အင်္ဂါနေ့ညက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဗလင်စီယာအသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု (H) ပွဲစဉ်အပေါ် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း အိုင်ဒါ ဂတ်ဂျွန်ဆင် နှင့် အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် တို့က BT Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။
(၁)
#ဂျိတ်ခ်_ဟမ်းဖရေး - ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်းပွဲစဉ်တွေဟာ အရေးကြီးတယ်ဆိုတာ အားလုံးသိကြပါတယ်..။ နောက်အပါတ်တွေကျရင် အဝေးကွင်းပွဲစဉ်တွေ ရင်ဆိုင်ရတော့မှာဆိုတော့ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်းအတွက် ပိုပြီးခက်ခဲတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်..။ ဒါ့အပြင် ဒီနေ့ပွဲစဉ်အတွင်း ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ချယ်လ်ဆီးကစားသမားတွေဟာ အဝတ်လဲခန်းထဲ ရောက်သွားတဲ့အချိန်ကျရင် အတော်လေး အငြင်းအခုန် ပြောဖြစ်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဖရန့် လမ်းပတ် အတွက်ကလည်း အခုဒီပွဲမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ..၊ အထူးသဖြင့် ရော့စ် ဘာကလေ ရဲ့ ပင်နယ်တီကန်ချက် လွဲချော်သွားခဲ့ရတဲ့ အဖြစ်အပျက်နဲ့ အဲဒီကန်ချက်မတိုင်ခင် ကစားသမားတွေအကြား အငြင်းပွားစရာတွေ ဖြစ်ခဲ့ရတာဟာ အခုအချိန်ထိ သူ့ရဲ့မန်နေဂျာသက်တမ်းအတွင်း အကြီးမားဆုံး ကိစ္စရပ်ကြီးပဲ မဟုတ်ဘူးလားဗျ..
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - ဟုတ်ပါတယ်..၊ ဒီနေ့ပွဲမှာ ရော့စ် ဘာကလေ ရဲ့ လုပ်ရပ်ဟာ ကိုယ့်ရဲ့အသင်းဖော်တွေကို မလေးစားတဲ့ပုံစံ ဖြစ်နေတယ်ဗျ..။ တကယ်တော့ ပွဲကန်တဲ့အချိန် ပင်နယ်တီ ရခဲ့မယ်ဆိုရင် ဘယ်သူကန်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး ဖြစ်မှာပါ..။
အခုလို ရှုပ်ထွေးမှုတွေ..၊ အသင်းဖော်တွေနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်စေတာတွေ..၊ ကိုယ်ရတဲ့ကန်ချက်ကို လွဲအောင်ကန်ပြီး ဖိအားတွေ ပိုပြီးများပြားစေခဲ့တာဟာ ပင်နယ်တီ ကန်သွင်းတယ် ဆိုတာထက် ပိုခဲ့ပါတယ်..။
#ဂျိတ်ခ်_ဟမ်းဖရေး - သူ့အနေနဲ့ အဲဒီလို လုပြီးကန်ဖို့ကော လိုအပ်လို့လားဗျာ..။ တကယ်တော့ ပင်နယ်တီကန်တယ်..၊ လွဲချော်တယ်ဆိုတာ ဘာမှသိပ်ပြီး ကြီးမားတဲ့ ပြသနာ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာတော့ ရှော့ခ်အကြီးကြီး ဖြစ်သွားရတာပေါ့ဗျာ..။
