ဖရန့် လမ်းပတ် ရဲ့ အခုနှစ်ဘောလုံးရာသီ ပထမဆုံးပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ထိုးနှက်ခဲ့မှုကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို အားလုံးက စိုးရိမ်ခဲ့ကြပါတယ်။ သူ့ရဲ့အယူအဆဖြစ်တဲ့ ခံစစ်တည်ငြိမ်မှုကို စတေးခံပြီး တည်ဆောက်ထားတဲ့ တိုက်စစ်အလွန်အကျွံ တက်ကစားမှုကို စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုလို ပရီးမီးယားလိဂ်ရဲ့ ဒုတိယအမှတ်အများဆုံး ယူထားတဲ့အသင်းအဖြစ် ရောက်ရှိခဲ့ချိန်မှာတော့ လမ်းပတ်ရဲ့ နည်းဗျူဟာက အလုပ်ဖြစ်နေပြီလို့ ဆိုရလိမ့်မယ်။
လမ်းပတ်ရဲ့အသင်းက ဖျော်ဖြေမှုအသားပေးကစားဟန်ကို ကစားရင်းနဲ့ ရလဒ်ကောင်းတွေကို ရယူနေတယ်။ ပြိုင်ဘက်အသင်းတွေကတော့ သူတို့နဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် ခံစစ်အထိုင်ချ ပိတ်ဆို့ကစားဖို့ ပြင်ဆင်လာကြပါတယ်။ ဒီအခြေအနေက မန်စီးတီးနဲ့ လီဗာပူးလ်တို့လို ရင်ဆိုင်နေရကျဖြစ်တဲ့ ပဟေဠိဖြစ်နေတယ်။ ခံစစ်မှာ အလွန်ကျစ်လျစ်စွာ အသေအထိုင်ချထားတဲ့ ဘတ်စ်ကားအသင်းကို တန်ပြန်တိုက်စစ်အဆင်မခံရဘဲ ဘယ်လို ကစားသွားမလဲဆိုတဲ့ မေးခွန်းပါ။
ဒီအတွက် လမ်းပတ်မှာ အဖြေရှိနေပါတယ်။ အနီးစပ်ဆုံး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို ပြန်သွား ကြည့်ရအောင်ပါ။ အဲဒီပွဲမှာ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်က အလွန်ကျစ်လျစ်တဲ့ Low Block ခံစစ်ပုံစံနဲ့ ခင်းကျင်းပြင်ဆင်လာခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ရိုးရိုးလေးပါ။ ချယ်လ်ဆီး တိုက်စစ်ကစားသမားတွေကို လူဦးရေအရ အသာရအောင် ပြုလုပ်ပြီး ကစားရခက်ခဲအောင် ပိတ်ဆို့မယ်။ ဒီကနေမှ ပြန်ပေါ်လာတဲ့ နေရာလွတ်တွေကို အသုံးချပြီး တန်ပြန်တိုက်စစ်ဆင်မယ်။ ဒီပုံစံက အတော်လေးအလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ချယ်လ်ဆီးဘက်ကို အခွင့်အရေးအနည်းငယ်ပဲ ခွင့်ပြုခဲ့ရပါတယ်။ ပွဲအပြီးမှာ လမ်းပတ်က ဒီလိုပြောတယ်။
