တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းနှင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်အပြီးတွင် ကစားသမားများ၏ရုန်းအား၊ စိတ်ဓါတ်နှင့် ကစားပုံအပေါ် ပရိသတ်များက လက်ခုပ်တီး အားပေးခဲ့ကြသည်..။ လီဗာပူးလ်အသင်းကို ၂ဂိုး - ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဖရန့် လမ်းပတ် နှင့် ကစားသမားများအား ထိုသို့အားပေးခဲ့ကြသည့် အဓိပ္ပါယ်မှာ လက်ရှိဖရန့် လမ်းပတ် နှင့် ချယ်လ်ဆီးအသင်း၏ စွမ်းဆောင်ရည်နှင့် လမ်းကြောင်းကို ထောက်ခံနေသည် ဆိုသည့်သဘောလည်း ဖြစ်သည်..။
ဖရန့် လမ်းပတ် လက်ထက်တွင် ချယ်လ်ဆီးအသင်း၏ ကစားပုံမှာ ကောင်းမွန်သော်လည်း ရလဒ်များ မတည်မငြိမ် ဖြစ်နေခဲ့ရသည်..။ ထိုသို့ဖြစ်နေခြင်းရခြင်း၏ အကြောင်းရင်းများထဲတွင် ပြိုင်ဘက်အသင်းများ၏ တည်ကန်ဘောများမှ မကြာခဏ ဂိုးပေးနေရခြင်းကလည်း အဓိကအချက်တစ်ခုအဖြစ် ပါဝင်နေခဲ့သည်..။
လီဗာပူးလ်အသင်းနှင့်ပွဲတွင် နှစ်ဂိုးစလုံးကို တည်ကန်ဘော ‘set plays’ များမှ ခွင့်ပြုလိုက်ရခဲ့သည်..။ ထရန့် အဲလက်ဇန်းဒါး အာနိုးလ် ၏ ပြစ်ဒဏ်ဘောမှတဆင့် အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဒုတိယဂိုးကို ရော်ဘတ်တို ဖာမီနို က အန်ဒီ ရော်ဘတ်ဆန် ၏ တည်ကန်ဘောကို ခေါင်းတိုက်သွင်းယူခဲ့သည်..။ ထို့အပြင် ဝုလ်ဖ်အသင်း၊ လက်စ်တာ အသင်းတို့နှင့် ပွဲစဉ်များတွင်လည်း ထောင့်ကန်ဘော ကန်ချက်များမှတဆင့် ဂိုးပေးခဲ့ရပြန်သေးတယ်..။
ယခုလို တည်ကန်ဘောများမှ မကြာခဏ ဂိုးပေးနေရခြင်း၏ အဓိကအကြောင်းရင်းမှာ တည်ကန်ဘောများကို ကာကွယ်ချိန်တွင် အသင်း၏ ‘ဇုန်ခံစစ် ကစားပုံစနစ် (Zonal marking system)’ တွင် ပြသနာ ရှိနေသောကြောင့်ဖြစ်သည်..။ အဲဒီပြသနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ…?
(၁)
ရော်ဘတ်တို ဖာမီနို ခေါင်းတိုက်သွင်းဂိုး မတိုင်မီ ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းနေရာပုံ အနေအထားကို အထက်ပါ ပုံ (ပူးတွဲပုံ- ၁) တွင် တွေ့ရှိနိုင်ပါသည်..။ ထိုသို့ set play များကို ကာကွယ်ရာတွင် အသင်းများမှာ ဇုန်ခံစစ်ရော၊ တစ်ယောက်ချင်းလူကပ်ကစားသည့် (man to man marking) ကိုပါ တွဲဖက်သုံးစွဲလေ့ ရှိကြသည်..။ အထက်ပါပုံတွင် ချယ်လ်ဆီး ကစားသမားများမှာ အတန်းလိုက် နေရာယူထားပြီး အန်ဂိုလို ကန်တေး က ပင်နယ်တီ ကန်သွင်းသည့်အမှတ်နားတွင် ရှိနေသည်..။ ကျန်ကစားသမားများမှာ မိမိတို့ သတ်မှတ်ထားသည့် ဇုန်အလိုက် ကာကွယ်ရန်ဖြစ်သည်..။ ဥပမာ မားကို့စ် အလွန်ဆို မှာ သူကာကွယ်ရမည့် ဇုန်အတွင်း ကျရောက်လာသည့် ဘောလုံးများကို ရှင်းထုတ်ရန် တာဝန်ယူရမှာဖြစ်သည်..။