#အိုဝင်_ဟားဂရိဗ် - ပွဲမစခင်ကတည်းက ပင်နယ်တီ ရခဲ့မယ်ဆိုရင် ဘယ်သူကန်ရမလဲဆိုတာ အသင်းမှာ ရှိပြီးသား ဖြစ်မှာပါ.။ တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်..၊ နှစ်ယောက်လည်း ဖြစ်နိုင်ပါတယ်..။ ဂျော်ဂင်ဟို ဗျာ..၊ ဝီလီယံ ဗျာ..၊ ရော့စ် ဘာကလေ လည်း ပါလိမ့်မယ်..၊ ဒါပေမယ့် သူကအရန်ခုံကနေ ဝင်လာခဲ့ပါတယ်..။ သေချာတာက သူဟာဒီပွဲအတွက် အစီအစဉ်ဇယားကို ကြားဖြတ်ခဲ့တယ်ဗျ..။ ဝီလီယံ က မကြိုက်တဲ့အကြောင်း သိသိသာသာ ပြသပါတယ်..။ ဂျော်ဂင်ဟို လည်း ကြိုက်မှာမဟုတ်ပါဘူး..။ ကဲပါ.. သူဒီလိုလုပ်လိုက်တယ်..၊ သူ့ရဲ့ယုံကြည်မှု ကောင်းမွန်တဲ့အပေါ် ချီးကျူးပါတယ်..၊ ဒါပေမယ့် အဲဒီလို အသင်းဖော်တွေ မနှစ်သက်မယ့် ကိစ္စရပ်မျိုးကို ပြုလုပ်မိပြီဆိုရင် သေချာပေါက် ဂိုးရအောင် အဆုံးသတ်ပေးနိုင်ရပါမယ်..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပင်နယ်တီကန်ချက်ဟာ ‘စကတည်းက ယဉ်သကို’ လို့ ဆိုရမလိုပါပဲ..။ ပေးပို့ဆုံးဖြတ်တဲ့အချိန်မှာလည်း ဒိုင်လူကြီးဟာ အချိန်အကြာကြီး ယူခဲ့ပြီးမှ ဆုံးဖြတ်ချက်ချခဲ့ပါတယ်..။
#ဂျိတ်ခ်_ဟမ်းဖရေး - လက်ထိတဲ့အချိန်မှာ နည်းဥပဒေအရ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးကြီးမားအောင် ဆန့်ထုတ်တဲ့သဘော သက်ရောက်မှု ရှိ၊ မရှိ ဆုံးဖြတ်တယ်လို့ ပြောပါတယ်.။ ကျွန်တော်တို့ စတူဒီယိုထဲက VAR ကြည့်ပေးနေတဲ့ ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန် ကလည်း ပင်နယ်တီပေးတဲ့ ဆုံးဖြတ်ချက်ကို သဘောတူပါတယ်..။
#အိုဝင်_ဟားဂရိဗ် - သေချာတာပေါ့..၊ ကြည့်နေရင်းနဲ့ကို ပင်နယ်တီပေးရမယ်ဆိုတာ ချက်ချင်းပြောနိုင်ပါတယ်..။
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - ကျွန်တော်တို့အားလုံး ပင်နယ်တီ ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို သဘောတူကြပါတယ်..။ လုပ်ထုံးလုပ်နည်းအရ ကွင်းဘေးမှာ Replay ပြန်ကြည့်နေတဲ့အချိန်မှာကို ပင်နယ်တီပေးလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို အားလုံးရခဲ့ကြမှာပါ..။
#ဂျိတ်ခ်_ဟမ်းဖရေး - ကဲပါ.. ပင်နယ်တီ ရပြီပေါ့ဗျာ..၊ ချယ်လ်ဆီးအသင်းမှာ ပင်နယ်တီကန်သွင်းတဲ့နေရာမှာ ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်..။ အဲဒီတော့… ဂျော်ဂင်ဟို..၊ ဝီလီံယံ တို့နဲ့ ဘာကလေ တို့ ဘယ်လိုဆက်ပြီး ဖြစ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာဆက်ပြီး ကြည့်ကြရအောင်…
