feature-image

ချန်ပီယံလိဂ် ဘောလုံးစကားဝိုင်း (အေဂျက်စ် Vs ချယ်လ်ဆီး)

ဗုဒ္ဓဟူးနေ့ညက Johan Cruff Arena ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အေဂျက်စ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု (H) ပွဲစဉ်အပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျို ကိုးလ် နှင့် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း မန်နေဂျာဟောင်း ဂလင်း ဟော်ဒယ်လ် တို့က BT Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။


(၁)

ဂျိတ်ခ် ဟမ်းဖရေး - တကယ်လို့ ဒီနေ့ပွဲမှာသာ ချယ်လ်ဆီးအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် (၃) ပွဲလက်ကျန်မှာ (၆) မှတ်အထိ ကွာသွားမှာဖြစ်ပြီး အေဂျက်စ်အသင်းကို မှီနိုင်ဖု့ိ အတော်လေးကို ခက်ခဲသွားပါလိမ့်မယ်..။ အခုတော့ သူတို့ဟာ အုပ်စု (H) ရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါပြီ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ လုပ်အားနှုန်းရော၊ နည်းစနစ်ပိုင်းအရပါ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ပွဲစဉ်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေ မစတင်ခင် ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲထွက်လူစာရင်းမှာ အကယ်ဒမီထွက် လူငယ်ကစားသမား ငါးယောက်ပါတယ်ဆိုတဲ့ အချက်ကို အရင်ဆုံး သတိထားမိကြမှာပါ..။

ဂျိုး ကိုးလ် - အဲဒီအချက်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် လူငယ်ကစားသမားပဲဖြစ်ဖြစ်..၊ ဝါရင့်ကစားသမားပဲဖြစ်ဖြစ်.. ကစားသမားတိုင်းဟာ အသင်းမှာ ကိုယ်ဘာကို မျှော်လင့်ရမယ်..၊ ဘယ်လိုအနေအထားမှာဆိုရင် နေရာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရပါမယ်..။ ဖရန့် ဟာ ကစားသမားတိုင်းအပေါ် အဲဒီရှင်းရှင်းလင်းလင်း ညွှန်ကြားပေးထားနိုင်ခဲ့တာကြောင့် ကျွန်တော်တို့အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ကစားပုံပိုပြီး ကောင်းမွန်လာတာပါ..။ ဒီနေ့ပွဲအပြီး ဖရန့် ကို ကြည့်လိုက်တာနဲ့ သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံအပေါ် အရမ်းဂုဏ်ယူနေတယ်ဆိုတာ သိသာပါတယ်..။ နည်းစနစ်ပိုင်း (technical) အရရော..၊ ပွဲချဉ်းကပ်ပုံ နည်းဗျူဟာပိုင်း (tactical) အရရော အရမ်းကို ပြင်ဆင်မှု ကောင်းမွန်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရနေတဲ့ အေဂျက်စ်အသင်းကို အခုလိုမျိုး အကောင်းဆုံး အနိုင်ယူနိုင်ခဲ့တာပါ..။

အေဂျက်စ် လိုအသင်းကို သူတို့ကွင်းမှာ ကျွန်တော်တို့လိုမျိုး ဘောလုံးကိုင်ထားနိုင်တယ်..၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲချိန်တော်တော်များများကို တိုက်စစ်ဆင် ကစားနိုင်တဲ့အသင်း များများစားစား မရှိပါဘူူး..။ ဒါ့ကြောင့်ဒီနေ့အနိုင်ပွဲဟာ တကယ့်ကို ပြီးပြည့်စုံခဲ့တဲ့ အနိုင်ပွဲတစ်ပွဲလို့ ပြောချင်ပါတယ်..။


ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ.. ဂလင်း ရေ.. မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ်ပြုလုပ်လိုက်တဲ့ လူစားလဲမှုဟာ ပွဲရဲ့ချိန်ခွင်လျှာ အလှည့်အပြောင်း ဖြစ်စေခဲ့တယ်..၊ သူတို့တွေကပဲ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်ဆိုတဲ့ အခိုက်အတန့်မျိုးဟာ မန်နေဂျာတစ်ယောက်အနေနဲ့ ဘယ်လိုများ ကျေနပ်မိမလဲ ပြောပြနိုင်မှာ မဟုတ်ဘူးနော…