အဆိုပါ ပြစ်ဒဏ်ဘောကန်ချက်တွင် ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်း နေရာယူပုံမှာ ဇုန်ခံစစ်တစ်ခုတည်းပဲ ဦးတည်ဖျက်ထုတ်ရန် ရည်ရွယ်ထားပုံရပါသည်..။ အဘယ်ကြောင့်ဆိုသော် လီဗာပူးလ်အသင်းမှ ဆာဒီယို မာနေး၊ ဗာဂျယ်လ် ဗန် ဒိုက်ခ် တို့မှာ ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းနှင့်အတူ ရှိနေချိန်တွင် ရော်ဘတ်တို ဖာမီနို မှာ လူကပ်မည့်သူမရှိပဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန် နေရာလွတ် ရနေသည်ကို အောက်ပါ ပူးတွဲပါပုံ (ပုံ- ၂) တွင် တွေ့ရှိနိုင်ပါသည်..။
လီဗာပူး အသင်းမှ ကန်တင်မည့်နေရာတွင် အန်ဒီ ရော်ဘတ်ဆန် နှင့် ထရန့် အဲလက်ဇန်းဒါး အာနိုးလ် တို့နှစ်ယောက် ရှိနေပြီး အာနိုးလ် ကန်တင်မည်ဆိုပါက ညာခြေကန်ချက်ဖြင့် အတွင်းဘက်မှ ဂိုးရှေ့ကို ဝှေ့ဝှိုက် ရောက်ရှိလာမည် (inswinger cross) ဖြစ်ပြီး အန်ဒီ ရော်ဘတ်ဆန် ကန်တင်မည် ဖြစ်သောကြောင့် အပြင်ဘက်က ပြန်လည်ဝှေ့ဝှိုက်ဝင်လာမည် (outswinger cross) အနေဖြင့် ဂိုးရှေ့ကို ကျရောက်လာပါမည်.။ ဘောလုံးမှာ အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် ၏ ဇုန်ထဲသို့ ကျရောက်လာခဲ့သော်လည်း မာနေး ၏ ရုတ်တရက် လှုပ်ရှားမှုက ဒိန်းမတ် နောက်ခံလူကို အာရုံပျက်စေခဲ့သည်..။ ထိုအချိန်တွင် နောက်မှလွတ်လွတ်ကျွတ်ကျွတ် ပြေးတက်လာသော ဖာမီနို က ခေါင်းတိုက်ဂိုးသွင်းယူသွားနိုင်ခဲ့သည်..။ (အောက်ပါ ပူးတွဲပုံ -၃) အနီးဆုံးမှာ ရှိနေသည့် မားကို့စ် အလွန်ဆို မှာ သူကာကွယ်ရမည့် ဇုန်ကိုသာ အာရုံစိုက်နေသောကြောင့် ခရစ်စ်တီယန်ဆန် လွတ်ထွက်သွားသည့်ဇုန်ကို ကာကွယ်ရန် သတိမပြုနိုင်လိုက်ပေ..။
ဂျာဂင် ကလော့ပ် နှင့် သူ၏အသင်းသားများမှာ ထိုသို့ set plays များကို အသေအချာ ဇာတ်တိုက်၊ လေ့ကျင့်ထားခဲ့ပုံရခဲ့ပြီး မာနေး ၏ လှုပ်ရှားမှုမှာ ဇုန်ခံစစ်ကြောင်းကိုသာ အာရုံစိုက်တတ်သည့် ဖရန့် လမ်းပတ် ၏ ခံစစ်ကြောင်း ကာကွယ်မှု အားနည်းချက်ကို ကောင်းကောင်းအသုံးချနိုင်ရန် ပြင်ဆင်ခဲ့ပုံ ရခဲ့သည်..။
(၂)