(၂)
#အိုဝင်_ဟားဂရိဗ် - ပင်နယ်တီ ရပြီဆိုတာနဲ့ ရော့စ် ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်..။ သူကပဲ ဘောလုံးကို အမြန်ဆုံး ကောက်ကိုင်လိုက်ပြီး ပင်နယ်တီ ကန်သွင်းမယ့်နေရာကို တန်းပြီးသွားပါတယ်..။ ပထမဆုံး သူ့ကိုစပြီး ပြောတဲ့သူက အပေါ်ကပုံ (ပုံ - ၁) မှာ ပြထားတဲ့အတိုင်း ပီဒရို ဗျ..။ မရဘူး.. သူအရမ်းကို စိတ်အားထက်သန်နေတယ်..၊ ဘောလုံးကိုတည်ပြီး စောင့်နေတဲ့အချိန် ဘယ်သူမှတောင် သူ့အနားရောက်မလာသေးဘူး..၊ ဒုတိယရောက်လာတာက ဂျော်ဂင်ဟို ပါ..။ သူလည်းကန်ချင်ပါတယ်..၊ တန်မီ အေဘရာဟမ် က လာပြီးဆုတောင်းပေးတယ်..၊ ဝီလီယံ ရောက်လာတယ်.. ဒါပေမယ့် အောက်က ပုံ (ပုံ - ၂) မှာ ပြထားတဲ့အတိုင်း ‘ရတယ်.. ငါပဲကန်မယ်…၊ ဘာမှစိတ်မပူနဲ့’ လို့ ဘာကလေ က ပြန်ပြောလိုက်တယ်..။ နောက်တော့ ဂျော်ဂင်ဟို နောက်တစ်ခေါက် ပြန်ရောက်လာပြီး လာပြီးအားပေးစကားပြောတယ်..၊ တန်မီ က ထပ်ပြီး စကားပြောတယ်..။ ဝီလီယံ က အဲနားက မခွာသေးဘူး..။ ‘ငါကမင်းထက် အများကြီးပိုပြီး စီနီယာကျတယ်..၊ မင်းငါ့ကို ပေးကန်သင့်တယ်’ ဆိုတဲ့ သဘောနဲ့ ကြည့်နေတယ်..။ ရော့စ် ကတော့ ရှင်းပါတယ်..၊ စိတ်ပိုင်းဖြတ်ပြီးပါပြီ..။ ကန်သွင်းလိုက်တယ်.. ဂိုးဘားတန်းထိပြီး ထွက်သွားပါတယ်..
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - ကဲဗျာ.. ခင်ဗျားသာ မန်နေဂျာ တစ်ယောက်ဆိုရင် အဲဒီလို အနေအထားမျိုးမှာ ဘာလုပ်မလဲ..? ကန်ရမယ့်ဘောလုံးနားမှာ ကစားသမား လေးယောက်၊ ငါးယောက် ရပ်နေတယ်..၊ ဘယ်သူကန်ရမလဲ သို့လော..၊ သို့လောတွေ ဖြစ်နေတယ်..၊ ကိုယ့်အသင်းခေါင်းဆောင်ကို ဝင်ပြီးမရှင်းပေးစေချင်ဘူးလားဗျာ..။ အသင်းခေါင်းဆောင် ရှိနေတာပဲလေ.. သူက 'ဟေ့ကောင်တွေ.. ပွဲမစခင်ကတည်းက ဘယ်သူကန်မယ်ဆိုတာ ဆုံးဖြတ်ပြီးသားလေ..' ဆိုပြီး တစ်ခွန်းပြောလိုက်ရင်ကို ရပါပြီ..။ အသင်းခေါင်းဆောင်ကို တာဝန်အပြည့်အဝပေးပြီး ကွင်းထဲမှာ ကစားသမားတွေရဲ့ ဖြစ်ပျက်သမျှကို ဆုံးဖြတ်ခိုင်းသင့်ပါတယ်.။"
#ဂျိတ်ခ်_ဟမ်းဖရေး - အက်ဇ်ပီလီကွဲတား ကတော့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဘာကလေ ဘက်ကနေ အားပေးစကား ပြောကြားပေးပါတယ်..။ ဒီလိုအဖြစ်အပျက်ကြောင့် ကစားသမားတွေ အချင်းချင်းကြားမှာ ဆက်ဆံရေး ထိခိုက်နိုင်ခြေရှိလား..? မပြောတတ်ဘူးဗျ..။ ခင်ဗျားတို့ရော အခုလိုအဖြစ်အပျက်မျိုးတွေ ကြုံခဲ့ဖူးလားဗျ..