ဂလင်း ဟော်ဒယ်လ် - သေချာတာပေါ့ဗျာ..။ ဒါပေမယ့် ကိုယ်လူစားလဲလိုက်တဲ့သူက ကိုယ့်ဂိုးကိုယ် သွင်းပေးခဲ့မယ်ဆိုရင်တော့ အဲဒီလို ခံစားရမှာ မဟုတ်တာ သေချာပါတယ်.. ဟားဟား..။ တကယ်တော့ ကစားပွဲတစ်ပွဲမှာ လူစားလဲတယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အပြောင်းအလဲ ဖြစ်စေချင်တာကြောင့်ပါ..။ ဒီနေ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူသွားတဲ့အချိန် မစ်ချီ ဘတ်ရှူအားယီ ရဲ့ ရွေ့လျားမှု အရမ်းကို ကောင်းလွန်းပါတယ်..။



ပူလစ်ဆစ် ဟာ ဘယ်တောင်ပံက ဘောလုံးရလာတယ်..၊ နောက်ခံလူကို တစ်ယောက်ချင်းကျော်ဖြတ်ပြီး ဂိုးဧရိယာထဲကို ဖြတ်တင်နိုင်ဖို့ ကြိုးစားတယ်..၊ အဲဒီနေရာမှာ ဘတ်ရှူအားယီ အတွက်က ဂိုးသမားနဲ့ နောက်တန်းလူတွေကြားမှာ နေရာလွတ် (space) ရနိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ဒါ့ကြောင့်ရှေ့ကိုထွက်မယ့် အယောင်ပြပြီး နောက်ကိုတစ်လှမ်းဆုတ်တယ်..၊ ကိုယ့်ဆီရောက်လာတဲ့ဘောလုံးကို ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းယူလိုက်ပါတယ်..(ပုံ - ၁)။ ဒီတစ်ခါတော့ ဂိုးဘားတန်း ထိခဲ့ပေမယ့် ကံကောင်းပြီး ဂိုးထဲဝင်သွားခဲ့ပါတယ်..။ တိုက်စစ်မှူးတစ်ယောက်အတွက်တော့ တကယ့်ကို အချိန်ကိုက်၊ နေရာကိုက်ပေါ့ဗျာ..။

အဲဒီဂိုးသွင်းယူခဲ့တဲ့အချိန်က (၈၆) မိနစ်ရောက်နေပြီဗျ..။ ကျွန်တော်ပြောချင်တဲ့အချက်က ချယ်လ်ဆီးကစားသမားတွေရဲ့ ကစားအားနဲ့ နိုင်လိုစိတ်ပါ..။ ပူလီဆစ် ဂိုးရှေ့ကို ဖြတ်တင်လိုက်တဲ့အချိန် မစ်ချီ ရဲ့ရှေ့ အနီးတိုင်ကနေ ဘောလုံးကို ခွပေးလိုက်တာ ဘယ်သူလဲ..? ကြည့်လိုက်.. ဘယ်အစွန်နောက်ခံလူအဖြစ် ကစားတဲ့ ‘အလွန်ဆို’ ဗျ..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ သူတို့ဟာ ခံစစ်ကစားပုံနဲ့ စုစည်းမှု ကောင်းမွန်ခဲ့ရုံ မကဘူး..၊ နောက်ဆုံးအချိန်ထိ အနိုင်ရအောင် ကစားမယ်ဆိုတဲ့ ခံယူချက်မျိုး ရှိနေခဲ့ပါတယ်..။ အဲဒီလို စိတ်ဓါတ်နဲ့ ကြိုးစားမှုအတွက် အခုလိုဆုလာဘ် ပြန်လည်ရရှိခဲ့တာပါပဲ..။

ဂျိုး ကိုးလ် - မစ်ချီ ဘတ်ရှူအားယီ ဟာ ဘယ်အခြမ်းတစ်လျှောက် တွဲလုံးတွေနဲ့ ထိုးဖောက်လာတဲ့ အချိန်မှာ လုံးဝမပါဝင်ခဲ့ပါဘူး..။ ဒါပေမယ့် သူဟာဘောလုံးကို တစ်ချက်လေးမှ အလွတ်မပေးပဲ အပြည့်အ၀ အာရုံစိုက်နေခဲ့တယ်..၊ နောက်ပြီးသူ့အတွက် ဂိုးသွင်းယူနိုင်ဖို့ အဆင်ပြေမယ့် နေရာကို စဉ်းစားတယ်..၊ တစ်ခါတည်းရွေးချယ်ပြီး အသင့်ပြင်ထားပါတယ်..။ ရှေ့ကိုဖြတ်ပြေးမယ့် အယောင်ပြပြီး နောက်တစ်လှမ်းဆုတ်လိုက်တယ်..၊ အဲဒီမှာ သူ့အတွက် နေရာလွတ် နည်းနည်းရလာပါတယ်..။ ဘောလုံးရောက်လာတာနဲ့ မနားတမ်း ကန်သွင်းနိုင်အောင်  အသင့်ပြင်ထားပြီးသားပါ..။ အဲဒီလှုပ်ရှားမှု (movement) ဖြစ်စဉ်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် သူဟာကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းရှိနေတယ်ဆိုတာ သိသာပါတယ်..။

