feature-image

Match of the Day သုံးသပ်ချက် (ဝက်ဒ်ဖို့ဒ် Vs ချယ်လ်ဆီး)

စနေနေ့က Vicarage Road ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဝက်ဒ်ဖို့ဒ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် သွင်းဂိုးများအပေါ် အင်္ဂလန်အသင်း ဂန္ထဝင် တိုက်စစ်မှူးဟောင်းများ ဖြစ်ကြသည့် ဂယ်ရီ လိုင်နီကာ၊ အလန် ရှီးယားရား နှင့် အီယန် ရိုက် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့ကြသည်..။

ဂယ်ရီ လိုင်နီကာ - ဒီနေ့ပွဲအပြီး ဖရန့် လမ်းပတ် ကတော့ VAR နဲ့ ပြန်ပြီး ပင်နယ်တီ အဆုံးအဖြတ်ပေးလိုက်တဲ့အပေါ် သိပ်ပြီးကျေနပ်တဲ့ပုံ မရှိပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့လည်း အဲဒီဖြစ်ရပ်အပေါ် ပင်နယ်တီ ပေးသင့်တယ်လို့ မမြင်မိတာကြောင့် ထပ်ပြီးအချိန်ပေး မဆွေးနွေးတော့ပါဘူး..။ ဒီပွဲနဲ့ပတ်သက်ပြီး ပြောချင်တာက ချယ်လ်ဆီးအသင်းရဲ့ ကစားပုံပါ..။ သူတို့အသင်းရဲ့ လက်ရှိကစားဟန်နဲ့ ဒီနေ့ပွဲက ကစားပုံဟာ အရမ်းကိုကြည့်လို့ကောင်းတယ်လို့ ခင်ဗျားတို့မထင်မိဘူးလားဗျ…

အလန် ရှီးယားရား - သူတို့အသင်းဟာ လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာကြောင့် မြန်ဆန်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်..၊ ကစားအားနဲ့ လုပ်အားနှုန်း အရမ်းကောင်းတယ်ဗျ..။ လက်ရှိချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောအကျဆုံးကတော့ အမြဲတမ်းတိုက်စစ်ဆင်ဖို့ စဉ်းစားနေတဲ့အချက်ကိုပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်တိုက်စစ်ကစားသမားတွေကလည်း သူတို့ဆီကို ရောက်လာမယ့် ဘောလုံးတွေအတွက် အသင့်အနေအထားမှာ အမြဲရှိနေဖို့ ပြင်ဆင်နေရပါတယ်..။ သူတို့အသင်းရဲ့ အဖွင့်ဂိုးမှာဆိုရင် အဲဒီအချက်ကို ခင်ဗျားတို့ သတိပြုမိကြမှာပါ..။




ဂျော်ဂင်ဟို ဟာ ဝက်ဒ်ဖို့ဒ်ကွင်းရဲ့ ကွင်းလယ်ညာဘက်ခြမ်းက မေဆန် မောင့် ဆီ ဘောလုံးရောက်ကတည်းက ရှေ့ကတိုက်စစ်မှူးတွေရဲ့ နေရာယူပုံကို တစ်ချက်ကြည့်ပါတယ်..(ပုံ- ၁)။ တန်မီ အေဘရာဟမ် ကလည်း သူ့ရဲ့ပြေးလမ်းထဲကို ဘောလုံးရောက်လာနိုင်မှာကို သိထားတဲ့အတွက် အသင့်နေရာယူထားတယ်..၊ မေဆန် က အသင့်နေရာယူထားတဲ့ ဂျော်ဂင်ဟို ကို အသာလေး လှိမ့်ပေးလိုက်တယ်ဗျ..၊ ဂျော်ဂင်ဟို က နောက်ထပ်တစ်ချက် ထပ်ကြည့်ပြီး အသင့်ပြေးထွက်မယ့် အေဘရာဟမ် ရဲ့ ပြေးလမ်းထဲကို ခုတ်တင်ပေးလိုက်ပါတယ်.. (ပုံ - ၂)။


ကျွန်တော့်အတွက်တော့ ဂျော်ဂင်ဟို ရဲ့ အဲဒီပေးပို့မှုဟာ အခုအချိန်ထိ ဒီနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံး ပေးပို့မှု (pass of the season) လို့ သတ်မှတ်ချင်ပါတယ်..။ အထူးသဖြင့် တန်မီ နဲ့ ဂျော်ဂင်ဟို တို့ရဲ့ကြားမှာ နားလည်မှု သိပ်ကိုကောင်းလွန်းတာကြောင့် နောက်ခံလူတွေ သတိမထားမိခင်မှာပဲ သူဟာဂိုးသမား ဖော်စတာနဲ့ တစ်ယေက်ချင်းအနေအထားကို ရောက်ရှိသွားခဲ့ပါတယ်..။ တကယ့်ကို အတိအကျ ပေးပို့မှု ဖြစ်သလို တန်မီ အေဘရာဟမ် ရဲ့ အဆုံးသတ်ကလည်း တကယ့်ကို သွေးအေးပြီး သပ်ရပ်လှတယ်ဗျ..။