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - ကြုံခဲ့ဖူးတာပေါ့..။ ကျွန်တော်တို့တုန်းကတော့ အဝတ်လဲခန်းထဲ ပြန်ရောက်တဲ့အချိန် နည်းပြဝန်ထမ်းတွေဆီကဖြစ်ဖြစ်..၊ ကစားသမား အချင်းချင်းဖြစ်ဖြစ် ပြင်းပြင်းထန်ထန် ပြောကြ၊ ဆိုကြတာတွေ ရှိခဲ့ပါတယ်..။ ကျွန်တော်တို့အာလုံးဟာ နာမည်ရှိတဲ့သူတွေ..၊ အရှိန်အဝါ ကြီးတဲ့သူတွေဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းပြင်းထန်နေတဲ့အချိန်မှာ လူတိုင်းရဲ့အာရုံစိုက်မှုကို ရရှိချင်တာပဲလေ..။ ဒါမျိုးဟာတစ်နည်းအားဖြင့် ကိုယ့်ရဲ့အသင်းဖော်တွေကို မလေးစားရာလည်း ကျပါတယ်..။ ကျွန်တော်တို့ အချိန်တုန်းက ရာသီအစပိုင်း..၊ အခုလိုချန်ပီယံလိဂ် ပွဲစဉ်မှာပဲဗျ..။ ဒီဒီယာ ဒရော့ဘာ က ကန်မယ်ဆိုပြီး ဘောလုံးကိုယူသွားတယ်..၊ ဖရန့် ရောက်လာတယ်..။ သူကန်မယ်ပေါ့..။ ဒီဒီယာ က သူ့ကိုကန်ခွင့်ပေးပြီး နောက်ဆုတ်ပေးခဲ့ပါတယ်..။ ဖရန့် ကန်တယ်..၊ ဂိုးဝင်သွားခဲ့ပါတယ်..။ အဲဒါနဲ့ ဒီကိစ္စဟာ အကျယ်မဖြစ်ခဲ့ပဲ ပြီးသွားခဲ့တာပေါ့..
ဒါပေမယ့် ဘယ်သူပင်နယ်တီ ကန်ရမယ်ဆိုတဲ့ တန်းစီဇယားက ရှိပြီးသားပါ..၊ ဖရန့် ကွင်းထဲမှာ မရှိနေဘူးဆိုရင် ဒီဒီယာ က ပထမဦးစားပေး ကန်ရမယ့်သူ ဖြစ်ပါတယ်..။ တကယ်တော့ အဲဒီပင်နယ်တီ ကန်ချက်တုန်းကဆိုရင် ကျွန်တော်ကို့ ပေးကန်ဖို့ ဖရန့် ဆီ ခခယယ တောင်းပန်ခဲ့ပါသေးတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကန်ချက်သာ ရခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် hat-trick ရမယ့်ပွဲဗျ..။
#အိုဝင်_ဟားဂရိဗ် - တကယ်တော့ ဘောလုံးကစားနည်းဆိုတာ အသင်းလိုက် ကစားရတဲ့ အားကစားပါ..။ ဒါ့ကြောင့်ကိုယ့်ရဲ့ အသင်းဖော်တွေကို လေးစားမှုရှိဖို့ လိုအပ်ပါတယ်..။ သူ့ရဲ့ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုကို ကျွန်တော်လေးစားပါတယ်..၊ ဒါပေမယ့် ဒီနေ့ပွဲမှာဆိုရင် တန်းစီဇယားအရ ဂျော်ဂင်ဟို၊ ဝီလီယံ တစ်ယောက်ယောက်က ဦးစားပေး ဖြစ်ရပါမယ်..။ သူကကြားဖောက်ပြိး ဝင်ကန်တယ်..၊ ဒီလိုမျိုးတော့ မလုပ်သင့်ဘူး..၊ အဲ… လုပြီးကန်ပြီ ဆိုရင်လည်း ဝင်အောင်ကန်ရမှာပေါ့..။ စိတ်ပျက်စရာပါပဲ..။ အက်ဇ်ပီလီကွဲတား ကတော့ အားလုံးကို ကာကွယ်ပြီး ဖေးဖေးမမ ပြောသွားပါတယ်..။ ဒါပေမယ့် ဝီလီယံ ရဲ့ အမူအရာကို ကြည့်တာနဲ့ ပင်နယ်တီရရင် ဘယ်သူကန်ရမယ်ဆိုပြီး ကြိုပြီးပြောဆိုထားမှန်း သိသာပါတယ်..။
(၃)
