feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး Vs ခရစ်စ်တယ် ပဲလေ့စ်)

စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ခရစ်စ်တယ် ပဲလေ့စ်အသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) အပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျို ကိုးလ် နှင့် အင်္ဂလန်လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် တို့က BT Sports ရုပ်သံ အစီအစဉ် မှတဆင့် ယခုလိုသုံးသပ် ဆွေးနွေးသွားခဲ့သည်..။

ဂျိတ်ခ် ဟမ်းဖရေး - ဂျိုး ရေ.. ပထမဆုံးအနေနဲ့ ပွဲပြီးပြီးချင်း အိုဝင် ဟားဂရိဗ် ပြောခဲ့တဲ့စကားလေးနဲ့ စဖွင့်လိုက်ရအောင်ဗျာ..။ အခုချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတွေထဲမှာ ထည့်ပြီးစဉ်းစားရတော့မယ် လို့ ပြောသွားပါတယ်..။ ခင်ဗျားရဲ့အမြင်ရော ဘယ်လိုရှိလဲဗျ..

ဂျိုး ကိုးလ် - ၁၀၀% ရာနှုန်းပြည့်ပေါ့ဗျာ..။ ဖရန့် ဟာ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်သူ စာရင်းထဲကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရောက်လာတာပါ..။ အခုဆိုရင် သူတို့အသင်းမှာ အားနည်းချက် ကြီးကြီးမားမား ရှာတွေ့ဖို့တောင် အတော်လေးကို ခက်ခဲနေပါပြီ..။ နောက်ပြီးပွဲထွက်လူစာရင်းမှာလည်း အက်ဇ်ပီလီကွဲတား ထည့်ပြီးကစားမလား…၊ ရီစီ ဂျိမ်းစ် ကိုထည့်သွင်း ကစားမလား.. အသင်းရဲ့ကစားပုံ ဘာမှမပြောင်းလဲသွားပါဘူး..။ ပူလီဆစ်၊ မောင့်..၊ ဟတ်ဒ်ဆန် အိုဒွိုင်း.. စသဖြင့်ပေါ့ဗျာ..။ အခုဆိုရင် အသင်းမှာ လူအင်အားအရရော၊ ခြေစွမ်းအရရော ဆုဖလားကို စိန်ခေါ်နိုင်ဖို့ လုံလောက်နေပြီလို့ ပြောလို့ရပါတယ်..။

သူတို့အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံးအချက်က အသင်းလိုက်စုစည်းမှုပါ..။ အသင်းသားအားလုံးဟာ တစုတစည်းထဲ (together) ရှိနေပြီး တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ ခြေစွမ်းနဲ့ ရုန်းအားဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုစီအဖြစ် အချိုးညီညီ ပေါင်းစပ်သွားတာကို တွေ့ရပါတယ်..။




အိုဝင် ဟားဂရိဗ် - ဖရန့် ဟာ ကစားသမားတစ်ဦးချင်းဆီကနေ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းထွက်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်တာ တွေ့ရပါတယ်..။ အဲဒီအတွက် သူ့ကိုချီးကျူးမိတယ်ဗျ..။ နောက်ပြီးကစားသမားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ လိုက်လျောညီထွေ အသုံးချနိုင်ပါသေးတယ်..။ ဒီနေ့ဆိုရင် ရီစီ ဂျိမ်းစ် ပေါ့.. သူဆိုရင် ‘man of the match’ ပေးမယ်ဆိုရင်တောင် ရနိုင်ပါတယ်..။ အဓိကအချက်က လူငယ်ကစားသမားတိုင်း ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေးရဲတယ်..၊ ကစားသမားတိုင်းကလည်း နည်းပြရဲ့ ယုံကြည်ကိုးစားမှုကို အကောင်းဆုံး ခြေစွမ်းတွေနဲ့ တုံ့ပြန်ပေးကြပါတယ်..။ ဒ့ါကြောင့်လည်း အခုအမှတ်ပေးဇယားမှာ သူတို့ရှိသင့်တဲ့နေရာကို ရောက်နေတာပါ..။ သူတို့အသင်း ပြိုလဲကျသွားလိမ့်မယ်လို့ ကျွန်တော်မထင်မိဘူးဗျ..။

