feature-image

“ချယ်လ်ဆီး vs အိုင်းယက်စ်” အသင်းပွဲစဉ်မှ တွေ့ရှိချက်များ...

မနေ့က ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အိုင်းယက်စ်အသင်းတို့၏ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှ ချန်ပီယံလိဂ်ပွဲစဉ်မှာ မယုံနိုင်စရာ စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းများ၊ ဖြစ်ရပ်များ၊ အပြန်အလှန် သွင်းဂိုးများဖြင့် တစ်ဘက်လေးဂိုးစီ သရေကျသွားခဲ့သည်..။ ဧည့်သည်အိုင်းယက်စ်အသင်းမှာ ပွဲချိန် (၆၀) မိနစ်လောက်အထိ ၄ဂိုး - ၁ဂိုးဖြင့် ဦးဆောင်နိုင်နေခဲ့သော်လည်း အသင်းခေါင်းဆောင် ဒယ်နီ ဘလိုင်း နှင့် ဗဟိုနောက်ခံလူ ဂျိုး ဗက်မန်း တို့နှစ်ယောက် အထုတ်ခံလိုက်ရချိန်မှာတော့ ရူးသွပ်ဖွယ်ရာ ပွဲစဉ်တစ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရသည်..။ ထိုသို့ထူးခြား၊ ရှားပါး ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့သည့် ပွဲစဉ်တစ်ပွဲမှ ချယ်လ်ဆီးအသင်းနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို ယခုလို တင်ဆက်ပေးလိုက်ရပါသည်..။

(၁) အကြောက်အရွံ့ကင်းမဲ့သည့် လူငယ်များနှင့် ချယ်လ်ဆီးအသင်း….

ချယ်လ်ဆီးအသင်းမှာ မိမိတို့ိအိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်ရှေ့မှောက်မှာပင် ပွဲချိန်မိနစ် (၆၀) အထိ ပြန်လမ်းမရှိသည့် လမ်းကြောင်းအတိုင်း ချီတက်နေခဲ့သည်..။ ထို့ကြောင့်သူတို့အနေဖြင့် အလွယ်တကူ လက်လျော့လိုက်ပြီး ၁- ၄ ထက်ပိုပြီး နောက်ထပ်ဂိုးမပေးရအောင် ထိန်းသိမ်းမည်..၊ ပွဲချိန်ကုန်သွားအောင် အလိုက်သင့် မျောလိုက်ခဲ့မည်ဆိုလျှင်လည်း ရပါသည်..။ သို့သော် ချယ်လ်ဆီးအသင်း၏လမ်းစဉ်မှာ ထိုသို့မဟုတ်ခဲ့ပေ..။ ပွဲသိမ်းခရာမမှုတ်မချင်း အစွမ်းကုန် ကြိုစားကြဖို့ သူတို့တွေ ဆုံးဖြတ်ထားခဲ့ကြသည်..။




ပထမပိုင်းအပြီး ခြေစွမ်းပျောက်ဆုံးနေသည့် မားကို့စ် အလွန်ဆို အစား ရီစီး ဂျိမ်းစ် လူစားဝင်လာခဲ့သည်..။ အသင်း၏ ကစားရှိန်ကို မြှင့်တင်လိုက်သည်..။ ပွဲအပြီးတွင် နည်းပြ ဖရန့် လမ်းပတ် ကလည်း အသင်း၏ ‘ညာတေင်ပံခြမ်းမှ တွန်အား’ ကို လိုအပ်သောကြောင့် ယခုလို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့သေးသည်..။ သူ၏အပြောင်းအလဲ၊ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပြီး ရီစီ ဂျိမ်းစ် မှာ ညာတောင်ပံကြောမှ ဖြတ်တင်ဘောများ တောက်လျှောက်ပေးပို့ကာ အိုင်းယက်စ်အသင်း ခံစစ်ကြောင်းကို ဖိအားပေးနိုင်ခဲ့သည်..။ ဒီလိုကြိုးစားမှုနဲ့ စိတ်ဓါတ်မျိုးကို လူငယ်ကစားသမားတွေဆီမှာပဲ တွေ့နိုင်ပေလိမ့်မည်..။ သူတို့မှာ အဆုံးအရှုံးကို ရင်ဆိုင်ဖူးသည့် အတွေ့အကြုံမရှိ၊ ကျရှုံးခြင်းဆိုသည့် အရသာကို မြည်းစမ်းကြည့်ဖူးခြင်းမရှိ..။ သူတို့၏ပြင်းပြသည့် စိတ်ဓါတ်၊ ရုန်းအားနှင့် ပင်ကိုယ်ခြေစွမ်းတွေအပေါ်ကိုပဲ သူတို့ယုံကြည်၊ ကိုးစားခဲ့ကြသည်..။ ဒီလိုအချိန်တွင် နောက်ထပ်တွန်းအားတစ်ရပ်အဖြစ် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဝင်ရောက်လာခဲ့သည်.။ သူတို့လိုအပ်နေသည့် အလှည့်အပြောင်း စတင်ရရှိတော့သည်..။