#ဂျိတ်ခ်_ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ဖရန့် ကတော့ ရော့စ် ဘာကလေ ဟာ သူ့ရဲ့ပထမ ဦးစားပေး ပင်နယ်တီ ကန်သွင်းမယ့်သူဆိုတာ အတည်ပြု ပြောကြားခဲ့ပါတယ်..။ ဒါ့ကြောင့်ပင်နယ်တီကန်ချက်ကို ဘယ်သူကန်သင့်သလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုကို သူ့ရဲ့စကားကိုပဲ အတည်ယူပြီး အဆုံးသတ်လိုက်ပါမယ်..။ ဒါပေမယ့် သူတို့အသင်းထဲမှာ အဲဒီလို ဆုံးဖြတ်ထားတယ်ဆိုတာအကြောင်း အသင်းဖော်တွေ မသိဘူးဆိုတာ အတော်လေးတော့ နားလည်ရခက်ပါတယ်..။
#အိုဝင်_ဟားဂရိဗ် - ရော့စ် သာ ကွင်းထဲမှာ ရှိနေမယ်ဆိုရင် ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းမယ့်သူ ဖြစ်မယ်လို့ ဖရန့် ပြောတဲ့အတိုင်းဆိုရင် ဝင်ရှုပ်တဲ့သူက ဝီလီယံ ဖြစ်မှာပေါ့..။ ဥပမာ ပြစ်ဒဏ်ဘော ကန်မယ့်အချိန်ဆိုရင် ကစားသမား နှစ်ယောက်၊ သုံးယောက်လောက်က သူကန်မယ်..၊ ငါကန်မယ်ဆိုပြီး ပြောကြ၊ ဆိုကြ..၊ လုကြတာ ရှိတတ်ပါတယ်..။ ဒါပေမယ့် ပင်နယ်တီကန်တဲ့အချိန်မှာ ဒါမျိုးတွေ့ရလေ့ မရှိပါဘူး..။ ‘Never’..ပါ..။ စဉ်းစားကြည့်လေဗျာ..၊ ကိုယ်ပင်နယ်တီ ကန်မယ့်အချိန် ကစားသမား လေးယောက်လောက်က ဘေးမှာလာပြီး တတွတ်တွတ်နဲ့ ညှော်နေရင် ဘယ်လိုလုပ်ပြီး အာရုံစိုက်နိုင်တော့ပါမလဲဗျာ..။
#ဂျိတ်ခ်_ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့ ဗလင်စီယာ ဘက်က သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးအကြောင်း ဆက်ပြောကြတာပေါ့..။ အိုဝင် ရေ.. အဲဒီပေးလိုက်ရတဲ့ဂိုးမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း အားနည်းချက်တွေအကြောင်း ဆွေးနွေးပေးပါလား..
#အိုဝင်_ဟားဂရိဗ် - ပထမဆုံးအနေနဲ့ ကိုဗာဆစ် က ဂါယာ ကို အန္ထရာယ် ရှိတဲ့နေရာမှာ မလိုအပ်ပဲနဲ့ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပြစ်ဒဏ်ဘောကို ပရဲဂျိုး ကန်တင်ပေးလိုက်တာ အရမ်းကောင်းလွန်းပါတယ်..။ ချယ်လ်ဆီးခံစစ်ကြောင်းတစ်ခုလုံး အငိုက်မိပြီး ကျန်နေခဲ့ပါတယ်..။ အခုအပေါ်က ပုံ (ပုံ - ၃) မှာဆိုရင် ပရဲဂျိုး ကန်တင်မယ့်အချိန် ချယ်လ်ဆီးအသင်း ခံစစ်ကြောင်း နေရာယူထားပုံစံကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်..။ ဗလင်စီယာအသင်းက သုံးယောက်တောင် လူကျွံနေတာဆိုတော့ စစချင်းမှာ ဘာမှအမှားအယွင်း မရှိပါဘူး.။ ဒါပေမယ့် တကယ်ကန်တင်လိုက်တဲ့အချိန် အခုအောက်ကပုံ (ပုံ - ၄) မှာ ပြထားတဲ့အတိုင်း ဂိုးသွင်းသွားတဲ့ ရိုဒရီဂို ပြေးထွက်သွားတာကို ဘယ်သူကမှ လိုက်မကပ်ပဲနဲ့ ကျန်နေခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ တည်ကန်ဘောတွေကနေ အလွယ်တကူ ဂိုးပေးနေရတာ အခုမှပထမဆုံးလည်း မဟုတ်ပါဘူး..