ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော မက္ကဆီကို အသင်းနှင့်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်အသင်းအတွက် ရောက်ရှိနေသော ခရစ်စ်တီယန် ပူလီဆစ် က နောက်လာမည့်နှစ်၊ ဂျပန်နိုင်ငံတွင် ကျင်းပ၊ ပြုလုပ်မည့် အိုလံပစ် ပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ်တွင် ပါဝင်နိုင်ဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်..။
“လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကျွန်တော်ပါဝင်လိမ့်မှာ မဟုတ်ဘူးလို့ ဘယ်တုန်းကမှ ငြင်းမှာမဟုတ်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့နိုင်ငံလက်ရွေးစင် အသင်းကို ကိုယ်စားပြုပြီး အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရတယ်ဆိုတာ သိပ်ကိုဂုဏ်ယူဖို့ ကောင်းတဲ့အရာတစ်ခုပါ..။”
အိုလံပစ်ပြိုင်ပွဲတွင် အသက် (၂၃) နှစ်အောက် ကစားသမားများနှင့် အသက် (၂၃) နှစ်ကျော် ကစားသမားသုံးဦး ပါဝင်ရန် ကန့်သတ်ထားသည်..။ မိခင်အသင်းများအနေဖြင့် အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲများအတွက် ကစားသမားများကို စေလွှတ်ပေးရန် ငြင်းဆန်ခွင့်ရှိသော်လည်း အိုလံပစ်ပြိုင်ပွဲကြီး ကျင်းပသည့် ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၈) ရက်ကာလမှာ ပူလီဆစ် အတွက် ချယ်လ်ဆီးအသင်းနှင့် ရာသီကြို ပွဲစဉ်များနှင့် တိုက်ဆိုင်နေဖွယ် ရှိနေသည်..။
ခရစ်စ်တီယန် ပူလီဆစ် မှာ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းအား ၄ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရခဲ့သည်..။
“ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စတင်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ ခံစားချက်ဟာ အရမ်းကို ခမ်းနားလှပါတယ်..။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဆိုတာ ကျွန်တော်ကိုယ်တိုင် မျှော်လင့်နေရတဲ့ အိပ်မက်တစ်ခု ဖြစ်တာကြောင့် သိပ်ကိုကျေနပ်ဖို့ ကောင်းခဲ့ပါတယ်..။ ဖရန့် ဟာ တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက် ဖြစ်သလို ကျွန်တော့်ကိုလည်း အရမ်းအကူအညီ ပေးခဲ့ပါတယ်..။ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ နေရာနဲ့ ပတ်ဝန်းကျင် အနေအထားကို ကောင်းကောင်းနားလည်ထားသလို ကျွန်တော့်အတွက် အမှန်တကယ် လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် အသင်းမှာ ကျွန်တော်တို့လို လူငယ်ကစာသမားတွေ အများကြီး ရှိနေတာ ဖြစ်တဲ့အတွက် သူ့ရဲ့သင်ကြားပြသမှုတွေဟာ အထောက်အကူ အရမ်းဖြစ်ခဲ့ပါတယ်..။”
သတင်းထောက်တစ်ဦးမှ မက္ကဆီကို တောင်ပံကစားသမား ဟာဗင်း လိုရန်ဇို နှင့် နှိုင်းယှဉ်မေးမြန်းချိန်မှာတော့ ပူလီဆစ် က ရယ်ရယ်မောမောနှင့် ယခုလို ဖြေကြားခဲ့သည်..။
“ကျွန်တော်ကတော့ ခင်ဗျားတို့လို အီဘရာဟီမိုဗစ်ချ် လို အဖြေမျိုး ပေးမှာ မဟုတ်ပါဘူး… ဟားဟား.”
မေဂျာလိဂ် ပြိုင်ပွဲဝင် LA ဂလက်ဆီ အသင်းသို့ ရောက်ရှိနေသည့် ဆွီဒင် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ် မှာ တိုက်စစ်မှူးအချင်းချင်း နှိုင်းယှဉ်မေးမြန်းခံရသည့် အဆိုပါမေးခွန်းမျိုးကို “ခြင်္သေ့တွေဆိုတာ ဘယ်တော့မှ လူတွေနဲ့ သူတို့ကိုယ်သူတို့ နှိုင်းယှဉ်လေ့ မရှိဘူး” ဟု ဖြေကြားခဲ့သည်..။
ခရစ်စ်တီယန် ပူလီဆစ် မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု (D) တွင် အမေရိကန် လက်ရွေးစင် အသင်းဖော်များဖြစ်သော အေဂျက်စ်အသင်းမှ အသက် (၁၈) နှစ်အရွယ် နောက်ခံလူ ဆာဂျီယို ဒက်စ် နှင့် လိုင်လီ အသင်းမှ ဝီယာ တို့ကို ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ရပါမည်..။ ဒက်စ် က ပူလီဆစ် ကို စတင်မိတ်ဆက်ပြီး ချယ်လ်ဆီး တောင်ပံကစားသမားနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အပေါ် “ခင်ဗျား ဘယ်ဝင်းမှာ ကစားမှာလား…? ညာဝင်းမှာ ကစားမှာလား..? လို့ သူ့ကို့မေးခဲ့ပါတယ်..။” ဟူ၍ အရွှန်းဖောက် ပြောဆိုခဲ့သည်..။
ပူလီဆစ် မှာ ချယ်လ်ဆီးအသင်းတွင် တောင်ပံအစွန်လူအဖြစ် အဓိကတာဝန်ယူ ကစားရသော်လည်း လိုအပ်လျှင် ခံစစ်ဇုန်အထိ လိုက်ပါကစားရသည့်အပေါ် အခက်အခဲ ကြုံတွေ့နေရကြောင်း ယခုလို ပြောပြခဲ့သည်..။
“အသင်းရဲ့ ခံစစ်ပိုင်းမှာ အခုထက်ပိုပြီး ကူညီပေးနိုင်ဖို့ သင်ယူနေရဆဲပါပဲ..။ ဒါဟာကျွန်တော့်အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခုလို့ ပြောရမှာပါ..။”