“ဖြိုခွဲရခက်ခဲလွန်းတဲ့ အသင်းမာတစ်သင်းနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒါက စမ်းသပ်မှုတစ်ခုပါပဲ။ ကိုယ့်ခြေထဲ ဘောလုံးထားပြီး သူတို့ကို ဘယ်လိုဖြိုခွင်းမလဲဆိုတာ၊ နောက်ပြီး အလှည့်အပြောင်းတွေမှာ တန်ပြန်တိုက်စစ်နဲ့ အထိုးနှက်မခံရဖို့၊ ဒီအရာ တွေအတွက် ကစားခဲ့ရတဲ့ ပွဲဖြစ်ခဲ့တယ်။ ပဲလေ့စ်က ဇာဟာ၊ တောင်ဆန်တို့နဲ့ အလုပ်ဖြစ်အောင် ကစားသွားခဲ့ပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့ လမ်းပတ်က ဒီဒုက္ခကို ကျော်လွှားပြခဲ့ပါတယ်။
လမ်းပတ်ရဲ့အသင်းက အမည်ခံအားဖြင့် (၄-၂-၃-၁) နဲ့ ကစားပါတယ်။ ဒါပေမဲ့ တိုက်စစ်စုဖွဲ့မှုမှာတော့ လူ(၄) ဦးနဲ့ စိန်ပွင့်ပုံစံ စုဖွဲ့ကစားပြီး တိုက်စစ်မြားဦးမှာ အေဘရာဟင်မ်က ဦးဆောင်ပါတယ်။ ပူလီဆစ်၊ မေဆန်မောင့်၊ အေဘရာဟင်မ်၊ ဝီလီယံတို့က ဒီအကွက်ကို အကောင်အထည်ဖော်ပါတယ်။ နောက် ချယ်လ်ဆီးက ဘယ်ခြမ်းတိုက်စစ်ကို ပိုအားပြုလေ့ရှိတယ်။ တစ်ရာသီလုံး ဘယ်ခြမ်းကို (၄၀) ရာခိုင်နှုန်းအထိ အသုံးပြုခဲ့သလို၊ ပဲလေ့စ်နဲ့ပွဲမှာလည်း ပူလီဆစ်ရဲ့ ဘယ်ခြမ်းကနေ (၃၉) ရာခိုင်နှုန်းအထိ ထိုးဖောက်ကစားခဲ့တယ်။ အထူးသဖြင့် ပူလီဆစ်ရဲ့ လျှပ်စစ်လို လှုပ်ရှားမှုတွေအပေါ် အခြေခံပြီး လှုပ်ရှားတာဖြစ်တယ်။ ပဲလေ့စ်နဲ့ပွဲက အကြမ်းဖျင်းနေရာယူမှုကို ပုံ(၁) မှာ ကြည့်နိုင်ပါတယ်။
ပထမဂိုးကို လေ့လာကြည့်ပါ။ ကိုဗာချစ်နဲ့ ကွန်တေတို့ဟာ တိုက်စစ်(၄) ဦးရဲ့နောက်မှာရှိတဲ့ ဘယ်ခြမ်းနေရာလွတ်မှာ နေရာယူထားပြီး ဘယ်နောက်ခံလူ အီမာဆန်က ဘယ်တောင်ပံအစွန်ဘက်ကို ထွက်နေပါတယ်။ ညာတောင်ပံက ရီစီဂျိမ်းစ်ကလည်း အသင်းရဲ့တည်ဆောက်ဟန်မပျက် ဟန်ချက်ညီ ညာခြမ်းမှာ နေရာယူထားတယ်။ ဒီအနေအထားကြောင့် ချယ်လ်ဆီးကစားသမား (၈) ဦးအထိ ပဲလေ့စ်ပယ်နယ်တီဧရိယာအနားရှိနေတယ်။ ပဲလေ့စ်အသင်းအနေနဲ့ ခံစစ်အသားပြုထားတယ်ဆိုဦး၊ ဒီလို Overload နေရာယူမှုကို ရင်ဆိုင်ဖို့အတွက် တိုက်စစ်က ကစားသမားတွေပါ ခံစစ်ကို ဆင်းကူဖို့ လိုလာတယ်။ အဲဒါက သူတို့ရဲ့ တန်ပြန်တိုက်စစ် အစီအစဉ်တွေကို ကန့်သတ်နိုင်ပါတယ်။ ပုံ(၂) ကို ကြည့်ပါ။
ဘောလုံးကို ရေလိုချောမွတ်စွာ စီးဆင်းကစားနိုင်တာကြောင့် ချယ်လ်ဆီးဟာ စိန်ပွင့်ပုံ တိုက်စစ်ပုံစံကို မပြတ်ထိန်းသိမ်းထားနိုင်ပြီး အဲဒီနေရာယူမှုကြောင့်ပဲ ပဲလေ့စ်ခံစစ်ကစားသမား (၄) ဦးစလုံးကို သူတို့ရဲ့ Low Block ထဲမှာ ပြန်လည် ပိတ်မိနေစေခဲ့၊ အလုပ်များနေစေခဲ့တယ်။ အပေါ်က ပုံ(၂) မှာ ပြထားတဲ့ အဝါရောင်လိုင်းက ဝီလီယံ ကိုဗာချစ်ရဲ့ ပေးပို့မှုကို လက်ခံဖို့နေရာယူလိုက်တာကို ပြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိန်ပွင့်ပုံ တိုက်စစ်စုဖွဲ့မှုကို ထိန်းထားနိုင်သလို၊ ပဲလေ့စ်ခံစစ် လူတစ်ဦးကိုလည်း အပြင်ဆွဲခေါ်ထုတ်နိုင်ခဲ့တယ်။ ဒီအနေအထားကြောင့် ပေါ်သွားတဲ့ နေရာလွတ်ပေါ်မှာ ဝီလီယံက နောက်ပေါက်ကလေးနဲ့ အေဘရာဟင်မ်အတွက် အခွင့်အရေး ဖန်တီးနိုင်ခဲ့တာ ဖြစ်တယ်။ အေဘရာဟင်မ်က ဒီအခွင့်အရေးကို အပိုင်နိုင်ဆုံး အသုံးချပြီး ဦးဆောင်ဂိုး ရယူပေးခဲ့တယ် (ပုံ- ၃)။
ဦးဆောင်ဂိုးပေးလိုက်ရတော့ ပဲလေ့စ်က တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားလာတယ်။ ဒါပေမဲ့ လမ်းပတ်က တိုက်စစ်ကစားသမားတွေကို တက်တိုက်ဖို့ ညွှန်ကြားထားဆဲပဲ။ ရီစီဂျိမ်းစ်ကတော့ ဇာဟာကို ထိန်းရတာနဲ့ အတော်အလုပ်ရှုပ်နေတယ်။ ဝီလီယံကတော့ ဦးဆောင်သူပီပီ ညာခြမ်းကို အစွန်ဆုံးချဲ့ပြီး အသင်းကစားကွက်ရဲ့ Width ကို ဖြန့် ကြက်ထားတယ်။ အသင်းရဲ့ တိုက်စစ်မှာ ပူလီဆစ်၊ မေဆန်မောင့်၊ အေဘရာဟင်မ်တို့က တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ နေရာမျှယူတယ်။ ဒီအတွက် ပဲလေ့စ်နောက်ခံလူတွေက သူတို့(၃)ဦးကိုယှဉ်ဖို့ သူတို့ ရှိနေတဲ့အခြမ်းကို ခံစစ်လူတွေ ဝန်းရံရတယ်။ ဒါကြောင့် ဝီလီယံရှိနေတဲ့အခြမ်းမှာ နေရာကျယ်ကျယ် ထွက်လာတယ်။ ဒီလိုပုံစံနဲ့ ချယ်လ်ဆီးဟာ Low Block နဲ့ ခံကစားနေတဲ့ အသင်းအပေါ်တိုက်စစ်ဆင်ရာမှာ လူအရေအတွက် အသာရနေအောင် ဖန်တီးနိုင်ခဲ့တယ်။
ဘယ်ခြမ်းမှာ လူငယ်(၃) ဦးက စုပြုံတိုးဝင်ပြီး ပဲလေ့စ်ခံစစ်(၂) ဦးကို 3 vs 2 အနေအထားရအောင် ပြုလုပ်ကြတယ်။ ဒီလိုနည်းမျိုးနဲ့ တောင်ပံအစွန်နေရာ (Wide Area) တွေမှာ ကစားသမားတွေကို လှုပ်ရှားစေတဲ့အတွက် ပဲလေ့စ်ရဲ့ ခံစစ်က အလယ်လမ်းကြောင်းတွေကို ပိတ်ဆို့ရာမှာ အားနည်းသွားစေတယ်။ ချယ်လ်ဆီးဟာ ပွဲချိန်တစ်လျှောက်လုံး တောင်ပံတွေမှာ လူအင်အား အသားစီးရယူ (Overload) လုပ်ပြီး ကစားခဲ့တယ်။
ဒုတိယဂိုးမှာ ကိုဗာချစ်က ညာခြမ်းတစ် လျှောက် ဘောလုံးဆွဲတက်လာတယ်။ အဲဒီအချိန်မှာ တိုက်စစ် (၄)ဦးက ပဲလေ့စ်ကွင်ရဲ့ ဘယ်ခြမ်းမှာ စိန်ပွင့်ပုံ (Diamond) နေရာယူထားတာကို အောက်ကပုံ (ပူးတွဲ ပုံ- ၄) မှာ တွေ့နိုင်မှာပါ။