ဒီနေ့မတိုင်ခင်အထိ ဘတ်ရှူအားယီ ဟာ အသင်းပေါင်းများစွာကို အဌားထွက်ခဲ့ပြီး လုံလောက်တဲ့ ပွဲအတွေ့အကြုံ၊ ယုံကြည်မှုတွေ ရရှိခဲ့ပြီးသားပါ..။ ဒါ့ကြောင့်မှန်ကန်တဲ့ ကစားသမား မွေးထုတ်တဲ့စနစ် (system)..၊ မှန်ကန်တဲ့ပေါင်းစပ်မှု (organization) တွေ ပြုလုပ်နိုင်မယ်ဆိုရင် လူငယ်ကစားသမားတွေအတွက် တောက်ပနိုင်မယ့်လမ်းကြောင်း ရှိနေပြီးသားဆိုတာကို ဘတ်ရှူအားယီ က သက်သေပြသခဲ့ပါတယ်..။




(၂)

ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ.. အဌားထွက်တဲ့အကြောင်းကို ခင်ဗျားပြောမှပဲ မစ်ချီ ဟာ ခရစ်စ်တယ် ပဲလေ့စ်အသင်းကနေ ပြန်ရောက်လာပြီး အခုထိ ပွဲထွက်ခွင့်တစ်ကြိမ်ပဲ ရရှိပါသေးတယ်..။ အခုအျိန် ဖရန့် အတွက် ပြသနာတစ်ခုက ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမား အများအပြား ရှိနေခြင်းပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာရော မစ်ချီ အပါအဝင် လူငယ်ကစားသမားတွေရဲ့ အနာဂတ်ဟာ ဘယ်လိုရှိလာနိုင်မလဲ..?

ဂျိုး ကိုးလ် - မစ်ချီ ဟာမန်နေဂျာရဲ့ အစီအစဉ်တွေထဲမှာ ရှိနေပါတယ်..။ သူဟာဝင်ကစားခွင့်ရတဲ့ အချိန်တိုင်း အဆုံးအဖြတ်ဂိုးတွေ သွင်းပေးနိုင်တဲ့ မှတ်တမ်းကောင်းတွေ ရှိနေတဲ့သူပါ..။ သူဟာလေ့ကျင့်ကွင်းမှာလည်း အကောင်းဆုံး လေ့ကျင့်တယ်..၊ စိတ်ဓါတ်နဲ့ ခံယူချက် ကောင်းမွန်တယ်ဆိုတာ ကျွန်တော်သိပါတယ်..။ တကယ်တော့ အသင်းကောင်းတစ်သင်းမှာ နေရာတစ်နေရာဆီတိုင်းအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေဖို့ လိုအပ်ပါတယ်..။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားတိုင်းအတွက် အဲဒီလို အခြေအနေကို ဖန်တီးပေးနေနိုင်ပါပြီ..။