ဒိုင်လူကြီး၏ အဆုံးအဖြတ်က သူတို့အတွက် ကံကောင်းစေခဲ့လား..? တစိတ်တပိုင်းတော့ ပါဝင်နိုင်မှာ ဖြစ်ပေမယ့် လန်းလန်းဆန်းဆန်း ခွန်အားအပြည့်ဖြင့် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ ဂျိမ်းစ် တို့၏ ဘယ်၊ ညာတောင်ပံများမှ တရစပ်ထိုးဖောက်မှုများကို ထိန်းချုပ်နိုင်ဖို့က ခက်ခဲလှသည်..။ ယခုလိုအပြောင်းအလဲနှင့် အစွမ်းကုန် ရုန်းထွက်ခဲ့သည့် ကစားအားကြောင့် အက်ဇ်ပီလီကွဲတား က ဒုတိယချေပဂိုးကို စတင်ရရှိသည်..။ ထို့နောက်အိုဒွိုင်း ၏ ကန်ချက်မှ ရရှိခဲ့သည့် ပင်နယ်တီမှ တတိယချေပဂိုး ရရှိပြန်ပြီ..။ ထို့နောက် ရီစီ ဂျိမ်းစ် က ထောင့်ကန်ဘောရအောင် အရင်ကြိုးစားခဲ့သည်..၊ အဆိုပါ ထောင့်ကန်ဘောမှတဆင့် ဂိုးဘားတန်းထိ ထွက်လာခဲ့သည့် ဘောလုံးကို သူကပဲ သပ်သပ်ရပ်ရပ် အဆုံးသတ်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ် အလှည့်အပြောင်းများဖြင့် သရေရလဒ်ရရှိအောင် ရုန်းထွက်ပြခဲ့သည်..။


လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ အကောင်းဆုံးအသင်း၊ ထိပ်တန်းအဆင့် အသင်းတစ်သင်းတော့ မဟုတ်သေးပေ..။သို့သောသတိပြုရမည့်အချက်မှာ ယနေ့ပွဲတွင် ပါဝင်ကစားခဲ့သည့် ကစားသမားများ၏ ပျှမ်းမျှအသက်မှာ (၂၄ နှစ် ၁၈၃ ရက်) သာ ရှိခဲ့သည်..။ အိုင်းယက်စ်အသင်းနှင့် ပထမအကျော့တွင် ပါဝင်ခဲ့သည့် ကစားသမားများ၏ သက်တမ်းမှာ လူငယ်အသင်းဟု လူသိများခဲ့သည့် အိုင်းယက်စ်အသင်းထက် ပိုပြီးတော့ပင် ငယ်ရွယ်နေခဲ့သေးသည်..။ ဒါ့ကြောင့်လည်း အကြောက်အလန့်မရှိ..၊ နောက်ပြန်မကြည့်ပဲ ရဲရဲတင်းတင်း ကစားကြသည်..။ ချယ်လ်ဆီးအသင်းအနေဖြင့် ယခုလူငယ်ကစားသမားများ၏ ကစားအားနှင့် စိတ်ဓါတ်ကို အခြေခံပြီး နောက်ထပ်ထိပ်တန်း ကစားသမားများ ထပ်မံအားဖြည့်ခဲ့ပါက နောင်နှစ်အနည်းငယ်အတွင်းမှာပင် တကယ့်အသင်းကြီးတစ်သင်းအဖြစ် အရှိန်အဟုန်နှင့် ပေါ်ထွန်းလာမည့် အလားအလာကောင်းများ မြင်တွေ့လျှက် ရှိနေပါသည်..။

