feature-image

ခရစ်စ်တီယန် ပူလီဆစ် နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ဖရန့် လမ်းပတ်

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် အနေဖြင့် ခရစ်စ်တီယန် ပူလီဆစ် မှာ အသင်းတွင် ပုံမှန်နေရာရရှိလိုပါက သူ၏နေရာနှင့် ထိုက်တန်ကြောင်း ပြသရန် လိုအပ်လိမ့်မည်ဟု ပြောကြားခဲ့သည်..။

အမေရိကန် ကွင်းလယ်ကစားသမား ခရစ်စ်တီယန် ပူလီဆစ် မှာ ချယ်လ်ဆီးအသင်းကို ယခုနှစ် နွေရာသီတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၇.၆) သန်းဖြင့် ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘိုရုရှား ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည်..။ သို့သော် ပူလီဆစ် မှာ ဖရန့် လမ်းပတ် ၏ အသင်းတွင် ပုံမှန်နေရာ ပျောက်ဆုံးနေပြီး ပရိသတ်များက သူ့အားဆောက်ပ်သမ်တန်အသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ပါဝင်လာနိုင်ရန် မျှော်လင့်နေကြသည်..။ Sky Sports သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ဖရန့် လမ်းပတ် က ခရစ်စ်တီယန် ပူလီဆစ် နှင့် ပတ်သက်ပြီး ယခုလို ပြောကြားခဲ့သည်..။

“ကျွန်တော်တို့အသင်းမှာ ရှိရမယ့်အဆင့်အတန်းနဲ့ ပတ်သက်ပြီး ပူလီဆစ် ကို ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောပြပြီးပါပြီ.။ သူဟာခြားနားတဲ့နိုင်ငံ၊ ခြားနားတဲ့ လိဂ်ပြိုင်ပွဲတစ်ခုကို ရောက်ရှိလာခဲ့တဲ့သူပါ..။ အသက် (၂၁) နှစ်ပဲ ရှိသေးတာကြောင့် သူနဲ့ပတ်သက်ပြီး အားလုံးက အရမ်းမျှော်လင့်နေကြပါတယ်..။ ဒါပေမယ့် အဲဒီလိုအရမ်းမျှော်လင့်နေကြတယ်ဆိုရင် စိတ်ရှည်ရှည်ထားကြဖို့ ကျွန်တော်ပြောချင်ပါတယ်..။ အခုအချိန်မှာ သူဘာလုပ်ရမလဲဆိုရင် အသင်းမှာ သူ့ရဲ့နေရာတစ်နေရာ ထိုက်တန်ကြောင်း ပြသနိုင်ဖို့ အစွမ်းကုန် ကြိုးစားဖို့ပါပဲ..။ ဒါဟာသူအပါအဝင် လူတိုင်းအတွက် အရင်ဆုံး အာရုံစိုက်ရမယ့်အရာလည်း ဖြစ်ပါတယ်..။”




ထို့အပြင် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့အတွက် ပူလီဆစ် မှာ ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာပြီး စတုတ္ထဦးစားပေး ကစားသမားအဖြစ် ရောက်ရှိသွားခဲ့ရသည်..။ ကာလန် အိုဒွိုင်း နှင့် ပတ်သက်ပြီး ဖရန့် လမ်းပတ် က ‘ယခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးသည်’ ဟု ပြောကြားခဲ့သော်လည်း အင်္ဂလန် လူငယ်တောင်ပံ ကစားသမားမှာ စတင်ပါဝင်ခွင့် ရခဲ့သည့် ဂရင်စ်ဘီ တောင်း အသင်းနှင့်ပွဲမှာပင် သွင်းဂိုးရရှိခဲ့ပြီး ဘရိုက်တန်၊ လိုင်လီအသင်းများနှင့် ပွဲစဉ်များတွင်လည်း တောင်ပံကစားသမား ဝီလီယံ အတွက် ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်..။ ထို့ကြောင့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ၏ လက်ရှိခြေစွမ်းအပေါ် ဖရန့် လမ်းပတ် က ယခုလို ပြောကြားခဲ့သည်..။