ဂလင်း ဟော်ဒယ်လ် - ဂျိုး ပြောသလိုပါပဲ.. ကစားသမား တစ်ယောက်ဟာ အသင်းလူစာရင်းမှာ ပါချင်ပါမယ်..၊ ပွဲထွက်လူစာရင်းမှာ ပါချင်ပါမယ်.. မန်နေဂျာတစ်ယောက်အတွက် အရေးကြီးဆုံးက အရေးကြီးဆုံးက အဲဒီကစားသမားကို ယုံကြည်လို့ရတယ်ဆိုတဲ့ ခံစားချက်၊ ယုံကြည်မှု ရှိနေဖို့ ဖြစ်ပါတယ်..။ အခုဆိုရင် မစ်ချီ ဟာ ယုံကြည်စိတ်ချလို့ရတဲ့သူဆိုတာ သက်သေပြနေတယ်..၊ အရန်ခုံမှာ ဂျီရူးဒ် ကလည်း ပွဲကစားခွင့်အတွက် စောင့်နေပါတယ်..။ တကယ်ဆိုရင် ဒီနေ့ပွဲ အေဘရာဟမ် ရဲ့ ကစားပုံလည်း ကောင်းမွန်ခဲ့တာပါပဲ..။ သူကလည်း အသင်းအတွက် အနိုင်ပွဲတွေကို ဆောင်ယူနေတယ်..၊ သူ့ရဲ့ကစားပုံ အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်..။ ဒါ့ကြောင့်အခုလို နေရာတိုင်းမှာ ကစားသမားတိုင်းဟာ အကောင်းဆုံးခြေစွမ်းရအောင် ကြိုးစားနေကြတယ်..၊ ပွဲထွက်ခွင့်အတွက် အစွမ်းကုန် တိုက်ပွဲဝင်နေကြတယ်ဆိုတာဟာ ဖရန့် အတွက် သိပ်ကိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖြစ်နေခဲ့တာပေါ့ဗျာ..။

ဂျိုး ကိုးလ် - ကျွန်တော်လည်း ပြောရင်းပြောရင်း အားပါလာလို့ ကိုယ့်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ (spokeperson) လို့များ ခင်ဗျားတို့ ထင်သွားမှာတောင် ကြောက်မိပါတယ်..။ အပိုပြောတာ မဟုတ်ဘူးဗျ..၊ အခုအချိန်မှာ  ကျွန်တော်တို့အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ အသင်းနဲ့ ပတ်သက်တဲ့လူတိုင်းက ယုံကြည်နေကြတယ်..၊ ဒါ့ကြောင့် အသင်းမှာရှိတဲ့ လူတိုင်းရဲ့ ယုံကြည်မှု၊ စိတ်ဓါတ်တွေဟာ အရမ်းကို ကောင်းမွန်နေပါတယ်..။ ကစားသမားတစ်ယောက်ဟာ ပွဲကစားခွင့် လုံလောက်အောင် မရဘူးလို့ ခင်ဗျားတို့ ပြောချင်ပြောမယ်..၊ ဒါပေမယ့် သူဟာအသင်းအတွက် အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်နေပါတယ်..။ ကစားသမားတစ်ဦးချင်းစီအတွက် ဒီလိုအခြေအနေ၊ မျှော်လင့်ချက်တွေ ပေါက်ဖွားလာနေအောင် ဖန်တီးပေးနေနိုင်တဲ့ ဖရန့် နဲ့ သူ့နည်းပြအဖွဲ့..၊ ဝန်ထမ်းတိုင်းကို ချီးကျူးလိုပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ပါပြီ..။ မနက်ကျရင် ပီတာ ချက် ဆီကနေ ခင်ဗျားကို နေရာအသစ်နဲ့ လစာတိုးပေးတယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. ဟားဟား..။

(၃)

ဂျိတ်ခ် ဟမ်းဖရေး - ဒီနေ့ပွဲမှာ မစ်ချီ ရဲ့အကြောင်းတင် မကပါဘူး..၊ ခင်ဗျားတို့အသင်းရဲ့ ခံစစ်ကြောင်း အစီအမံကိုပါ ထည့်သွင်းဆွေးနွေးမှ ပြည့်စုံပါလိမ့်မယ်..

ဂျိုး ကိုးလ် - ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ တစ်ဘက်အသင်းကို ကွင်းလယ်မှာတင် ပိတ်ဆို့နိုင်ဖို့ အစွမ်းကုန် ဖိအားပေးရင်း စတင်ပါတယ်..။ ဒါ့ကြောင့်အေဂျက်စ်အသင်းဟာ ကွင်းလယ်မှာ ကစားကွက်တည်မရတော့ပဲ တောင်ပံတွေကို အများဆုံးပေးပို့၊ ထိုးဖောက်နေရ…