အဲဒီဘောလုံးကို ကိုဗာချစ်က ဘယ်ခြမ်းကို အရောက်ပို့နိုင်ခဲ့တယ်။ ပူလီဆစ် ဘယ်ခြမ်းမှာ ဘောလုံးရသွားပြီး ချယ်လ်ဆီးက Overload အနေအထားကို ဆက်ထိန်းနိုင်ဆဲပဲ။ တိုက်စစ် (၃) ဦးက ပဲလေ့စ်ခံစစ်လူ (၂) ဦးကို အသာစီးယူထားပြီး ပဲလေ့စ်ခံစစ်အတွင်းမှာ ယိုပေါက်တွေကို ဖြစ်ပေါ်နေစေတယ်။ ဒီလိုနဲ့ ပူလီဆစ် အတွင်းထဲ ဘောလုံး ပို့နိုင်ခဲ့ပြီး ဘတ်ရှူဝါရီ ဘောလုံးကို ထိန်းလိုက်တဲ့ အချိန်မှာ ပဲလေ့စ်ခံစစ်ဟာ နှစ်ခြမ်းပွင့်သွားခဲ့တာကို အောက်ကပုံ (၅) မှာ တွေ့နိုင်မှာပါ။
ဒီအနေအထားမှာ ဘတ်ရှူဝါရီကို ဂိုးပေါက် ထဲ ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး လူထိထွက်လာရာက နေ ပူလီဆစ်က ထပ်ဆင့်အဆုံးသတ်ပေးခဲ့တာ ဖြစ်တယ်။ ပုံ (၆) ကို ကြည့်ရင် ဒီအနေအထားမှာတောင် ဝီလီယံက ညာဘက် Space မှာ အလွတ်ကြီးဖြစ်နေပြီး ပဲလေ့စ်ရဲ့ဘယ်ခံစစ်သမားကို အပြင်ဘက်ဆွဲထုတ်ထားတာ တွေ့ရမယ်။
ဒါပွဲက ချယ်လ်ဆီး Low Block အသင်းတွေကို ဘယ်လိုရင်ဆိုင်သလဲဆိုတာရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ တန်ပြန်တိုက်စစ်အဆင်မခံရတာ ပွဲချိန်အတော်များများ ရောက်လာတဲ့အထိ ဖြစ်ပြီး ပဲလေ့စ်ဟာ ပထမဆုံးကန်သွင်းခွင့်ရဖို့ အကြာကြီးစောင့်ခဲ့ရတယ်။ ဒါပေမဲ့ ဒီပုံစံကို ခုလာမယ့် မန်စီးတီးနဲ့ပွဲမျိုးမှာ သွားသုံးရင်တော့ လမ်းပတ် ခံစားသွားရနိုင်ပါတယ်။ မန်ယူအသင်းလိုမျိုး မန်စီးတီးဟာလည်း Transitions တွေကနေ ချယ်လ်ဆီးကို ထိုးနှက်နိုင်လို့ပါပဲ။ ဒါကြောင့်ပဲ မော်ရင်ဟိုက လမ်းပတ်ရဲ့အသင်းဟာ ကောင်းတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သံသယဖြစ်ဖွယ်တွေ ရှိသေးတယ်လို့ ဆိုခဲ့တာဖြစ်တယ်။
ဖရန့် လမ်းပတ် ရဲ့ နည်းဗျူဟာမှာ အကျိုးကျေးဇူးများသလို အန္တရာယ်များတဲ့ ကစားပုံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီကစားပုံကို တားဆီးနိုင်မယ့်အသင်း အနည်းငယ်ပဲ ရှိတယ်ဆိုတာလည်း သေချာပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဟာ ရာသီအစက မျှော်မှန်းခဲ့တာထက် မြင့်တဲ့ နေရာတစ်ခုမှာ သေချာပေါက် ရပ်တည်နိုင်မယ်လို့လည်း မြင်မိပါတယ်။
#MagicBox_Zo25
(ဆောင်းပါးရှင် JJ Bull ရဲ့ “How Chelsea beat the low block: Frank Lampard has devised clever way to beat defensive teams without being hit on the counter” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)