာ သူတို့အသင်းအပေါ် ပွဲပန်းစေခဲ့တယ်ဆိုတာ သေချာတာပေါ့ဗျာ..။
#FRANK