ဂလင်း ဟော်ဒယ် - ကွင်းလယ်ကစားသမားတွေရဲ့ ခံစစ်ပိုင်း ကူညီမှုနဲ့ လုပ်အားနှုန်းကိုလည်း ထည့်ပြောမှရပါမယ်..။ အေဂျက်စ်အသင်းရဲ့ အန္တရာယ် အပေးနိုင်ဆုံးနေရာက ဂိုးဧရိယာထိပ်နားက ဘီးကုတ်စည်းတစ်ဝိုက် ဇုန်တွေ ဖြစ်ပါတယ်..။ အဲဒီဇုန် နေရာတွေကို ကွင်းလယ်ကစားသမား နှစ်ယောက်နဲ့ မေဆန် တို့က နောက်ခံလူတွေနဲ့ပေါင်းပြီး လုံးဝနေရာလွတ်မရအောင်၊ ထိုးဖောက်လို့ မရအောင် ပိတ်ဆို့ထားနိုင်ခဲ့တယ်ဗျ..(ပုံ - ၂)။ အေဂျက်စ် က အတွင်းဘက်ကို ဝင်လာတိုင်း ကစားသမားတစ်ယောက်က အမြဲတမ်း ဖိအားပေးထားတယ်..၊ အတင်းဝင် ဖျက်နိုင်ဖို့ ကြိုးစားပါတယ်..။ ဒါ့ကြောင့်အေဂျက်စ် အသင်းဟာ သူတို့ရဲ့အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ဘူးဗျ..။ အသင်းလိုက် စုစည်းမှုကောင်းတဲ့ သူတို့အသင်းအတွက် ဒီလိုအခက်ကြုံရတာ ပထမဆုံးလို့တောင် ထင်တာပဲ..။

ကျွန်တော်သဘောကျမိတာက ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း ရွေ့လျားမှုနဲ့ အာရုံစူးစိုက်မှုကိုပါ..။ သူတို့ဟာ ဂိုးဧရိယာထဲကို သိပ်ပြီးအဝင်မခံခဲ့သလို နောက်ဆုံးအချိန်ကျမှ အသည်းအသန် ဖျက်ထုတ်ရတာတွေလည်း သိပ်မရှိခဲ့ပါဘူး..။ ကိုယ့်အသင်းက စုစည်းမှုကောင်းကောင်းနဲ့ ခုခံနေပြီး တစ်ဘက်အသင်းက ဘယ်လိုမှ ထိုးဖောက်လို့မရ ဖြစ်နေရတာကို ကြည့်နေရတဲ့ ခံစားမှုကလည်း တစ်မျိုးကောင်းတာပဲဗျ..။

ဂျိတ်ခ် ဟမ်းဖရေး - ဖီကာရို တိုမိုရီ အကြောင်းလေး လုပ်ပါဦး..

ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာ သူဟာအထူးခြေစွမ်း ပြနိုင်ခဲ့ပါတယ်..။ သူ့ကိုကြည့်ရင်းနဲ့ တစ်ချိန်က ကျွန်တော်တို့ရဲ့ အသင်းဖော် ‘ဝီလီယံ ဂါးလက်စ်’ ကြီးများ ဝင်ကစားနေသလား ထင်မိပါတယ်..။ သူ့ရဲ့ဘောလုံးလမ်းကြောင်း၊ ဖျက်ထုတ်မယ့်နေရာကို မှန်းဆပုံ၊ ခန္ဓာကိုယ်အသုံးချပုံတွေဟာ ဂါးလက်စ် ကြီးရဲ့ ကစားပုံနဲ့ အတော်လေးကို ဆင်ပါတယ်..။ ဒါ့အပြင် တိုမိုရီ ဟာ ဘောလုံးနဲ့အတူ ကွင်းလယ်ကို ဆွဲတက်တဲ့နေရာမှာလည်း ထူးချွန်ပါတယ်..။ အနီး၊ အဝေး… ဘောလုံးပေးပို့မှုတွေ ကောင်းမွန်တယ်..။ အခုအချိန်မှာ သူဟာအပြစ်ပြောစရာကို သိပ်မတွေ့မိပါဘူး..။

ဂလင်း ဟော်ဒယ်လ် - သူဟာခံစစ်ပိုင်း ဖျက်ထုတ်တာကို အားသန်တဲ့ ခံစစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ နောက်ပိုင်းမှာ သူ့ရဲ့ with the ball ကစားပုံတွေ ပိုပြီးတော့တောင် ကောင်းမွန်လာဦးမှာပါ..။ နောက်ပြီးသူဟာဘောလုံးလမ်းကြောင်း မှန်းဆတဲ့ နေရာမှာလည်း ထူးချွန်ပါတယ်..။ ဒီနေ့ပွဲကို အင်္ဂလန်နည်းပြ ဂါးရက် ဆောက်ဂိတ် ကြည့်ဖြစ်မယ်လို့ ထင်ပါတယ်..။ ဖီကာရို ကို အသိအမှတ် ပြုသင့်တဲ့ပွဲပါ..။ သူ့ရဲ့ထူးခြားချက်က ညာသန်ကစားသမား ဖြစ်ပေမယ့် ဘယ်ဘဘက်အခြမ်းမှာလည်း ကောင်းကောင်းကစားနိုင်တယ်ဗျ..။ ခံစစ်ကြောင်းမှာ နေရာစုံ ကစားနိုင်တာ သူ့ရဲ့အားသာချက်လို့ ပြောရမှာပါ..။ သူဟာဒီထက်ပိုပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာဦးမှာပါ..။ နောက်လာမယ့် သုံးနှစ်လောက်ဆိုရင် ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်..။