ဂျိုး ကိုးလ် - အင်းဗျ… ကစားသမားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ လိုက်လျောညီထွေ အသုံးချနိုင်တယ်ဆိုမှ.. ဥပမာ.. ကန်တေး ဗျာ..။ အားလုံးက သူ့ကိုအိုင်းယက်စ်အသင်းနဲ့ အင်္ဂါနေ့ပွဲမှာ ထည့်ကန်လိမ့်မယ်ပဲ ထင်ခဲ့ကြတာပေါ့..၊ ဒါပေမယ့် ဖရန့် က သင့်တော်မယ့် အချိန်အခါကို စောင့်ခဲ့ပါတယ်.။ ဒီနေ့ဆိုရင် ကန်တေး ဟာ တကယ့်ကို သူ့ရဲ့အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပါတယ်..။ နောက်ပြီးဖရန့် ဟာ အရမ်းပါးနပ်တဲ့သူဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်..။ သူဟာဆုံးဖြတ်ချက်တိုင်းကို သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တဲ့အရာတွေကြီးပါပဲ..။

ဒီနေ့ဆိုရင် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွဲတား ကို ရဲရဲတင်းတင်း ချန်ထားခဲ့ပါတယ်..။ အက်ဇ်ပီလီကွဲတား ဟာ ကျွန်တော်တို့ အသင်းမှာ အရေးကြီးတဲ့သူ တစ်ယောက်ဆိုတာ သူသိပါတယ်..။ ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်.။ အခုထိတော့ သူ့ရဲ့ဆုံးဖြတ်ချ်တိုင်းဟာ အကုန်လုံးမှန်ကန်နေသလိုပါပဲ..။ ဒါ့ကြောင့်အခုဆိုရင် ခြောက်ပွဲဆက်တိုက် နိုင်ပွဲဆက်နိုင်ခဲ့ပါပြီ..။ သူ့ရဲ့အသင်းဟာ စံချိန်တွေကို ချိုးနိုင်လိမ့်မယ်လို့ ကျွန်တော်မပြောချင်ပေမယ့် အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေနိုင်တယ်လို့ ယုံကြည်ထားပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - ဒါပေါ့ဗျာ.. ဒီနေ့ဆိုရင်လည်း အဲဒီလိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ သက်သေ၊ သာဓက ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်..။ ပထမပိုင်းတစ်ပိုင်းလုံး သူူတို့ဟာ ပဲလေ့စ်အသင်းကို ထိန်းချုပ်ပြီး ကစားထားနိုင်ပေမယ့် ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး..။ တကယ်တော့ ဒီနေ့ပွဲရဲ့ အဆုံးအဖြတ်ဟာ ဝါရင့်ကစားသမား တစ်ယောက်..၊ အက်ဇ်ပီလီကွဲတား ရဲ့အစား အသင်းခေါင်းဆောင် တာဝန်ယူရတဲ့ ဝီလီယံ ရဲ့ လှပတဲ့နောက်ပြန်ပေးပို့မှုလေး ဖြစ်ခဲ့တယ် မဟုတ်ဘူးလားဗျ..။

အိုဝင် ဟားဂရိဗ် - မှန်တာပေ့ါဗျာ..။ ပဲလေ့စ် ကတော့ သူတို့ရဲ့ ကစားကွက်အတိုင်းပဲ low block နဲ့ ဂိုးဧရိယာထဲမှာ စုပြုံပိတ်ဆို့ခံပါတယ်..။ ဒါပေမယ့် ဝီလီယံ ဟာ သူ့ဆီရောက်လာတဲ့ ဘောလုံးကို တစ်ချက်မဆိုင်းပဲ ဂျိမ်းစ် တွန်ကင်စ် ရဲ့ နေရာယူအမှားကြောင့် လွတ်သွားတဲ့ ကွက်လပ်ထဲကို အတိအကျ ခင်းပေးနိုင်ခဲ့ပါတယ်..။ ဝီလီယံ နောက်ပေါက်နဲ့ ချပေးလိုက်တဲ့အချိန် တွန်ကင်စ် ဟာ တန်မီ ကို ကပ်မထားပဲ ရှေ့နည်းနည်းရောက်နေတယ်ဗျ..။ တကယ်တော့ အဲဒီပေးပို့မှုဟာ ဒီနေ့ပွဲတစ်ပွဲလုံးရဲ့ အဆုံးအဖြတ် အခိုက်အတန့်ပါပဲ.။ ဒါ့ကြောင့်လည်း သူတို့လို ကစားသမားတွေကို တန်ဖိုးကြီးကြီးပေးပြီး ခေါ်ယူနေချင်ကြတာပေါ့..။ တန်မီ ရဲ့ အဆုံးသတ် ပိတ်သွင်းချက်လည်း သေသပ် ကောင်းမွန်ပါတယ်..။