(၂) တိုးတက်ဖို့ လိုအပ်နေသေးသည့် ကက်ပါ အရီဇာဘာလာဂါ

ချယ်လ်ဆီးအသင်း ခွင့်ပြုလိုက်ရသည့် သွင်းဂိုးများကို ပြန်လည်လေ့လာကြည့်ပါက မပေးသင့်သည့်ဂိုးများအဖြစ် ရှုမြင်ကြသူ ပို၍များပြားခဲ့သည်..။ ဒီထက်ပိုပြီး စိုးရိမ်စရာကောင်းသည့်အချက်က ယခုနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်း ခွင့်ပြုလိုက်ရသည့် သွင်းဂိုးအများစုမှာ ယခုလိုပုံစံမျိုးနှင့် ဂိုးပေးနေရခြင်းပဲဖြစ်သည်..။ အထူးသဖြင့် အသင်း၏ နောက်ဆုံးခံစစ်ကြောင်းဖြစ်သူ နံပါတ်တစ်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ၏ လက်စွမ်းမှာ လိုအပ်သလောက် ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပေ..။ သူ့တည့်တည့်လာမည့် ကန်ချက်များကိုတောင် စိတ်ချလက်ချ ကာကွယ်နိုင်ပါ့မလားဟု သံသယပွားလောက်အောင် လက်စွမ်းကျဆင်းနေခဲ့သလို နောက်တန်းအပေါ် လွမ်းမိုးနိုင်ခြင်းမရှိ၊ အဝင်အထွက်၊ နေရာယူမှုများမှာလည်း လိုအပ်ချက်များ ရှိနေခဲ့သည်..။




ထို့ကြောင့်ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ ခွင့်ပြုလိုက်ရသည့် ဂိုးပေါက်တည့်ကန်ချက် (shots on target) စုစုပေါင်း (၁၀၂) ကြိမ်၏ (၅၂.၇၈%) ရာခိုင်နုှန်းကိုသာ ကာကွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်ခုလုံးတွင် ပျမ်းမျှဂိုးပေါက်ကာကွယ်မှု (save percentage) အနည်းဆုံး ပြုလုပ်နိုင်သည့် အသင်းဖြစ်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ဂိုးသမား ကက်ပါ မှာ shots on target စုစုပေါင်း၏ (၅၇.၁၄%) ရာခိုင်နှုန်းကိုသာ ကာကွယ်နိုင်ခဲ့သည်..။ အဆိုပါ save percentage ကိန်းဂဏန်းမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် (၃၂) သင်းအနက် အဆင့် (၂၃) နေရာဖြစ်ပြီး ကိုယ့်ထက်ဆိုးသည့်အသင်းဆိုလို့ သိပ်မကျန်တော့ပေ..။ ဒါတောင်မှ ကိုးယောက်လျော့ချိန်တွင် အိုင်းယက်စ်အသင်း၏ ကန်ချက်အချို့ကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သောကြောင့် သူ၏စွမ်းဆောင်ရည် ကိန်းဂဏန်း အနည်းငယ် မြင့်တက်လာခြင်း ဖြစ်ပေသည်..။

ပြစ်ဒဏ်ဘောနှစ်ကြိမ်မှ ပေးလိုက်သည့် own goal နှစ်ဂိုးအတွက် သူ့ကိုအပြစ်မတင်ဘူးဆိုရင်တောင် ဖြတ်တင်ဘောများတွင် သူ၏နေရာယူပုံ..၊ ပြေးထွက်ကာကွယ်နိုင်ပုံတွေ လိုအပ်ချက်ရှိခဲ့သလို တည်ကန်ဘောများတွင် နောက်တန်းလူများအပေါ် ညွန်ကြားချက် ပေးနိုင်မှုများတွင်လည်း အားနည်းခဲ့သည်..။ အထူးသဖြင့် ကွင်စီ ပရိုးမက်စ် ၏ အနီးကပ် ခေါင်းတိုက်သွင်းဂိုးတွင် ကက်ပါ မှာ ဇိုင်းယက်စ် ၏ ဖြတ်တင်ဘောအား ကြားဖြတ်ကာကွယ်နိုင်ခဲ့သင့်ပေသည်..။