(၄)


ဂျိတ်ခ် ဟမ်းဖရေး - ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးပေါက်တည့်တဲ့ကန်ချက် (shot on target) (၄) ကြိမ်အထိ ရှိခဲ့ပြီး အေဂျက်စ်အသင်းထက် shot on target မှာရော၊ ကန်ချက်စုစုပေါင်းမှာရော နှစ်ဆနီးပါး များပြားခဲ့ပါတယ်..။ ဒါပေမယ့်အေဂျက်စ်အသင်းဘက်ကလည်း ဂိုးရဖို့ နီးစပ်ခဲ့တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်..။ ပထမတစ်ကြိမ်ကတော့ မိနစ် (၆၀) မှာ နောက်ခံလူ အယ်လ်ဗာရက်ဇ် ရဲ့ ခေါင်းတိုက်ချက် ဂိုးတိုင်ထိပြီး ထွက်သွားခဲ့ပါတယ်..



ဂျိုး ကိုးလ် - ဖရန့် ရဲ့ ချယ်လ်ဆီးအသင်းဟာ တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ အားနည်းပါတယ်..။ အေဂျက်စ်အသင်း ရရှိခဲ့တဲ့ အဲဒီအခွင့်အရေးမှာဆိုရင် ပရိုးမက်စ် ကန်တင်လိုက်တဲ့အချိန် တန်မီ ဟာ အခုအောက်က ပူးတွဲပုံ (ပုံ - ၃) မှာ ပြထားတဲ့ နေရာလွတ်ဆီကို အရင်ရောက်ဖို့ အာရုံစိုက်သင့်ပါတယ်.။

ဂလင်း ဟော်ဒယ်လ် - မှန်တာပေါ့ဗျာ..။ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ‘ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတဲ့သူကို ကိုယ့်ထက်ဘောလုံးဦးအောင် အခွင့်အရေး မပေးရဘူး.. (don’t let the first man get first)’ ဆိုတဲ့ ဆိုရိုးစကား ရှိနေခဲ့တာကိုးဗျ..။ ဒါ့ကြောင့်တန်မီ အနေနဲ့ အယ်လ်ဗာရက်ဇ် ကို ကိုယ့်ရှေ့ကနေ ဖြတ်သွားတာကို ဘယ်လိုမှ ခွင့်ပြုလို့မရပါဘူး..။ ကိုယ်ကပ်ရမယ့်သူကိုသာ နိုင်အောင်ကပ်ထား..၊ ကျန်တဲ့သူတွေက သူ့အလုပ်သူ ဆက်လုပ်ပါလိမ့်မယ်..။ အဲဒီအခွင့်အရေးမှာတော့ ချယ်လ်ဆီးအသင်း ကံကောင်းခဲ့ပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - VAR နဲ့ ပယ်ဖျက်ခံခဲ့ရတဲ့ ပရိုးမက်စ် ရဲ့ ပထမပိုင်းသွင်းဂိုးပေါ့ဗျာ..။ အခုနောက်ပိုင်းမှာ သွင်းယူပြီးတဲ့ ဂိုးတိုင်းကို VAR နဲ့ ပြန်ပြီးကြည့်တယ်..၊ ဆုံးဖြတ်ပါတယ်..။ ဂလင်း ရေ… တကယ်တော့ ဒီဂိုးမှာ လူကျွံတယ် (off side) ဆိုတာ သိသာလှတာ မဟုတ်ဘူးဗျ..။ တစ်လက်မရဲ့ အစိတ်အပိုင်းသေးသေးလေး (binary) လောက်ကပဲ အဆုံးအဖြတ် ပေးသွားခဲ့တာပါ..။