ကွင်းလယ်ကစားသမားတွေ တိုက်စစ်ဇုန်မှာ ဘောလုံးရလာတာနဲ့ တိုက်စစ်မှူးနဲ့ တောင်ပံကစားသမားတွေဟာ ကိုယ့်ရဲ့သက်ဆိုင်ရာဇုန်တွေဆီကို ပြေးထွက်ပြီး အသင့်နေရာယူထားကြတာကို (ပုံ - ၃) တွေ့ကြရမှာပါ..။ ဒါ့အပြင် သူတို့အချင်းချင်းကြားက တွဲလုံးတွေဟာလည်း သိပ်မြန်လွန်းတာကြောင့် အပိုင်ဂိုးသွင်းခွင့် အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပါတယ်..။ တကယ်လို့ ဘင် ဖော်စတာ သာ ဒီနေ့ပွဲမှာ လက်စွမ်းမပြနိုင်ဘူးဆိုရင် (၆) ဂိုး..၊ (၇) ဂိုးလောက်များ ပေးလိုက်ရမလား မပြောတတ်ဘူးဗျ..။

အီယန် ရိုက် - ဝက်ဒ်ဖို့ဒ်အသင်း ကစားသမားတွေကလည်း အတတ်နိုင်ဆုံး တုံ့ပြန်နိုင်ဖို့၊ ပိတ်ဆို့နိုင်ဖို့ ကြိုးစားကြပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးကစားသမားတွေရဲ့ အသင်းလိုက်စုစည်းမှု၊ နားလည်မှုနဲ့ တွဲလုံးတွေ အရမ်းကိုကောင်းလွန်းခဲ့တာကြောင့် သူတို့တွေ ဘာမှကို မတတ်နိုင်တဲ့ပုံစံ ဖြစ်သွားရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့ ရွှေ့လျားကစားပုံ ကောင်းမွန်ခဲ့တာကြောင့် ဘောလုံးကိုကိုင်ထားနိုင်ဖို့ နေရာလွတ်တွေ (space) ရတယ်..၊ အချိန် (time) ရခဲ့တယ်..။ ပွဲအပြီးမှာ ဖရန့် လမ်းပတ် ပြောခဲ့သလိုပါပဲ.. တကယ်တော့ ဒီနေ့ပွဲမှာ သူတို့ဟာ ရခဲ့တဲ့ အခွင့်အရေးတွေကို ဒီထက်ပိုပြီး အသုံးချနိုင်ခဲ့သင့်ပါတယ်..။


သူတို့ရခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင်လည်း ကွင်းလယ်ကနေ တိုက်စစ်ကို စတင်ခဲ့တဲ့ ဝီလီယံ ဟာ အခုအပေါ်ကပုံ (ပူးတွဲပုံ - ၄) မှာပြထားတဲ့အတိုင်းနေရာလွတ် အများကြီး ရရှိခဲ့ပါတယ်..။ တန်မီ က ညာတောင်ပံကနေ နေရာယူပေးတယ်..၊ ဝီလီယံ က သူ့ရဲ့ပြေးလမ်းထဲကို ခင်းပေးလိုက်ပါတယ်..။ အဲဒီသွင်းဂိုးမှာဆိုရင်လည်း ဘယ်တောင်ပံကနေ ဖြတ်ပြေးလာတဲ့ ပူလီဆစ် ရဲ့ ရွှေ့လျားမှု..၊ နေရာယူမှု ကောင်းမွန်ခဲ့ပါတယ်..(ပုံ- ၅)။ ကတယ်တော့ ဒီနေ့ပွဲမှာ သူတို့ဟာ အခက်အခဲမရှိပဲ အနိုင်ရခဲ့သင့်တာပါ..။



ဂယ်ရီ လိုင်နီကာ - အင်းဗျ.. အခုအချိန်မှာ ဖရန့် နဲ့ သူ့ရဲ့ချာတိတ်တွေဟာ နောက်လာမယ့် ပွဲကျပ်တွေနဲ့ အကြိတ်အနယ်ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ယူဆပါတယ်..။ လူငယ်တွေကလည်း သူတို့အပေါ် ယုံကြည်မှုထားရှိခဲ့တာ မှန်ကန်ခဲ့တဲ့အကြောင်း အကောင်းဆုံး သက်သေပြနိုင်နေတာကို တွေ့ကြရမှာပါ..။ ဝက်ဒ်ဖို့ဒ် အသင်းကတော့ နောက်ထပ်ရှုံးပွဲရလဒ်တစ်ခုနဲ့အတူ အခုအချိန်ထိ ပထမဆုံး ပရီးမီးယားလိဂ် အနိုင်ပွဲကို ရှာဖွေနေရတုန်းပါပဲ..။

အလန် ရှီးယားရား - ပင်နယ်တီ ရခဲ့ပြီးနောက်ပိုင်း သရေတစ်မှတ်အတွက် သူတို့အစွမ်းကုန် ရုန်းကန်ခဲ့ပေမယ့် ပွဲချိန်တော်တော်များများမှာ သူတို့အသင်းရဲ့ ကစားပုံဟာ အနိုင်ပွဲအတွက် လုံလောက်တဲ့ခြေစွမ်း မရှိခဲ့ပါဘူး..။

#FRANK