(၃) VAR

ယခုနှစ်ဘောလုံးရာသီတွင် VAR ကို ပြိုင်ပွဲတိုင်းတွင် အသုံးပြုလာခဲ့သော်လည်း ပြိုင်ပွဲတစ်ပွဲနှင့်တစ်ပွဲတွင် အသုံးချပုံခြင်း မတူညီခဲ့ပေ..။ လာလီဂါ ပြိုင်ပွဲများတွင် VAR အသုံးပြုပုံမှာ ဒိုင်လူကြီးက ကွင်းဘေးမှ မော်နီတာတဆင့် အဆုံးအဖြတ်ပေးသည့်ပုံစံဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုပုံနှင့် ဆင်တူသည်..။ သို့သော် ပရီးမီးယားလိဂ်တွင် VAR အသုံးပြုပုံမှာ လာလီဂါနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို လုံးဝဆန့်ကျင်နိုင်ခွင့် ရှိနေခဲ့သည်..။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ တစ်မျိုးတစ်ပုံစံ ဖြစ်နေခဲ့ပြန်သည်..။



ယနေ့ပွဲတွင် အက်ဖ်ပီလီကွဲတား ၏ ပဉ္စမဂိုးကို VAR ဖြင့် လက်ထိဘော သတ်မှတ်၊ ပယ်ဖျက်ခဲ့သော်လည်း နောက်ခံလူ ဂျိုး ဗက်မန်း အား ဒုတိယအနီကတ်ဒ် ပြချိန်တွင် VAR ၏ အကူအညီ လုံးဝယူခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရသည်..။ လက်ထိဘောအတွက် ပင်နယ်တီ ပေးခဲ့သည်ဆိုရင်တောင်မှ ပထမအဝါကတ်ဒ်..? ဒုတိယ အဝါကတ်ဒ်..? များ ပြသခဲ့ချိန်တွင် ဒိုင်လူကြီး၏ အဆုံးအဖြတ်ပေါ်တွင်သာ လုံးဝမူတည်ခဲ့ပြန်သည်..။ ထို့ကြောင့်ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) အနေဖြင့် VAR စနစ်ကို ပြိုင်ပွဲတိုင်းတွင် တစ်ပြေးညီသုံးစွဲနိုင်အောင် ကြပ်မတ် ညှိနှိုင်းသင့်ပေသည်..။

(၄) ကွင်းလယ်ခံစစ် အားနည်းချက်များနှင့် ချယ်လ်ဆီးအသင်း..

ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ ကစားရှိန်နှင့် လုပ်အားနှုန်း ကောင်းမွန်ပြီး ပွဲစဉ်တိုင်းတွင် ပွဲချိန်တော်တော်များများကို ထိန်းချုပ်ကစားနိုင်ခဲ့သည်..။ အားနည်းချက်အနေဖြင့် အသင်းမှာ မြန်ဆန်လှသည့် ကစားရှိန်ကို ပွဲချိန်ပြည့်နီးပါး ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိပဲ အတက်အကျ မြန်ဆန်သည်..၊ ကွင်းလယ်တွင် ထိန်းချုပ်ပြီး အဆင့်ဆင့်ဟန့်တားနိုင်မှု အားနည်းခဲ့သည်..။ သို့သော် ချယ်လ်ဆီးအသင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲစုံ ကိုးပွဲတွင် ရှစ်ပွဲအနိုင်ဖြင့် ရလဒ်ကောင်း၊ ပုံစံကောင်းများလည်း ရရှိနေခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မည့် အလားအလာကောင်းတွေ ရှိနေခဲ့သည်..။