ဂလင်း ဟော်ဒယ်လ် - ဟုတ်ပါတယ်..။ တကယ်ပဲ ဂိုးရဖို့နီးစပ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းဟာ အေဂျက်စ် ကစားသမားတွေရဲ့ လက်ပစ်ဘောကို အမြန်ပေး..၊ အမြန်တိုက်စစ်ဆင်လိုက်တဲ့အပေါ် အငိုက်မိသွားခဲ့ပါတယ်..။ ပထမပိုင်း ပြီးခါနီးလေးဆိုတော့ အာရုံစူးစိုက်မှု ခဏလေး လျော့ကျသွားတာလည်း ပါပါလိမ့်မယ်..။ အနှေးပြကွက်မှာ ပြန်ကြည့်တဲ့အချိန်မှာတောင် လူကျွံဘော မဖြစ်ဘူးလို့ ထင်မိပါတယ်..။ ဒါ့ကြောင့်ဒီလိုအနေအထားမျိုးတွေ ဆုံးဖြတ်နိုင်ဖို့ VAR ရှိတာ ကောင်းတာပေါ့ဗျာ..။ အခုပူးတွဲပုံ (ပုံ - ၄) ကို ပြန်ကြည့်ပါလား.. တကယ့်ကို နည်းနည်းလေးပဲ လူကျွံသွားတာ… ဟုတ်တယ်မလား.. ဂျိုး..



ဂျိုး ကိုးလ် - ကျွန်တော်လည်း အဲဒီအကြောင်းကို စဉ်းစားနေတာဗျ..။ ကစားပွဲတစ်ပွဲမှာ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ဟာ မှားတာရှိမယ်..၊ မှန်တာရှိပါမယ်..။ ဒါကြောင့်နည်းပညာတွေရဲ့ အကူအညီကို ရယူတယ်ပေါ့..။ တကယ်ရော နည်းပညာပိုင်းက ၁၀၀% ရာနှုန်းပြည့် မှန်ကန်နေအောင် ကူညီပေးနိုင်လို့လား..? မေးစရာရှိပါတယ်..။ ‘No..’ ဒါဆိုရင် ဘာလို့နည်းပညာ အကူအညီတွေကို ရယူနေသေးလဲ ပေါ့ဗျာ.။ အဓိကကတော့ အမှန်တရားနဲ့ တတ်နိုင်သမျှ ပိုပြီးနီးစပ်အောင်ပဲ ဖြစ်မှာပါ..။

ဂျိတ်ခ် ဟမ်းဖရေး - VAR ရဲ့ ရည်ရွယ်ချက်ဟာ တတ်နိုင်သမျှ အမှန်တရားနဲ့ နီးစပ်သင့်ပါတယ်..။ နောက်ပြီးအသင်းကြီး၊ အသင်းငယ်မရွေးပဲ တစ်သတ်မှတ်တည်း ရှိသင့်ပါတယ်..။ ဇာတ်ညွန်းတွေ မရေးကြနဲ့ပေါ့ဗျာ..

ဂျိုး ကိုးလ် - ကျွန်တော်ပြောချင်တာ အဲဒီအချက်ပဲဗျ..။ အဲဒါအပြင် ဒိုင်လူကြီးတွေရဲ့ နည်းပညာ အကူအညီပေါ် အယူအဆတွေ..၊ နည်းပညာ အကူအညီယူပုံတွေကအစ တစ်ပြေးညီ ဖြစ်သင့်ပါတယ်..။ ဒီလိုမှမဟုတ်ရင် တစ်ခါတစ်လေကျ ရလိုက်တယ်…၊ တစ်ခါတစ်လေကျ မရပြန်ဘူး..။ ဒါ့ကြောင့်ရာသီကုန်ကျ ပြန်ပြီးသုံးသပ်တဲ့အချိန်မှာ တစ်ချို့အသင်းဘက်ကကျတော့ VAR အသုံးပြုတာ..၊ VAR ရဲ့ အဆုံးအဖြတ်တွေ မှန်ကန်တယ်..၊ အမှန်တရားနဲ့ နီးစပ်တယ်လို့ ပြောမယ်..၊ တစ်ချို့ကကျတော့လည်း VAR ဆိုတာ ဖွတ်ကျားပဲလို့ ပြောပါလိမ့်မယ်..။ ဒါ့ကြောင့်အခုအချိန်ထိတော့ နည်းပညာ အကူအညီနဲ့ ဆုံးဖြတ်ပေးတဲ့ VAR (video assistant referee) ဟာ အဆုံးအဖြတ် ပေးနိုင်တဲ့သူတွေအပေါ်မှာပဲ မူတည်နေတုန်းပဲလို့ ကျွန်တော်ကောက်ချက်ချချင်ပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - နောက်ဆုံးအနေနဲ့ပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်တွေကို ကျွန်တော်ကြည့်မိပါတယ်..။ အစောပိုင်း (၅) ပွဲမှာ တစ်ပွဲပဲ အနိင်ရခဲ့တယ်…၊ အဲဒီနောက်ပိုင်း အခုဆိုရင် ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့တယ်ဗျ..။ ဒ့ါအပြင်ဒီနေ့ပွဲမှာ ပထမဆုံးအကြိမ် အဝေးကွင်း clean sheet ရခဲ့ပါတယ်..။ ယေဘူယျအနေနဲ့ ပြောရမယ်ဆိုရင် အလားအလာကောင်းတွေ ရှိနေတယ်လို့ ခံစားနေရပေမယ့် တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေ အများကြီးရှိနေဆဲလို့လည်း ခံစားမိပြန်ပါတယ်..။ ဂလင်း ရေ… အခုအသင်းရဲ့ အနာဂတ်ကို ဘယ်လိုမြင်မိလဲဗျ..