။ ဒီပွဲမှာဆိုရင် ထောင့်ကန်ဘောကနေတစ်ကြိမ် ဗလင်စီယာအသင်းက လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးဘာတန်းအပေါ်ကနေ ကျော်သွားခဲ့လို့ ကံကောင်းသွားခဲ့တာပါ..။ ဗလင်စီယာ အသင်းဟာ ဒီနေ့ပွဲမှာ တည်ကန်ဘောတွေကို ဇာတ်တိုက်ထားတာ သိပ်ကိုကောင်းပါတယ်..။ မန်နေဂျာအသစ်ဟာ ရောက်လာပြီး နှစ်ရက်အတွင်း အခုလို တည်ကန်ဘောတွေကို အပီအပြင် လေကျင့်ပေးနိုင်တယ်ဆိုရင် ချီးကျူးစရာပဲဗျ..။
#ဂျိတ်ခ်_ဟမ်းဖရေး - အရင်မန်နေဂျာဟောင်းရဲ့ အကွက်တွေလည်း ဖြစ်နိုင်တာပဲလေဗျ..၊ ဘယ်ပြောနိုင်မှာလဲ..။
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - တကယ်ပဲ နှစ်ရက်အတွင်း အဲဒီလို လေ့ကျင့်ပေးနိုင်ပါ့မလား ဆိုတာကလည်း ပြောဖို့ခက်ပါတယ်..။ ဒါပေမယ့် ဗလင်စီယာ အသင်းအတွက်က သိပ်ကိုကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက်ကတော့ မမျှော်လင့်တဲ့၊ ခါးသီးတဲ့ အရှုံးပွဲတစ်ပွဲပါပဲ..။ ချယ်လ်ဆီးအသင်းဟာ အခုထက်ပိုပြီး ကောင်းမွန်တဲ့ ရလဒ်နဲ့ ထိုက်တန်ပါတယ်..။ ဒီနေ့မှာဆိုရင် သူတို့အသင်း ရခဲ့တဲ့ ပင်နယ်တီအကြောင်းကိုပဲ ကျွန်တော်တို့ အဓိကဆွေးနွေးသွားခဲ့ကြတာပါ..၊ ဒါပေမယ့် ခံစစ်ကြောင်း အငိုက်မိသွားလို့ ပေးလိုက်ရတဲ့ဂိုးက ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားခဲ့ရပါတယ်.။ ဒီလိုအဆင့် ပွဲစဉ်တွေမှာတော့ အမှားတစ်ချက် ကျူးလွန်မိရင် ပေးဆပ်ရမှာပါပဲ..။
(၄)
#ဂျိတ်ခ်_ဟမ်းဖရေး - ဒါ့အပြင် မေဆန် မောင့် ဒဏ်ရာရခဲ့တာဟာလည်း သူတို့အသင်းကို ပိုပြီးအထိနာစေခဲ့တယ်ဗျ..။ အခုထိတော့ ဒဏ်ရာအနေအထား၊ ပြင်းထန်မှုတွေကို မသိရသေးဘူးပေါ့..၊ ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့..၊ လီဗာပူးလ်အသင်းနဲ့ပွဲအမှီ ပြန်ပြီးကောင်းမွန်လာဖို့တော့ မလွယ်လောက်ဘူးဗျ..။
#အိုဝင်_ဟားဂရိဗ် - အဲဒီပွဲအမှီ ပြန်ပြီးမကောင်းနိုင်လောက်ပါဘူး..။ ချယ်လ်ဆီးအသင်းအတွက်လည်း အထိနာပါတယ်..။ သူကဆက်ပြီး ကစားနိုင်ဖို့ ကြိုးစားကြည့်ပါသေးတယ်..၊ ဒါပေမယ့် ကိုကွီလင် ရဲ့ ဖျက်ထုတ်ချက်က ပြင်းထန်လွန်းခဲ့တာကြောင့် ခြေကျင်းဝတ် အတော်လေး ထိခိုက်သွားပုံ ရပါတယ်..။ အမြန်ဆုံးပြန်ပြီး ကောင်းမွန်လာပါစေလို့ ဆုတောင်းပါတယ်..၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ဘောလုံးရာသီမှာ သူဟာချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် ဖြစ်ပါတယ်..။
#ဂျိတ်ခ်_ဟမ်းဖရေး - ကိုကွီလင် ဟာ အဲဒီဖျက်ထုတ်မှုအတွက် အများကြီးဝေဖန်ခံနေရတယ်ဗျ..။ အထူးသဖြင့် ဘောလုံးထိပြီးနောက်ဆက်တွဲ သူ့ရဲ့ဖျက်ထုတ်မှုဟာ အတော်လေး ထူးဆန်းမနေဘူးလား…?