“သူ့ရဲ့လက်ရှိခြေစွမ်းအပေါ် ကျွန်တော်ကျေနပ်မိသလို အဲဒီခြေစွမ်းကို ဆက်လက်သယ်ဆောင် သွားနိုင်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့အားလုံးဟာ ပူလီဆစ် ကိုပဲ အာရုံစိုက်နေကြပေမယ့် ကာလန် ဟာလည်း အဲဒီအတိုင်းပါပဲ..။ မန်နေဂျာ တစ်ယောက်အနေနဲ့ ကစားသမားတိုင်းဆီက အကောင်းဆုံးခြေစွမ်း၊ အကောင်းဆုံး ပေးဆပ်မှုကို လိုချင်တာ မထူးဆန်းပါဘူး..၊ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့အပေါ် ရိုးသားဖို့ လိုအပ်သလို ကစားသမားတွေဘက်ကလည်း မန်နေဂျာရဲ့ တောင်းဆိုမှုကို တုံ့ပြန်ပေးဖို့ လိုအပ်ပါတယ်..။

ကာလန် ဟာ ပြန်ကစားနိုင်ခဲ့ရပြီးနောက်ပိုင်း သူဝင်ကစားခွင့်ရခဲ့တဲ့အချိန်တွေမှာ ဂိုးဖန်တီးမှု (assists) နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါပြီ..။ ကျွန်တော်တို့ဟာ အဲဒီလို ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ပံ့ပိုးမှုမျိုးကို အလိုရှိသလို ဆက်လက်ပြီးတော့လည်း ကစားသမားတွေကို တောင်းဆိုမှုတွေ ပြုလုပ်နေဦးမှာပါပဲ..။”




ရူဘင် လော့ဖ်တပ်စ် ချိခ် မှာ မကြာခင်လပိုင်းအတွင်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီး အသင်းနှင့်အတူ ပါဝင်နိုင်တော့မည်ဟု မျှော်လင့်ရသည်..။ ထို့ကြောင့်နည်းပြ ဖရန့် လမ်းပတ် အတွက် ကွင်းလယ်တိုက်စစ်ပိုင်းတွင် ရွေးချယ်စရာ ကစားသမား ပိုမိုများပြားလာတော့မည်ဖြစ်သည်..။ အင်္ဂလန် လက်ရွေးစင် အသင်းတွင် ပုံမှန်နေရာရရှိနေသော ရော့စ် ဘာကလေ မှာ လိုင်လီအသင်းနှင့်ပွဲတွင် ချန်လှပ်ခံခဲ့ရသလို နည်းပြဖရန့် လမ်းပတ် က လာမည့်အနာဂတ် ကာလတွင်လည်း သူ့အတွက် ခက်ခဲသည့် ဆုံးဖြတ်ချက်များ ဆက်လက်ပြုလုပ်နေရဦးမည် ဖြစ်သည့်အကြောင်း ယခုလို ပြောပြခဲ့ပါသည်..။

“ကျွန်တော့်အတွက် ခက်ခဲတဲ့ ပြသနာတစ်ခုပါပဲ..။ ကျွန်တော့်ဆီမှာ ကစားသမားကောင်းတွေ ရှိနေသလို ကစားသမားတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိကြပါတယ်..။

ပူလီဆစ် မှာ ပြောင်းရွှေ့ကြေးဆိုတဲ့ ဖိအားရှိနေတယ်..၊ ဘာကလေ ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဖြစ်တယ်..၊ မေဆန် မောင့် လည်း အလားတူပါပဲ..။ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း က အခုမှ စာချုပ်သက်တမ်းသစ် ချုပ်ဆိုထားတာ..၊ ဘေယန် မြူးနစ်လို အသင်းမျိုးက သူ့ကိုအသည်းအသန် ခေါ်ယူချင်ခဲ့သလို အင်္ဂလန်လက်ရွေးစင် ကစားသမားလည်း ဖြစ်ပါတယ်..။ ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာ မကြာခင်မှာ ပြန်ပြီးကောင်းမွန်လာပါတော့မယ်..။ သူဟာလည်း နိုင်ငံလက်ရွေးစင် ကစားသမားတစ်ယောက်ပါပဲ..။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့အကုန်လုံးကို တစ်ပြိုင်နက်ထဲ တည့်ကန်လို့ မရနိုင်ပါဘူး..။”