ဂျိုး ကိုးလ် - အဲဒီသွင်းဂိုးလေးကို နောက်ထပ်ရှုထောင့်ပြောင်းပြီး သေသေချာချာ ပြန်ကြည့်ရအောင်ဗျာ..။ အဲဒီပေးလိုက်ရတဲ့ ဂိုးမတိုင်ခင်အထိ ပဲလေ့စ်အသင်းရဲ့ ခံစစ်ကြောင်းဟာ အတော်လေးကို ကျစ်လျစ်၊ သိပ်သည်းပါတယ်..။ သူတို့နောက်တန်း ခံစစ်ကြောင်းရဲ့ နေရာယူပုံကို အပေါ်မှာပြထားတဲ့ပုံ (ပုံ- ၁) မှာ တွေ့နိုင်ပါတယ်..။ နောက်တန်းလေးယောက်၊ သူတို့ရှေ့မှာ ကွင်းလယ်ကစားသမား ငါးယောက်နဲ့ နှစ်ဆင့်ကာထားတယ်..၊ နေရာယူထားတာ အကြားအလပ် မရှိပါဘူး..။ တကယ်တော့ ဒီဂိုးပေးလိုက်ရတာကလည်း ခံစစ်ကြောင်းရဲ့ အမှားကြောင့် မဟုတ်ပဲ ကစားသမားတစ်ယောက်တည်းက အာရုံစူးစိုက်မှု လွတ်သွားတဲ့ ခဏလေးမှာ ခွင့်ပြုလိုက်တာပါ..။ တွန်ကင်စ် ဟာ ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအခိုက်အတန့်လေးမှာတော့ သူဟာအခုအောက်ကပုံ (ပုံ - ၂) မှာ ပြထားတဲ့အတိုင်း ခံစစ်ကြောင်းရဲ့ ရှေ့ကိုရောက်နေပါတယ်..၊




ကြည့်ရတာ သူကဘောလုံးနဲ့အတူ ဆွဲဝင်လာတဲ့ ကိုဗာဆစ် ကို တက်ဖျက်ရမလားဆိုပြီး ‘မဲ’ နေတာကြောင့် ဖြစ်ပါလိမ့်မယ်..။ တန်မီ က သူနဲ့ခံစစ်ကြောင်းရဲ့ ကြားထဲက ကွက်လပ်မှာ အတိအကျပဲဗျ..။ အဲဒါကို သူသထိမထားမိခဲ့ပါဘူး..။ အဲဒီလို နေရာယူမှားသွားခဲ့တဲ့ ခဏတာလေးကို ဝီလီယံ က ကောင်းကောင်းအသုံးချနိုင်ခဲ့တာပါ..။ ဒ့ါကြောင့်တစ်ချို့ပွဲတွေမှာ ဂိုးမပေးရအောင် ပိတ်ဆို့ကစားမယ်ဆိုရင် အဲဒီပုံစံထဲမှာ ရှိနေတဲ့ ကစားသမားတစ်ယောက်ရဲ့ အမှားအယွင်းလေးကြောင့် မူလစီမံချက် ပျက်စီးသွားရတာတွေ ရှိတတ်တာပေါ့ဗျာ..။ အခုဒီဂိုးမှာဆိုရင်လည်း နှစ်ကိုက်လောက်ပဲရှိတဲ့ ကွက်လပ်လေးကို ဝီလီယံ က အသုံးချသွားခဲ့တာပါ..။ အဲဒီနောက်ပိုင်း ပဲလေ့စ် အနေနဲ့ ဒီပွဲထဲကို ပြန်လာနိုင်ဖို့ အရမ်းကိုခက်ခဲသွားခဲ့ပါပြီ..။ ချယ်လ်ဆီးအနေနဲ့ နောက်ထပ်သုံးဂိုး၊ လေးဂိုးလောက် ထပ်ရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်..။

အိုဝင် ဟားဂရိဗ် - တကယ်တော့ ဒီဂိုးဟာ ဝီလီယံ ရဲ့ ပါးနပ်မှုကြောင့် ရရှိခဲ့တာပါ..။ တခြားလူငယ် ကစာသမားတွေက ဘောလုံးကို ရနိုင်သမျှ ကိုင်ထားချင်တယ်..၊ ဆွဲထွက်ချင်တယ်.၊ နောက်ခံလူတွေကို ကျော်ဖြတ်ပြချင်ပါတယ်..။ ဒါပေမယ့် တခါတလေမှာ ထိချက်ကောင်းကောင်း တစ်ချက် (smart touch) ဟာ သုံးယောက်၊ လေးယောက်ကို ကျော်ဖြတ်ပြနေတာထက် အများကြီး တာသွားပါတယ်..။ ဒါမျိုးဆိုတာကလည်း အတွေ့အကြုံနဲ့ ယှဉ်ပြီးမှ ရရှိလာနိုင်တာပါ..။