ဂလင်း ဟော်ဒယ်လ် - သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျောက်လှမ်းနေတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့လေးတွေ..၊ လူငယ်လေးတွေဟာ မှန်ကန်တဲ့ သင်ယူမှုတွေ ပြုလုပ်နေကြပါတယ်..။ လူငယ်ကစားသမားတွေဟာ အမှားတွေကို သင်ယူရမယ်..၊ ရှုံးနိမ့်မှုတွေကို သင်ယူရပါမယ်..။ ဒါပေမယ့် အရေးကြီးတာက အမှားတစ်ခုကို နောက်တစ်ကြိမ်မှာ အဲဒီအမှားမျိုး ထပ်ပြီးမကျူးလွန်မိဖို့ပါပဲ..။ အခုအသင်းဟာ တဖြည်းဖြည်းနဲ့ ပိုပြီးတိုးတက်လာနေတယ်ဆိုတာ ခင်ဗျားတို့၊ ကျွန်တော်တို့ မျက်မြင်ပါပဲ..။

ဒီအသင်းဟာ နောက်လာမယ့် နှစ်နှစ်.. နှစ်နှစ်နော်.. အတွင်းမှာကိုပဲ တကယ့်ကို ထိပ်တန်းအသင်းတစ်သင်း ဖြစ်လာနိုင်လိမ့်မယ်လို့ လွန်ခဲ့တဲ့ နှစ်ပါတ်၊ သုံးပါတ်ကပဲ ကျွန်တော်ပြောခဲ့ပါသေးတယ်..။ အခုလက်ရှိမှာကိုပဲ နိုင်ရမယ့်ပွဲတွေကို အနိုင်ရအောင် ကစားနေနိုင်တယ်..၊ တိုးတက်နေတယ်..၊ ဒါဆိုရင် ထိပ်ဆုံးလေးသင်းထဲလည်း ဝင်နိုင်ခြေရှိနေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သာ သင်ယူရင်းနဲ့ အတွေ့အကြုံကောင်းတွေကို လျှင်လျှင်မြန်မြန်ကြီးကို ရရှိနေခဲ့တာပါ..။ တကယ်တော့ ဆံပင်တွေဖြူ..၊ သွားတွေကျိုးပြီး အဖိုးကြီးဖြစ်တော့မှ အတွေ့အကြုံကောင်းတွေနဲ့ ပြည့်စုံတယ်ဆိုတဲ့ စကားဟာ အမြဲတမ်းမမှန်ကန်ပါဘူး..။ ဘယ်လိုအသက်အရွယ်မှာပဲဖြစ်ဖြစ် ခက်ခဲတဲ့အချိန်တွေ..၊ အကျပ်အတည်းတွေကြားမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်ဆိုရင် လုံးလောက်တဲ့ အတွေ့အကြုံရှိပြီလို့ ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်သူတို့လေးတွေဟာ အခုလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေ့အကြုံကောင်းတွေ ရရှိနေတာဟာ ကောင်းမွန်တဲ့အချက်လို့ ကျွန်တော်ပြောချင်ပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး -  ဟုတ်ကဲ့ပါ..၊ အခုလိုကျွန်တော်နဲ့အတူ လိုက်ပါဆွေးနွေးပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်..။ ပြန်ပြီးဆုံတွေ့ကြတာပေါ့..

#FRANK