ဝုလ်ဖ်အသင်းနှင့် ပွဲစဉ်တွင်လည်း ချယ်လ်ဆီးအသင်းမှာ ဇုန်ခံစစ်ကို တစ်ဦးချင်း လူကပ်ကစားမှု မပါဝင်ပဲ ဇုန်ခံစစ်ဖြင့်သာ ကာကွယ်ရန် ပြင်ဆင်ခဲ့ပါသည်..။ ဝုလ်ဖ်အသင်းမှ ကန်တင်ချိန်တွင် အောက်ပါပူးတွဲပုံ (ပုံ- ၄) တွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် အမြင့်ဘော ကာကွယ်မှု အားနည်းသော ဂျော်ဂင်ဟို ၏ ဇုန်ထဲသို့ ရိုက်တင်ခဲ့သည်..။ အီတလီ ကွင်းလယ်ကစားသမားမှာ နောက်ခံလူ ရိုမန် ဆိုက်စ် နှင့် အပြိုင်ခေါင်းတိုက်နိုင်ရန် မကြိုးစားပဲ ပိတ်ဆို့နိုင်ရန်သာ အာရုံစိုက်ခဲ့သည့်အတွက် ရိုမန် ဆိုက်စ် မှာ ခေါင်းဦးသွားခဲ့သည်..။ သူ၏ခေါင်းတိုက်ချက်ကို ဂိုးသမား ကက်ပါ ကာကွယ်ရာမှ တိုက်စစ်မှူး တန်မီ အေဘရာဟမ် နှင့် ထိမိပြီး ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်ခဲ့ရသည်..။
(၃)
လက်စ်တာ အသင်းနှင့်ပွဲတွင်လည်း ချယ်လ်ဆီးအသင်းမှာ အလားတူ ပြသနာမျိုး ဖြစ်ခဲ့သည်..။ ဒီတစ်ကြိမ်တွင်လည်း အောက်ပါပူးတွဲပုံ (ပုံ - ၅) တွင် ပြထားသည့်အတိုင်း ချယ်လ်ဆီးအသင်းမှာ ဇုန်ခံစစ်ဖြင့်သာ ကာကွယ်ရန် ပြင်ဆင်ထားခဲ့ပြီး ပြေးဝင်ခေါင်းတိုက်မည့် အန်ဒီဒီ (ကျောနံပါတ် ၂၅) ကို တစ်ဦးချင်း ကပ်မထားခဲ့ပေ..။
အဝေးမှ ပြေးဝင်လာခဲ့သည့် အန်ဒီဒီ မှာ မိမိ၏ဇုန်အတွင်းတွင်သာ စောင့်နေသည့် ဆီဇာ အက်ဇ်ပီလီကွဲတား ထက် အရပ်ပိုမြင့်သလို အဝေးမှ ပြေးလာခဲ့သည့်အတွက် ပြေးအားနှင့် အရှိန်ပိုကောင်းခဲ့ပြီး စပိန်နောက်ခံလူမှာ မည်သို့မှ တားဆီးရန် မတတ်နိုင်ခဲ့ပေ…(ပူးတွဲပုံ - ၆)။
နည်းပြဖရန့် လမ်းပတ် အနေဖြင့် အထက်က ဖော်ပြထားသကဲ့သို့ set plays များကို ကာကွယ်ရန် ပြင်ဆင်ချိန်တွင် ဇုန်ခံစစ်အပြင် တစ်ဘက်အသင်းမှ အမြင့်ဘော ခေါင်းတိုက်ထူးချွန်သူများကို တစ်ဦးချင်း လူကပ်ကစားခြင်းပါ ပေါင်းစပ်ထည့်သွင်းရန် လိုအပ်ပေသည်..။ ဇုန်ခံစစ်ကစားနည်းစနစ်မှာ အားသာချက်များ ရှိသော်လည်း မိမိအသင်းခံစစ်ကြောင်းတွင် အမြင့်ဘောကာကွယ်ခြင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသည့် ကစားသမားများ (ဥပမာ- ဂျော်ဂင်ဟို) ရှိနေသည့် ဇုန်ဘက်သို့ ဦးတည်ပေးပို့ခြင်းကြောင့် ယှဉ်ပြိုင်ခေါင်းမတိုက်နိုင်ပဲ လက်စ်တာအသင်း၊ ဝုလ်ဖ်အသင်းတို့နှင့် ပွဲစဉ်များမှာကဲ့သို့ သွင်းဂိုးများ ခွင့်ပြုလိုက်ရခြင်းများ ရှိနိုင်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
#FRANK
(football.london မှ ဆောင်းပါးရှင် Josh Williams ၏ “Chelsea's biggest defensive issue under Frank Lampard and what must change to solve it” ဆောင်းပါးကို ပြန်ဆိုပါသည်..။)