ဂျိတ်ခ် ဟမ်းဖရေး - ဒုတိယဂိုး ရသွားတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပြီးသွားပြီလို့ ပြောလို့ရသွားပါတယ်..။ ဒီဂိုးနဲ့ပတ်သက်ပြီး ပြောချင်တဲ့အချက်တွေကတော့ တစ်သင်းလုံးလိုလို ပါဝင်ခဲ့ပြီး လူငယ်တွေရဲ့ အားမာန်၊ လူငယ်တွေရဲ့ အရည်အချင်းနဲ့ ရရှိခဲ့တာ မဟုတ်ဘူးလားဗျ…

ဂျိုး ကိုးလ် - ပူလီဆစ် ခေါင်းတိုက်ပြီး အဆုံးမသတ်ခဲ့ခင်အထိ အပေးအယူ (၂၆) ကြိမ် ပြုလုပ်ခဲ့ရာမှာ ဂိုးသမား ကက်ပါ အပါအဝင် အသင်းမှာပါတဲ့ ကစားသမားတိုင်း ဘောလုံးထိခဲ့ရပါတယ်..။ ရီစီ က ညာဘက်ခြမ်းကွင်းလယ်ကနေ ပြန်ခေါက်ပြီး အတွင်းဘက်မှာ နေရာယူပေးနေတဲ့ ကိုဗာဆစ် ဆီ ပြန်ခင်းပေးပါတယ်..။ ဒီဂိုးမှာ အဓိကကျခဲ့တဲ့ ပေးပို့မှုဟာ ညာဘက်ခြမ်းကနေ ဘယ်အစွန်မှာ ရှိနေတဲ့ ပူလီဆစ် ဆီကို ခုတ်တင်ပေးလိုက်တဲ့ ပေးပို့မှုပဲ ဖြစ်ပါတယ်..။ ပူလစ်ဆစ် က ပဲလေ့စ် ဂိုးဧရိယာထဲကို ဖြတ်ဆွဲလာပြီး အသင့်နေရာယူထားတဲ့ ဘတ်ရှူအားယီ ဆီကို ထိုးပေးတယ်..၊ မစ်ချီ က တစ်ချက်ထိန်းပြီး ကန်သွင်းတယ်..၊ သူ့ရဲ့ကန်သွင်းချက် ကောင်းမွန်ပေမယ့် လူထိ၊ လမ်းကြောင်းပြောင်းပြီး ပူလီဆစ် ရဲ့ရှေ့ကို ကျလာပါတယ်..။ အဲဒီဘောလုံးကို အမေရိကန် တောင်ပံကစားသမားက အသင့်ပြေးဝင် ပိတ်သွင်းခဲ့တာပါ..။




အဲဒီဒုတိယဂိုးမှာ ပူလီဆစ် ကို ချီးကျူးရမှာ ဖြစ်ပေမယ့် ကိုယ့်ရဲ့ကျရာတာဝန် အစိတ်အပိုင်းကိုယ်စီမှာ အတိအကျ လုပ်ဆောင်သွားခဲ့တဲ့ အသင်းဖော်တွေကိုလည်း ချန်မထားဖို့လိုပါတယ်..။ ဘယ်သူမှ ရပ်ကြည့်နေတာ မရှိဘူးဗျ..။ လူတိုင်းဟာ တစ်ချိန်လုံး ပြေးလွှားလှုပ်ရှားပြီး နေရာလွတ် ပေါ်ထွက်လာနိုင်မယ့် နေရာတွေကို ရွှေ့လျားနေတာ သိပ်ကိုကြည့်လို့ကောင်းပါတယ်..။ လူငယ်တွေပီပီ စိတ်ဓါတ်ကောင်းမွန်တယ်..၊ အမြဲတမ်း အစွမ်းကုန် ကြိုးစားအားထုတ်တယ်..၊ အသင်းလိုက် စုစည်းမှုနဲ့ နားလည်မှုကောင်းတယ်..၊ မြန်ဆန်တယ်..၊ ဒီလိုအသင်းထဲကို ပူလီဆစ် ရောက်လာပါတယ်..။ ပူလီဆစ် ဟာ အခုဆိုရင် ပရီးမီယားလိဂ်ရဲ့ တကယ့်ထိပ်တန်း ကစားသမား တစ်ယောက်ရဲ့ပုံစံ မြင်တွေ့နေရပါပြီ..။

ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ.၊ ပဲလေ့စ်အသင်းအတွက်တော့ တကယ့်ကို ခက်ခဲခဲ့တဲ့ နေ့တစ်နေ့လို့ ပြောရမှာပဲဗျ..။ ရွိုင်း ဟော့ဒ်ဆန် ဟာ ဒီနေ့ပွဲရဲ့ ချဉ်းကပ်ပုံ မှန်ကန်ခဲ့သလို ပထမဂိုး မပေးလိုက်ရခင်အထိ သူတို့အသင်းရဲ့ ခံစစ်ကစားပုံ၊ စုစည်းမှု သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် ပွဲပြီးတဲ့အချိန်မှာ သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဘာမှပြန်မရသွားခဲ့ဘူးလို့ပဲ ပြောရမှာပဲဗျ..

အိုဝင် ဟားဂရိဗ် - သူတို့လည်း ဘောလုံးကို အတိုင်အတာတစ်ခုထိ ကောင်းကောင်းထိန်းထားနိုင်ခဲ့ပါတယ်..၊ ဒါပေမယ့် ချယ်လ်ဆီးကွင်းဘက်ကို ရောက်တဲ့အချိန်မှာတော့ ဂိုးသွင်းခွင့်ကောင်းကောင်းရအောင် မဖန်တီးနိုင်ခဲ့ဘူးဗျ..။ ဇာဟာ အပါအဝင် ရှေ့တန်းတိုက်စစ်မှူးတွေဟာ အစွမ်းကုန် ကြိုးစားကစားကြပါတယ်..၊ ဒါပေမယ့် ဘယ်လိုမှကို ထိုးဖောက်လို့ မရခဲ့ပါဘူး..။ သူတို့ကစားရှိန်မြှင့်လိုက်တဲ့အချိန်မှာ ချေပဂိုးရမယ့်အစား ချယ်လ်ဆီးဘက်က ဒုတိယဂိုး ရသွားခဲ့တော့ ဘာမှမတတ်နိုင်တဲ့ အခြေအနေ ဖြစ်သွားရတာပေါ့ဗျာ..။ ရွိုင်း ဟော့ဒ်ဆန် ဟာ အိုးလ် ထရက်ဖို့ဒ် မှာ အနိုင်ကစားခဲ့တဲ့ ပုံစံအတိုင်း ခံစစ်ထိုင်၊ တန်ပြန်တိုက်စစ်ကနေ ရတဲ့အခွင့်အရေးကို အသုံးချပြီး အနိုင်ရအောင် ကြိုးစားဖို့ ကြံစည်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ရဲ့အကြံ မအောင်မြင်ခဲ့ဘူးလို့ ပြောရမှာပါ..။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပါပဲ..။




ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ကဲ.. ဂျိုး ရေ.. ရီစီ ဂျိမ်းစ် ဟာ ဒီနေ့မှာ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ရခဲ့ပါတယ်..။ တကယ်တော့ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်မှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုဟာ အကြီးကြီးဗျ..။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံလူတစ်ယောက်ဖြစ်တဲ့ ဝီးလ်ဖရက်ဒ် ဇာဟာ နဲ့ တစ်ယောက်ချင်း ရင်ဆိုင်ထိန်းချုပ်ခဲ့ရတာပါ..။ သူ့ရဲ့ဒီနေ့ကစားပုံအပေါ် သုံးသပ်ပေးပါဦး…

ဂျိုး ကိုးလ် - ဒီနေ့မှ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်နောက်ခံအစွန်လူ တစ်ယောက်အတွက် ဇာဟာ လို ကစားသမားမျိုးနဲ့ တစ်ယောက်ချင်း ရင်ဆိုင်၊ ထိန်းချုပ်ရမယ်ဆိုတာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ..။ ဒါပေမယ့် သူဟာပွဲစကတည်းက အမှားအယွင်း မရှိခဲ့သလို တိုက်စစ်ပိုင်းမှာလည်း လိုက်ပါနိုင်ခဲ့တယ်..၊ ကောင်းမွန်တဲ့ ပေးပို့မှု၊ ဖြတ်တင်ဘောတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ပထမပိုင်း နာကျင်အချိန်ပိုမှာ သူ့ရဲ့ကောင်းမွန်သေသပ်တဲ့ အနိမ့်ဘော ဖြတ်တင်ပေးပို့မှုကနေ ဝီလီယံ အဖွင့်ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်..။ တစ်ဦးချင်း ဖြတ်ထုတ်မှုတွေလည်း သိပ်ကိုကောင်းမွန်တယ်ဗျ… ဟုတ်တယ်မလား.. အိုဝင် ရေ..