#အိုင်ဒါ_ဂတ်ဂျွန်ဆင် - သူဟာဘောလုံးကိုပဲ ဦးတည်ဖျက်ထုတ်ဖို့ ကြိုးစားတာပါ..။ ခြေထောက်ထုတ်လိုက်တာကတော့ အရှိန်နဲ့ နောက်ဆက်တွဲ ပါသွားခဲ့တာပေါ့..။ တစ်ယောက်ယောက်ကို နာကျင်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖျက်ထုတ်ခဲ့သလား ဆိုတာကိုတော့ ပြောရတာခက်ပါတယ်.။ သေချာတာက မေဆန် ကို ထိမိတဲ့ သူ့ရဲ့ခြေထောက်ဟာ အပေါ်ကိုရောက်လွန်းနေခဲ့ပါတယ်.။ ဒါ့ကြောင့်အဝါကတ်ဒ် ပြတာထက်ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးသင့်လား ကျွန်တော်တော့ မပြောတတ်ဘူးဗျ..
#အိုဝင်_ဟားဂရိဗ် - ကျွန်တော်ကတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ခဲ့တယ်လို့ မထင်ပါဘူး..။ ဘောလုံးကိုပဲ ဦးတည်ဖျက်ထုတ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..၊ follow through ပါသွားတဲ့ ခြေထောက်ကြောင့် အဝေဖန်ခံနေရတာကိုး..၊ အိုင်ဒါ ရေ.. ခင်ဗျားပြောသလို အဲဒီ follw through ခြေထောက်သာ အောက်နည်းနည်းရောက်မယ် အရှိန်ပိုပြင်းသွားပြီး မေဆန် အတွက် ပိုဆိုးသွားနိုင်ပါမယ်..။
#ဂျိတ်ခ်_ဟမ်းဖရေး - အဲဒီ follow through.. ပေါ့…။ ဖျက်ထုတ်မှုတစ်ခုမှာ နောက်ကနေ ပါသွားတဲ့အကြောင်းကို နည်နည်းရှင်းပြပေးပါလားဗျ..
#အိုဝင်_ဟားဂရိဗ် - ကစားပွဲအရှိန်က အရမ်းမြန်နေတဲ့အခါ သူရော၊ ကိုယ်ရော နှစ်ယောက်စလုံး ဆိုင်ပြီးဝင်လာရင် ရုတ်တရက် ပြန်ပြီးခြေထောက်တွေကို ရုပ်လိုက်ဖို့ အရမ်းခက်ပါတယ်..။ ဒါ့ကြောင့်ကိုယ်ဖျက်ထုတ်လိုက်တဲ့ အရှိန်အတိုင်းပဲ ဆက်ပြီးလိုက်သွားရတဲ့ သဘောပါ..။ ပြန်ပြီးကြည့်တဲ့အချိန်တော့ အရမ်းကိုဆိုးပါတယ်..၊ ဒါပေမယ့် ကိုကွီလင် ဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး..
#ဂျိတ်ခ်_ဟမ်းဖရေး - ဟုတ်ကဲ့ပါ..၊ အခုလိုကျွန်တော်နဲ့အတူ လိုက်ပါဆွေးနွေးပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်..။ ပြန်ပြီးဆုံတွေ့ကြတာပေါ့..
#FRANK