ဒီလိုဖျော်ဖြေမှုအပြည့် ပေးနိုင်သည့် ကစားဟန်ဖြင့် ရလဒ်ကောင်းများ ဆောင်ယူနေသည့် စတန်းဖို့ဒ် ဘရစ်ချ် အသင်း၏ အဓိကသော့ချက်မှာ ကွင်းလယ်မှ မက်တီယို ကိုဗာဆစ် နှင့် ဂျော်ဂင်ဟို တို့ double pivot ၏ လုပ်အားနှုန်းနှင့် ပွဲကိုထိန်းချုပ်နိုင်စွမ်း ဖြစ်သည်..။ သူတို့နှစ်ဦး၏ တစ်ကွင်းလုံးအနှံ့ ရွေ့လျားနိုင်စွမ်း၊ တိကျသေသပ်သည့် ပေးပို့မှုများ ပြုလုပ်နိုင်စွမ်း၊ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်ပြီး အသင်း၏ဟန်ချက်ကို ထိန်းကျောင်းနိုင်စွမ်းတို့ကြောင့် အန်ဂိုလို ကန်တေး ပြန်လာမည့်အချိန်ကို တမ်းတနေစရာ မလိုဘူးလို့တောင် ထင်စရာ ရှိနေခဲ့သည်..။ သို့သော်…

အိုင်းယက်စ်အသင်းနှင့်ပွဲတွင် ဟော်လန်အသင်းမှာ နှစ်ယောက်အထုတ်မခံရမီ ပွဲချိန်မိနစ် (၇၀) အထိ ချယ်လ်ဆီးအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့သလို ဗန် ဒီ ဘိခ် ၏ စတုတ္ထဂိုးမှာ အန်ဂိုလို ကန်တေး ကို ဘာကြောင့်လိုအပ်နေသလဲ..? ဆိုသည့် မေးခွန်း၏အဖြေပဲဖြစ်သည်..။ ဇိုင်းယက်စ် ၏ ညာတောင်ပံမှ ပေးပို့မှုကို ဒေါ်နီ ဗန် ဒီ ဘိခ် မှာ ဂိုးဧရိယာထဲတွင် ဘောလုံးကို အေးအေးဆေးဆေးထိန်းပြီး ကန်သွင်းဖို့ အချိန်အကြာကြီး ရရှိခဲ့သည်..။ သူနှင့်အနီးဆုံးတွင် မက်တီယို ကိုဗာဆစ် ရှိနေသော်ငြား ထိရောက်သည့် ဖျက်ထုတ်မှု၊ နှောင့်ယှက် ဟန့်တားမှုမျိုး မပြုလုပ်နိုင်ခဲ့ပဲ လွတ်လွတ်ကျွတ်ကျွတ်လို ကန်သွင်းခွင့်ပေးခဲ့သည်..။ တကယ်လို့ အန်ဂိုလို ကန်တေး သာ ကွင်းထဲမှာ ရှိနေခဲ့မည်ဆိုလျှင် အဆိုပါသွင်းဂိုးမျိုး ခွင့်ပြုရလိမ့်မည် မဟုတ်ပေ..။


ထို့အပြင် ကန်တေး ၏ လုပ်အားနှုန်းနှင့် တူမတူအောင် ကောင်းမွန်သော ဖျက်ထုတ်ပုံ၊ ခံစစ်ကူညီနိုင်စွမ်းတို့ကြောင့် အိုင်းယက်စ်အသင်းမှာ ယနေ့ပွဲလိုမျိုး သူတို့အသင်း တိုက်စစ်ဆင်ချိန်များတွင် အချိန်ကြာကြာ စိုးမိုခွင့်ရရန် မလွယ်ကူနိုင်ပေ..။ ထို့ကြောင့်ကွင်းလယ်ကစားအားနှင့် လုပ်အားနှုန်းကောင်းမွန်သည့် အသင်းများနှင့် ရင်ဆိုင်ရချိန်တွင် တစ်ဖက်အသင်း၏ ကွင်းလယ်ကစားကွက်ကို ဖျက်တောက်နိုင်မည့် အန်ဂိုလို ကန်တေး ကတော့ လိုအပ်နေပါဦးမည်ဖြစ်ကြောင်း တင်ဆက်လိုက်ရပါသည်..။

#FRANK

(Squawka.com မှ ဆောင်းပါးရှင် Muhammad Butt ၏ ‘Chelsea 4-4 Ajax: Five things learned as Blues show the fearlessness of youth to fight back’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)