အိုဝင် ဟားဂရိဗ် - နောက်ခံအစွန်လူ တစ်ယောက်အနေနဲ့ ဒီနေ့ပွဲမှာ ရီစီ ကစားသွားတဲ့ ခြေစွမ်းထက်ပိုပြီး ကောင်းမွန်အောင် ကစားပြနိုင်ဖို့ မလွယ်နိုင်ပါဘူး..။ သူဟာလျှင်မြန်တယ်..၊ ကြံ့ခိုင်မှု ကောင်းမွန်တယ်..၊ ဆုံးဖြတ်ချက်တွေ မှန်ကန်ပါတယ်..။ ကျွန်တော်သတိထားမိသလောက် အခုနှစ်ဘောလုံးရာသီမှာ ဝီးလ်ဖရက်ဒ် ဇာဟာ ကို နောက်ခံအစွန်လူတွေ မထိန်းနိုင်ကြဘူးဗျ..။ ဒါပေမယ့် ဇာဟာ သူ့ကိုဘယ်လိုမှ ကျော်ဖြတ်မရဘူး ဖြစ်နေခဲ့ပါတယ်..။ ဒါကလည်း ကြံ့ခိုင်မှု၊ အမြန်နှုန်း၊ လုပ်အားနှုန်း.. အားလုံးကောင်းမွန်ခဲ့လို့ပါ..။ အခုအောက်က ပူးတွဲပုံ (့ပုံ - ၃) မှာဆိုရင်လည်း ဇာဟာ ထွက်မယ့်လမ်းကို ပိတ်ဆို့ထားခဲ့ပုံဟာ တကယ့်ကို အတိအကျပဲဗျ..။ ဒီနေ့ပွဲက သူ့ရဲ့ကစားပုံဟာ စင်းလုံးချောနီးပါးလို့ ပြောနိုင်ပါတယ်..။




ဂျိုး ကိုးလ် - ဇာဟာ ဟာ ပွဲချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်၊ ဒေါသတွေထွက်လာပြီး ဘောလုံးအပျက် ပိုများလာခဲ့တာကို ခင်ဗျားတို့ သတိပြုမိမှာပါ..။ အထူးသဖြင့် ဒီနေ့မှစပြီး ပွဲထွက်ခွင့်ရတဲ့ လူငယ်နောက်ခံလူလေးကို ဘယ်လိုမှ ကျော်ဖြတ်လို့မရဘူး ဆိုတာ သူ့အတွက် ခံပြင်းစရာလည်း ဖြစ်နေမှာပေါ့..။ ဒီနှစ်ဘောလုံးရာသီအစမှာကို ဇာဟာ ဟာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံယူရတဲ့ တောင်ပံကစားသမား တစ်ယောက်ဖြစ်နေခဲ့တာကိုးဗျ.။ ဒါပေမယ့် သူ့အနေနဲ့ ရီစီ လို လူသစ်တန်း ကစားသမားရဲ့ ထိန်းချုပ်မှုအောက်မှာ မလှုပ်နိုင်ဖြစ်ခဲ့ရတဲ့အပြင် နောက်ပိုင်းမှာ ဘောလုံးအထိန်းအသိမ်းတွေကအစ အလွဲလွဲအချော်ချာ် ဖြစ်လာခဲ့တာကို တွေ့ခဲ့ရပါတယ်..။ ဒီနေ့ပွဲက ခြေစွမ်းအတွက် ရီစီ ဂျိမ်းစ် ကို ချီးကျူးရမှာ ဖြစ်ပေမယ့် ဝီးလ်ဖရက်ဒ် ဇာဟာ အနေနဲ့ နောက်ထပ်တစ်ဆင့်.. ထိပ်တန်းအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြသလိုက်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်..။

#ဂျိတ်ခ်_ဟမ်းဖရေး - ဟုတ်ကဲ့ပါ..၊ အခုလိုကျွန်တော်နဲ့အတူ လိုက်ပါဆွေးနွေးပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်..။ ပြန်ပြီးဆုံတွေ့ကြတာပေါ့..

#FRANK